Monday, October 12, 2026

မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ တမံလျော့ကျမှုအား ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 


ပုသိမ်
အောက်တိုဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ ကာကွယ်ထိန်းသိမ်းမှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပေါင်းစပ်ဆောင်ရွက်ပေး

ဦးစွာ မမြရေလှောင်တမံ၊ အရေးပေါ်ရေပိုလွှဲကို မြေတူးစက်တစ်စီးဖြင့် ၃၁၂ ပေမှ ၃၀၇ ပေ သို့ ထပ်မံနှိမ့်ချ၍ ရေလျှော့ချနိုင်ရန် ဆောင်ရွက်နေမှု၊ တမံလျော့ကျမှုအား ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် တမံအောက်ခြေ ဆင်ခြေလျှော၏ အပြင်ဘက်မှ မြေသားတမံပုံစံ တမံတာအောက်ခြေအား ပိုမိုခိုင်မာတောင့်တင်းမှုရှိစေရန် မြေတူးစက် သုံးစီး၊ မြေထိုးစက် တစ်စီး၊ မြေသယ်ယာဉ် ခုနစ်စီးတို့ဖြင့်ဆောင် ရွက်နေမှု၊ ရေထုတ်ပြွန်မှ ရေတံခါး နှစ်ပေါက်ဖြင့် ပျမ်းမျှ ၄၀၀ ကုဗ ပေ/ စက္ကန့်နှုန်းခန့်ဖြင့် ရေထုတ်လွှတ်နေမှု၊ တမံ၏အထက်ရေပြင် နှင့်ထိစပ်အပိုင်းမှစ၍ တမံလျော့ကျနေရာတစ်လျှောက်တွင် မိုးရေစိုခြင်း၊ နေပူဒဏ်နှင့် ရေလှိုင်းရိုက်ခတ်ခြင်းဒဏ် မခံရစေရန်အတွက် မိုးရေကာဖျင်များ စနစ်တကျ အုပ်မိုးကာကွယ်ခြင်းနှင့်အတူ တမံလျော့မှုအခြေအနေ၊ ကာကွယ်ထိန်းသိမ်းမှုအခြေအနေနှင့် ရေဝါချောင်းအတွင်း ရေစီးဆင်းဝင်ရောက်မှု အခြေအနေများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့သည် ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထောက်ပံ့ပေးအပ်

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မမြရေလှောင်တမံ မြေသားတာပေါင် နိမ့်ကျမှုကြောင့် ရေဝင်ရောက်နိုင်သည့်အတွက် ကြိုတင်ရွှေ့ပြောင်းရသည့် ပြည်သူများအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပြီး မမြရေလှောင်တမံ မြေသားတာပေါင်နိမ့်ကျမှုကြောင့် ရေဝင်ရောက်နိုင်သည့်အတွက် ကြိုတင်ရွှေ့ပြောင်းရသည့် ပြည်သူများကို ဆန်ရိက္ခာများနှင့် ပြည်သူများ ကြိုတင်ရွှေ့ပြောင်းရာတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်ကာ ပြည်သူများအား အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments:

Post a Comment