Thursday, October 8, 2026

မလေးရှားနိုင်ငံ၌ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်က ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး

 

နေပြည်တော် အောက်တိုဘာ ၈

မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင် ၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံ၌ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ယနေ့နံနက်ပိုင်းတွင် မလေးရှားနိုင်ငံဝန်ကြီးချုပ်က ကွာလာလမ်ပူမြို့ရှိ မလေးရှားဝန်ကြီးချုပ်ရုံး၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုပြီး တွေ့ဆုံဆွေးနွေးသည်။











ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မလေးရှားဝန်ကြီးချုပ်ရုံးသို့ရောက်ရှိလာရာ မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်က လှိုက်လှဲနွေးထွေးစွာကြိုဆိုနှုတ်ဆက်သည်။

ဆက်လက်၍ နှစ်နိုင်ငံအကြီးအကဲနှစ်ဦးသည် ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုမည့် အလေးပြုခံစင်မြင့်၌ နေရာယူ၍ ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများဖြင့် တီးမှုတ်ဂုဏ်ပြုအလေးပြုခြင်းကို ခံယူကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ဂုဏ်ပြုတပ်ဖွဲ့အားစစ်ဆေးသည်။ ယင်းနောက် နှစ်နိုင်ငံအကြီးအကဲနှစ်ဦးကို ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများဖြင့် တီးမှုတ်ဂုဏ်ပြုအလေးပြုကြသည်။

ဆက်လက်၍ နှစ်နိုင်ငံအကြီးအကဲနှစ်ဦးသည် တက်ရောက်လာကြသည့် နှစ်နိုင်ငံမှ ကိုယ်စားလှယ်အရာရှိကြီးများအား အပြန်အလှန်မိတ်ဆက်ပေးကြသည်။

ထို့နောက် နှစ်နိုင်ငံအကြီးအကဲနှစ်ဦးသည် ဝန်ကြီးချုပ်ရုံးအဆောက်အဦ၌ မလေးရှားနိုင်ငံ၏ အထင်ကရဖြစ်သည့် ပူထရာဗလီကျောင်းတော်အား နောက်ခံထား၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် မလေးရှားဝန်ကြီးချုပ်ရုံး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် မလေးရှားနိုင်ငံဝန်ကြီးချုပ်တို့သည် သီးသန့်တွေ့ဆုံ၍ ကမ္ဘာ့နိုင်ငံရေးအခြေအနေများနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု၊ နှစ်နိုင်ငံကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု၊ အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာများ၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးနှင့် နယ်စပ်ဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် မလေးရှားနိုင်ငံဝန်ကြီးချုပ်တို့သည် ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment