နေပြည်တော် အောက်တိုဘာ ၂၇
ကယားပြည်နယ်ရှိ ပြည်သူများအနေဖြင့် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက် သီတင်းကျွတ်လပြည့် အဘိဓမ္မာနေ့၌ ဘုရား၊ စေတီ၊ ပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် အပန်းဖြေနေရာများ၌ ကောင်းမှုကုသိုလ်ပြုလုပ်ခြင်း၊ အပန်းဖြေလည်ပတ်ခြင်းများ ပြုလုပ်လျက်ရှိစဉ် KNPP ၊ KNDF နှင့် PDF အမည်ခံအကြမ်းဖက်ပူးပေါင်းအဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အေးချမ်းစွာကုသိုလ်ယူနေသည့် အပြစ်မဲ့ဒေသခံတိုင်းရင်းသား ပြည်သူ ၅ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရှိရသည်။
ဖြစ်စဉ်မှာ ဗုဒ္ဓဘာသာဝင်များ၏ ၁၂ လ ရာသီပွဲတော်များထဲမှ အထူးခြားဆုံးဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့ဖြစ်သော အောက်တိုဘာလ ၂၆ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လယ်ထွဲကျေးရွာမှ ဒေသခံတိုင်းရင်းသားပြည်သူများသည် ကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်း၌ ကုသိုလ်ကောင်းမှုများ ပြုလုပ်လျက်ရှိစဉ် KNPP ၊ KNDF နှင့် PDF အမည်ခံအကြမ်းဖက်ပူးပေါင်းအဖွဲ့များက လွိုင်ကော်မြို့၊ လယ်ထွဲကျေးရွာ၏ အရှေ့ဘက်မီတာ ၅၅၀၀ ခန့်အကွာမှနေ၍ ရှော့တိုက်ဒုံးများဖြင့် ကျေးရွာအတွင်းသို့ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဘုန်းတော်ကြီးကျောင်းဝန်းအနီးနှင့် လူနေအိမ်များအပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အေးချမ်းစွာကုသိုလ်ပြုနေသည့် အပြစ်မဲ့ဒေသခံတိုင်းရင်းသားပြည်သူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦးတို့၌ ဗုံးသီးစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။
အထက်ပါဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လွိုင်ကော်မြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း၊ အဆိုပါဖြစ်စဉ်နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခုကဲ့သို့နေ့ထူးနေ့မြတ်များ၌ ဖျက်ဆီးလိုသော ရည်ရွယ်ချက်အပြင် စစ်ရေးနှင့် မသက်ဆိုင်သည့် လူစည်ကားရာနေရာသို့ အများပြည်သူများအား အစုလိုက်အပြုံလိုက် သေကျေဒဏ်ရာရရှိစေခြင်းအလို့ငှာ ရည်ရွယ်ချက်ရှိရှိဖြင့် လာရောက်ပစ်ခတ်ခဲ့သည့် အကြမ်းဖက်သမားများ၏ ယုတ်မာရိုင်းစိုင်းပြီး လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်များအား ဒေသခံတိုင်းရင်းသားပြည်သူများက ရွံ့ရှာမုန်းတီးလျက်ရှိကြောင်း သတင်းရရှိသည်။





No comments:
Post a Comment