နေပြည်တော် အောက်တိုဘာ ၂၉
(၂၇)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၁(MICC-1)၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဆုများပေးအပ်ချီးမြှင့်သည်။
အခမ်းအနားသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့်ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့်ဆပ်ကော်မတီတို့မှကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှဝန်ကြီးများ၊ အကဲဖြတ်ပညာရှင်ကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြများ၊ အထောက်အကူပြုများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားကို တက်ရောက်လာကြသည့် နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဧည့်ပရိသတ်များ၊ အကဲဖြတ်အဖွဲ့ဝင်အနုပညာရှင်ကြီးများနှင့် ပြိုင်ပွဲဝင်များအားလုံး မိမိတို့၏အမျိုးသားယဉ်ကျေးမှုကို မြတ်နိုးထိန်းသိမ်းမြှင့်တင်ရင်း အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ကြပါစေရန် ဆုမွန်ကောင်းတောင်း နှုတ်ခွန်းဆက်သပါကြောင်း။
ယနေ့အခမ်းအနားသည် ပြိုင်ပွဲဝင်အနုပညာရှင်များ၏ ကြိုးပမ်းအားထုတ်မှုကို ဂုဏ်ပြုသည့်အခမ်းအနားဖြစ်သကဲ့သို့ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ဆက်လက်ထိန်းသိမ်းမြှင့်တင်ကြရန် အားပေးတိုက်တွန်းသည့် အခမ်းအနားလည်းဖြစ်ပါကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးများကို မျိုးဆက်သစ်လူငယ်များ၏ အမျိုးသားရေးစိတ်ဓာတ်နှင့် ယဉ်ကျေးမှုအမွေအနှစ်အပေါ် မြတ်နိုးတန်ဖိုးထားမှုများ ပိုမိုရှင်သန်လာစေရန်ရည်ရွယ်ပြီး နိုင်ငံတော်အဆင့်အဖြစ် နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယခုဆိုပါက(၂၇)ကြိမ်မြောက်အဖြစ် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီဖြစ်ပါကြောင်း။
ယခင်နှစ် (၂၆)ကြိမ်မြောက်ပြိုင်ပွဲတွင် မန္တလေးငလျင်ကြီးကြောင့် ပြိုင်ပွဲအမျိုးအစားအချို့ မကျင်းပနိုင်ခဲ့သော်လည်း အနုပညာရှင် ၁,၇၃၉ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်(၃၁၃)ဆု ချီးမြှင့်နိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင် ဝါသနာရှင်အဆင့်ပြိုင်ပွဲများ၊ ဇာတ်တော်ကြီးနှင့် ရုပ်စုံသဘင်အဖွဲ့လိုက်ပြိုင်ပွဲများကို ပြန်လည်ထည့်သွင်းကျင်းပနိုင်ခဲ့သည့်အပြင် ပြိုင်ပွဲဝင်အနုပညာရှင် ၂,၃၄၆ ဦးအထိ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်ကို တွေ့ရကြောင်း၊ ယင်းသည်မြန်မာ့ရိုးရာအနုပညာကို ချစ်မြတ်နိုးသည့်သူများ၊ အထူးသဖြင့် မျိုးဆက်သစ်လူငယ်များကြားတွင် စိတ်ဝင်စားမှုနှင့်ပါဝင်မှုတိုးမြင့်လာသည်ကို ဖော်ပြနေကြောင်း။
ပြိုင်ပွဲဝင်အနုပညာရှင်အားလုံး၏ ကြိုးပမ်းအားထုတ်မှု၊ အကဲဖြတ်အဖွဲ့ဝင် အနုပညာရှင်ကြီးများ၏ တာဝန်ကျေပွန်မှုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများ၏ ပူးပေါင်းဆောင်ရွက်မှုတို့ကို အသိအမှတ်ပြုကြောင်း၊ အနုပညာကိုချစ်မြတ်နိုးပြီး အားပေးကြသည့်ပရိသတ်အားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်း။
ထို့အပြင် ယခုနှစ်တွင် မျိုးဆက်သစ်လူငယ်များ ဆုပိုမိုရရှိလာသည်ကို တွေ့ရသည့်အတွက်လည်း ချီးကျူးဂုဏ်ပြုကြောင်းကို ပြောကြားလိုကြောင်း၊ မှာကြားလိုသည်မှာ ဆုရရှိခြင်းသည် မိမိတို့၏ကြိုးစားအားထုတ်မှုအတွက် ထိုက်တန်သည့်အသိအမှတ်ပြုမှုဖြစ်သကဲ့သို့ မိမိတို့တတ်မြောက်ထားသည့် အနုပညာပညာရပ်များကို ပိုမိုတိုးတက်အောင် ဆက်လက်လေ့လာလေ့ကျင့်ပြီး အနာဂတ်မျိုးဆက်သစ်များထံသို့ လက်ဆင့်ကမ်းပေးနိုင်ရန်လည်း အရေးကြီးသည့်တာဝန်တစ်ရပ်ဖြစ်ကြောင်း။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်ဆိုပါက သဘာဝသယံဇာတ၊ ခေတ်မီနည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ်များလိုအပ်သကဲ့သို့ နိုင်ငံသားများ၏ မျိုးချစ်စိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်နှင့် ဇာတိသွေး၊ ဇာတိမာန်များကို ရှင်သန်စေမည့် အမျိုးသား ယဉ်ကျေးမှုအခြေခံများ ခိုင်မာရန်လည်း လိုအပ်ကြောင်း။
မြန်မာ့ရိုးရာယဉ်ကျေးမှုဟူသည့်နေရာတွင် ဝတ်စားဆင်ယင်မှု၊ ဘာသာစကား၊ ရိုးရာဓလေ့ထုံးတမ်းများနှင့် လူမှုကျင့်ဝတ်များသာမက မဟာဂီတ၊ ခေတ်ဟောင်းကာလပေါ်တေးသီချင်း၊ မြန်မာ့မူဟန်အက၊ ရိုးရာတူရိယာ၊ ဇာတ်သဘင်နှင့် ရုပ်စုံသဘင်တို့ အပါအဝင် ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာသည့် တန်ဖိုးရှိသောအနုပညာအမွေအနှစ်များကိုလည်း ဆိုလိုကြောင်း၊ အထူးသဖြင့် ဇာတ်တော်ကြီးနှင့်ရုပ်စုံသဘင်တို့မှတစ်ဆင့် အကျိုးအကြောင်းအဆိုးအကောင်းနှင့် မင်္ဂလာတရားများကို သင်ယူနိုင်ကြောင်း၊ ယင်းပြိုင်ပွဲကြီးများသည် အနုပညာဆိုင်ရာပြိုင်ပွဲဖြစ်သကဲ့သို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ရင်းနှီးချစ်ကြည်မှုကိုအခြေခံပြီး ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို ဖော်ထုတ်ထိန်းသိမ်းသည့်ပွဲ၊ မျိုးဆက်သစ်အနုပညာရှင်မောင်နှမများ ပေါင်းကူးယှက်နွယ်သည့်ပွဲ၊ တစ်နည်းအားဖြင့် တိုင်းရင်းသားသွေးချင်းညီအစ်ကိုမောင်နှမများ ယဉ်ကျေးမှုနှင့်ချစ်ကြည်ရင်းနှီးမှု ပေါင်းစည်းသည့်ပွဲဟုဆိုနိုင်ကြောင်း။
ယနေ့ခေတ် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းများကြားတွင် နိုင်ငံတိုင်းသည် မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကိုကာကွယ်ဖော်ဆောင်နေကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း အမျိုးသားအကျိုးစီးပွားကိုဖော်ဆောင်ရန်ဆိုပါက မျိုးဆက်သစ်လူငယ်များတွင် မျိုးချစ်စိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်နှင့် မိမိတို့၏ ရိုးရာယဉ်ကျေးမှုအပေါ် မြတ်နိုးလေးစားတန်ဖိုးထားမှုများ ရှင်သန်ခိုင်မာနေရန်လိုအပ်ကြောင်း၊ ယင်းစိတ်ဓာတ်များကို အနုပညာစွမ်းပကားဖြင့် မြှင့်တင်ပေးနိုင်မည်ဆိုပါက ကိုယ့်နိုင်ငံကိုယ့်လူမျိုးအကျိုးကို ကာကွယ်စောင့်ရှောက်လိုစိတ်များ ပိုမိုခိုင်မာလာမည်ဖြစ်ကြောင်း။
ထို့ကြောင့် မြန်မာ့သမိုင်းအစဉ်အလာ ရိုးရာယဉ်ကျေးမှုနှင့် လူမှုကျင့်ဝတ်တန်ဖိုးများကို မျိုးဆက်သစ်လူငယ်များသိရှိနားလည်ပြီး မြတ်နိုးထိန်းသိမ်းလာစေရန် လိုအပ်ကြောင်း၊ အလားတူ ဝါရင့်အနုပညာရှင်ကြီးများ၏ ပညာနှင့်အတွေ့အကြုံများကိုလည်း လူငယ်များထံလက်ဆင့်ကမ်းပေးကြရမည်ဖြစ်ကြောင်း၊ အဆို၊ အက၊ အရေး၊ အတီးပညာရပ်များသည် လက်တွေ့လေ့ကျင့်သင်ယူမှုနှင့် ဆရာတပည့်အစဉ်အလာကို အခြေခံသောကြောင့် ပညာရှင်ကြီးများ၏ သင်ကြားပြသမှုနှင့် လူငယ်များ၏ ကြိုးစားသင်ယူမှုတို့ ပေါင်းစပ်မှသာ ရိုးရာအနုပညာများ ရေရှည်ရှင်သန်ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း။
တစ်ဖက်တွင်လည်း မဟာဂီတ၊ ရိုးရာတူရိယာ၊ မြန်မာ့မူဟန်အက၊ ဇာတ်သဘင်နှင့် ရုပ်စုံသဘင်တို့၏ တန်ဖိုးရှိသည့် အနုပညာလက်ရာများကို ခေတ်မီဒီဂျစ်တယ်နည်းပညာဖြင့် စနစ်တကျ မှတ်တမ်းတင်ထိန်းသိမ်းပြီး မျိုးဆက်သစ်များလေ့လာသင်ယူနိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုများကို အပြန်အလှန်လေးစားပြီး ပြည်ထောင်စု စည်းလုံးညီညွတ်ရေးကို ပိုမိုခိုင်မာအောင်ဆောင်ရွက်ကြရန်၊ ခေတ်မီနည်းပညာများကို အကျိုးရှိရှိအသုံးချပြီး မြန်မာ့ရိုးရာအနုပညာများ ရေရှည်ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
ယင်းနောက် ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်သမ္မတက ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ တိုင်းရင်းသားရိုးရာ/ကျေးလက်ရိုးရာယဉ်ကျေးမှုအဖွဲ့များကို ဂုဏ်ပြုဆုတံဆိပ်နှင့်ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်သည်။
ထို့နောက် “သယံဇာတပေါကြွယ်ဝသည့်ပြည်နယ်” ဟုအဓိပ္ပာယ်ရရှိသည့် ကချင်ပြည်နယ်၊ ကချင်ရိုးရာ “ဆွတ်ငိုင်မုန်း”အကဖြင့် ကချင်တိုင်းရင်းသားရိုးရာအကအဖွဲ့က ဖျော်ဖြေကပြ တင်ဆက်ကြသည်။
ဆက်လက်၍ ဒုတိယသမ္မတ ဦးညိုစောက ကချင်တိုင်းရင်းသားရိုးရာ အကပြိုင်ပွဲတွင် အထူးဆု၊ ပထမ၊ ဒုတိယနှင့်တတိယဆုရရှိသည့် အဖွဲ့များကိုလည်းကောင်း၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ကဗျာလွတ်အကပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့်တတိယဆုရရှိသည့် အဖွဲ့များကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက အဆို(မဟာဂီတ)ပြိုင်ပွဲ ဝါသနာရှင်အဆင့်(ပထမတန်း) အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကိုလည်းကောင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးကအဆို အဆို(မဟာဂီတ)ပြိုင်ပွဲဝါသနာရှင်အဆင့် (ဒုတိယတန်း) (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက အဆို(ခေတ်ဟောင်း/ကာလပေါ်)ပြိုင်ပွဲ ဝါသနာရှင်အဆင့်(ပထမတန်း)(အမျိုးသား၊ အမျိုးသမီး)အဆင့်တွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို လည်းကောင်း ဂုဏ်ပြုဆုတံဆိပ်များနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနှင့် ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများက ပြိုင်ပွဲဘာသာရပ်နှင့် အဆင့်အလိုက် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
ဆုချီးမြှင့်ပွဲတွင် အဆိုပြိုင်ပွဲ၊ အကပြိုင်ပွဲ၊ အရေးပြိုင်ပွဲနှင့် အတီးပြိုင်ပွဲတို့တွင် ပထမဆုရရှိခဲ့ကြသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်ကိုယ်စားပြု ပြိုင်ပွဲဝင်များက သီဆိုကပြ တီးခတ်ဖျော်ဖြေတင်ဆက်ကြသည်။
ဆုချီးမြှင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက အခမ်းအနားတက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ဆုတံဆိပ်ရရှိမှုများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးမှ (၁၅၁)ဆု၊ မန္တလေးတိုင်းဒေသကြီးမှ(၁၀၇)ဆု၊ စစ်ကိုင်းတိုင်းဒေသကြီးမှ(၄၉)ဆု၊ မကွေးတိုင်းဒေသကြီးမှ ဆု(၃၀)၊ ပဲခူးတိုင်းဒေသကြီးမှ ဆု(၄၀)၊ မွန်ပြည်နယ်မှ(၃၄)ဆု၊ တနင်္သာရီတိုင်းဒေသကြီးမှ(၂၃)ဆု၊ ဧရာဝတီတိုင်းဒေသကြီးမှ(၂၉)ဆု၊ ကရင်ပြည်နယ်မှ ဆု(၂၀)၊ ကယားပြည်နယ်မှ (၁၄) ဆု၊ ချင်းပြည်နယ်မှ (၁၁) ဆု၊ ကချင်ပြည်နယ်မှ (၉) ဆု၊ ရှမ်းပြည်နယ်မှ (၆)ဆုနှင့် ရခိုင်ပြည်နယ်မှ (၈)ဆု ရရှိခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်












No comments:
Post a Comment