နေပြည်တော် အောက်တိုဘာ ၂၉
(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁(MICC-1)၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့်ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့်ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့်ဆပ်ကော်မတီတို့မှ ကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးများ၊ အကဲဖြတ်ပညာရှင်ကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြများ၊ အထောက်အကူပြုများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယနေ့အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေးရည်မှန်းချက်ကို ဖော်ဆောင်ပေးခဲ့သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီဖြစ်သဖြင့် ပါဝင်ကြိုးပမ်းခဲ့ကြသည့် အနုပညာရှင်ကြီးများနှင့် အကဲဖြတ်အဖွဲ့ဝင်များအားလုံးလည်း နိုင်ငံတော်အစိုးရနှင့်အတူ ဝမ်းမြောက်ဂုဏ်ယူနေကြမည်ဟု ယုံကြည်ကြောင်း။
ယခုကျင်းပပြီးစီးခဲ့သည့် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင်လည်း နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု၊ ဝါရင့်သမ္ဘာရင့် အနုပညာရှင်ကြီးများ၏ ကြီးကြပ်ဆောင်ရွက်ပေးမှု၊ ပြိုင်ပွဲဝင်မျိုးဆက်သစ် အနုပညာရှင်လူငယ်များ၏ တက်တက်ကြွကြွ ကြိုးပမ်းအားထုတ်ပါဝင်ယှဉ်ပြိုင်မှုများကြောင့် မျှော်မှန်းထားသည်ထက် ပိုမိုအောင်မြင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ဆုရရှိမှုကို ကြည့်မည်ဆိုပါကလည်း ရွှေတံဆိပ်ဆု(၁၉၅)ခု၊ ငွေတံဆိပ်ဆု (၁၆၇)ခု၊ ကြေးတံဆိပ်ဆု(၁၆၅)ခု၊ နှစ်သိမ့်ဆု(၂)ခုနှင့် အထူးဆု(၂)ခု စုစုပေါင်း (၅၃၁)ဆုအထိ တိုးမြှင့်ချီးမြှင့်နိုင်ခဲ့သောကြောင့် အားရကျေနပ်ဖွယ်ရာဖြစ်ကြောင်းကိုတွေ့ရှိရကြောင်း။
နိုင်ငံတော်အနေဖြင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများကို တစ်နှစ်ထက်တစ်နှစ် အသွင်သဏ္ဌာန်ရောအနှစ်သာရပါပိုမိုပြီး အမျိုးသားရေးအဓိပ္ပာယ်ပြည့်ပြည့်ဝဝဖြင့် နှစ်စဉ်ကျင်းပ ပေးလျက်ရှိကြောင်း၊ ပြိုင်ပွဲကြီး၏ရည်ရွယ်ချက်များ အကောင်အထည်ဖော်နိုင်စေရေးအတွက် ပညာရှင်ကြီးများအားလုံးက ပညာရပ်ဆိုင်ရာများကို ကူညီပံ့ပိုးဆောင်ရွက်ပေးကြသည့်အတွက် နိုင်ငံတော်အနေဖြင့် ကျေးဇူးတင်ဂုဏ်ပြုသည်ကို အလေးအနက်ပြောကြားလိုကြောင်း။
ယနေ့အချိန်အခါတွင် မိမိတို့နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးကို နိုင်ငံတကာအလယ်တွင် တင့်တယ်စွာရပ်တည်နိုင်ရေးအတွက် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးပေါ်ထွန်းလာရေးတည်ဆောက်လျက်ရှိကြောင်း၊ ထို့ကြောင့်လည်း လိုအပ်သည့် မိမိတို့၏ ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုအစဉ်အလာများ၊ လူမှုရေးကျင့်ဝတ်နှင့်တန်ဖိုးများ၊ အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ရေးတို့ကိုလည်း စနစ်တကျကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နှစ်စဉ်ကျင်းပပေးလျက်ရှိသည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများလည်း ပါဝင်ကြောင်း။
၂၁ ရာစုခေတ်တွင် ဆက်သွယ်ရေးနှင့်နည်းပညာပေါင်းစပ်နိုင်မှုကြောင့် အင်တာနက်ကို ကောင်းစွာအသုံးပြုလာနိုင်သကဲ့သို့ နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လွှမ်းမိုးမှုများသည် နယ်စည်းမခြားတိုးပွားလာနေကြောင်း၊ ယင်းအခြေအနေတွင် မျိုးဆက်သစ်လူငယ်များ၏ ရိုးရာယဉ်ကျေးမှုအပေါ်မြတ်နိုးမှုနှင့် အမျိုးသားရေးစိတ်ဓာတ်များ ခိုင်မာရှင်သန်နေစေရေး အနုပညာရှင်များနှင့်တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
လူငယ်အချို့ ခေတ်ရေစီးကြောင်းနောက်ကိုလိုက်ပါရင်း ရိုးရာယဉ်ကျေးမှုတန်ဖိုးများကို လျစ်လျူရှုလာနိုင်သည့်အတွက် ယင်းအခြေအနေကို ပေါ့ပေါ့ဆဆမထားကြရန်လိုအပ်ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၏ အောင်မြင်မှုကိုအခြေခံပြီး ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ပိုမိုရှင်သန်ထွန်းကားလာစေရေး အနုပညာရှင်ကြီးများအနေဖြင့် မိမိတို့၏အနုပညာစွမ်းအားဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း။
အနုပညာရှင်ကြီးများ၏ ကြိုးပမ်းအားထုတ်မှုများကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများ၏ အကျိုးရလဒ်ကောင်းများဖြစ်ထွန်းနေမှုသည် အနာဂတ်နိုင်ငံတော်အတွက် ထူးခြားကောင်းမွန်သည့် အစဉ်အလာများပင်ဖြစ်ကြောင်း၊ ပြိုင်ပွဲကြီးများ၏ အကျိုးကျေးဇူးကြောင့်လည်း ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အနုပညာရှင်များ အများအပြားပေါ်ထွန်းလာနေသည်မှာ အားရဖွယ်ရာဖြစ်ကြောင်း၊ ယင်းသည် ဝါရင့်သမ္ဘာရင့်အနုပညာရှင်ကြီးများထံမှ အနုပညာအမွေများကို လက်ဆင့်ကမ်းပေးအပ်နိုင်မည့် အမွေခံထိုက်သည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာခြင်းပင်ဖြစ်ကြောင်း။
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများသည် ပြိုင်ပွဲကြီးကြပ်သူ ဝါရင့် သမ္ဘာရင့် အနုပညာရှင်ကြီးများ၊ ပြိုင်ပွဲဝင်အနုပညာရှင်များ၊ မျိုးဆက်သစ် အနုပညာရှင်များ အားလုံးနှင့် အနုပညာမျိုးဆက် အဆက်ဆက်အတွက် အကျိုးကျေးဇူးဖြစ်ထွန်းစေပြီး နိုင်ငံနှင့်လူမျိုးအတွက်ပါ အကျိုးကျေးဇူးများစွာဖြစ်ထွန်းနေသည်ကို အားရကျေနပ်ဖွယ် တွေ့မြင်ကြရမည် ဖြစ်ကြောင်း။
ယခုကဲ့သို့ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်အောင်မြင်အောင်ကျင်းပပြီး ပြိုင်ပွဲကြီးများ၏အကျိုးရလဒ်ကောင်းများ ကျယ်ပြန့်နက်ရှိုင်းစွာ တိုးပွားဖြစ်ထွန်းလာစေရေး ဝါရင့်သမ္ဘာရင့်အနုပညာရှင်ကြီးများအနေဖြင့် မျိုးဆက်သစ်အနုပညာရှင်များအပေါ် သားသမီးများသဖွယ်မေတ္တာထားပြီး အနုပညာအမွေဆက်လက်ဖြန့်ဝေပေးကြရန် မေတ္တာရပ်ခံတိုက်တွန်းလိုကြောင်း။
(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပါဝင်ကူညီခဲ့ကြသည့် ဝါရင့်သမ္ဘာရင့်အနုပညာရှင်ကြီးများ၊ အကဲဖြတ်ပညာရှင်ကြီးများနှင့် ပါဝင်ဆောင်ရွက်သူအားလုံးကို ထပ်မံကျေးဇူးတင်ဂုဏ်ပြုလိုကြောင်း၊ လေးစားဂုဏ်ယူရသည့် ဝါရင့်သမ္ဘာရင့် အနုပညာရှင်ကြီးများ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာစွာဖြင့် အသက်ရာကျော်ရှည်ကြပါစေကြောင်း၊ မိမိတို့ အသက်ထက်ဆုံး လေးစားမြတ်နိုးစွာထိန်းသိမ်းစောင့်ရှောက်လာခဲ့သည့် မြန်မာ့ရိုးရာအနုပညာရပ်များ ရှေးရိုးအစဉ်အလာမပျက် ဆက်လက်ရှင်သန်ထွန်းကားနေစေရေး အနုပညာစွမ်းပကားဖြင့် စွမ်းဆောင်ပေးနိုင်ကြပါစေကြောင်း၊ မြန်မာ့ရိုးရာအနုပညာအမွေအနှစ်များ နောင်မျိုးဆက်များအထိ ဆက်လက်ရှင်သန်ထွန်းကားပြီး မျိုးဆက်သစ်အနုပညာရှင်များလည်း အဆက်မပြတ်ပေါ်ထွန်းလာကြပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက အဆိုအကဲဖြတ်လုပ်ငန်းအဖွဲ့ကိုယ်စား ဥက္ကဋ္ဌ အလင်္ကာကျော်စွာ ဒေါ်ရွှေကူနန်းနွဲ့နွဲ့၊ အကအကဲဖြတ်လုပ်ငန်းအဖွဲ့ကိုယ်စား ဥက္ကဋ္ဌ အလင်္ကာကျော်စွာ ဦးအောင်တင်ဝင်း၊ အရေးအကဲဖြတ်လုပ်ငန်းအဖွဲ့ကိုယ်စား ဥက္ကဋ္ဌ အလင်္ကာကျော်စွာ ဒေါက်တာ မောင်မောင်လတ်၊ အတီးအကဲဖြတ်လုပ်ငန်းအဖွဲ့ကိုယ်စား ဥက္ကဋ္ဌ ဦးစောဝင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အုပ်ချုပ်သူများကိုယ်စား ရှမ်းပြည်နယ်မှ အုပ်ချုပ်သူတစ်ဦး၊ အခမ်းအနားမှူးများကိုယ်စား အခမ်းအနားမှူးတစ်ဦးနှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် အကဲဖြတ်ပညာရှင်များကိုယ်စား အကဲဖြတ်ပညာရှင် အလင်္ကာကျော်စွာ မြင်းမူမောင်နိုင်မိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတသည် အခမ်းအနားတက်ရောက်လာကြသူများ၊ ပြိုင်ပွဲဝင်များနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြသည်။
ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုရရှိကြသူများ၊ တိုင်းရင်းသားရိုးရာအကအဖွဲ့များနှင့် ကျေးလက်ရိုးရာအကအဖွဲ့များ၊ အနုပညာရှင်ကြီးများက တေးသံသာများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် လက်ဆင့်ကမ်းအမွေအစီအစဉ်အဖြစ် အသက် ၆၈ နှစ်ရှိ သဘင်ပညာရှင်ကြီး ဦးချမ်းသာနှင့် အသက် ၆၂ နှစ်ရှိ သဘင်ပညာရှင်ကြီး ဒေါ်နန်းခင်မွှေးတို့နှင့်အတူ လက်ဆင့်ကမ်းအမွေကိုဆက်ခံကြမည့် မျိုးဆက်သစ်လူငယ်လေးများဖြစ်ကြသည့် သဘင်ပညာရှင်တက္ကသိုလ်အားမာန်နှင့် ဝင်းသပြေထွန်း(ယဉ်ကျေးမှု)၊ ကရင်ပြည်နယ်မှ အခြေခံပညာအဆင့်(အသက် ၁၅ နှစ်မှ ၂၀နှစ်အတွင်း) အကပြိုင်ပွဲပထမဆုရ မောင်မင်းကျဲဉာဏ်ချမ်းနှင့် ရှမ်းပြည်နယ်မှအခြေခံပညာအဆင့်(အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အကပြိုင်ပွဲပထမဆုရ မချောစုထွေးတို့က ဂုဏ်ပြုဖျော်ဖြေတင်ဆက်ကြသည်။
ဂုဏ်ပြု ညစာစားပွဲအပြီးတွင် နိုင်ငံတော်သမ္မတက အခမ်းအနားတက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်





No comments:
Post a Comment