Sunday, October 25, 2026

မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ ဆင်ခြေလျှောမြေသားနိမ့်ကျမှုအား ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်


 

နေပြည်တော် အောက်တိုဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံသည် အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင် ရေလှောင်တမံ၏ တမံပေါင်နိမ့်ကျမှုကြောင့် အရေးပေါ်ရေပိုလွှဲမှဆည်ရေများလျှော့ချလျက်ရှိပြီး ရေလှောင်တမံ၏ ဆင်ခြေလျှောနိမ့်ကျမှုအား ပြန်လည်ပြုပြင်ခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

တမံ၏အထက်ရေပြင်နှင့် ထိစပ်အပိုင်းမှစ၍ တမံလျော့အိကျနေရာတစ်လျှောက်တွင် မိုးရေစိုခြင်း၊ နေပူဒဏ်နှင့် ရေလှိုင်းရိုက်ခတ်ခြင်းဒဏ်မခံရစေရန်အတွက် မိုးရေကာဖျင်များ စနစ်တကျ အုပ်မိုး ကာကွယ်ခြင်း၊ တမံလျော့အိကျမှုအား ကာကွယ်ထိန်းသိမ်းရန်နှင့် တမံအောက်ခြေဆင်ခြေလျှော၏ အပြင်ဘက်မှ တမံတာအောက်ခြေအား ပိုမိုခိုင်မာတောင့်တင်းမှုရှိစေရန် မြေသားတမံပုံစံဆောင်ရွက် ခြင်းတို့ကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ စက်ယန္တရားများအသုံးပြု၍ ယနေ့တွင် အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ပြင် သိုလှောင်ထိန်းသိမ်းထားရှိသည့် မမြရေလှောင်တမံရေပြင်၏ နိမ့်မြင့်အမှတ် ၃၁၅ ပေမှ သိုလှောင်ရေလျှော့ချနိုင်ရန် တမံ၏ အရေးပေါ်ရေပိုလွှဲမှ ရေထုတ်လွှတ်လျက်ရှိရာ ယနေ့ အောက်တိုဘာ ၂၄ ရက်နေ့ ညနေပိုင်းတွင် တမံရှိ ရေ ၂၉၉ ပေသာ ကျန်ရှိတော့သဖြင့် ၁၆ ပေခန့် ရေထုတ်လွှတ်လျှော့ချပြီးဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် တမံဆင်ခြေလျှောနိမ့်ကျမှု ဖြစ်ပွားသည့်နေရာအနီးရှိ ကျေးရွာများမှ ဒေသခံပြည်သူများ အား လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ဘုန်းတော်ကြီးကျောင်းများ၊ စာသင် ကျောင်းများရှိ ချုံနွယ်များ၊ ပေါင်းမြက်များကို နယ်မြေခံတပ်မတော်သားများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ပေးနေမှုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

၁၀၀

No comments:

Post a Comment