Thursday, October 29, 2026

ဒုတိယဝန်ကြီး ဦးမျိုးကျော်သူ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများ ကြည့်ရှုစစ်ဆေး


ရန်ကုန် အောက်တိုဘာ ၂၈

 ဧရာဝတီတိုင်းဒေသကြီး အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားစေရေးအတွက် ပုသိမ်မြို့ရှိ အဆင့်မြင့်ရေကူးကန်၊ ကိုးသိန်းအားကစားကွင်းရှိ ဘောလုံးကွင်း၊ ဘိလိယက်နှင့် စနူကာအားကစားရုံနှင့် ဖူဆယ်အားကစားရုံတို့ကို ယနေ့နံနက်ပိုင်းက အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးကျော်သူသည် လိုက်လံကြည့်ရှုစစ်ဆေးပြီး ရေကူးမျိုးဆက်သစ်အားကစား သမားများပေါ်ထွက်လာစေရေးအတွက် ရေကူးသင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ဆောင်ရွက်သွားရန်နှင့် အားကစားကွင်း/ အားကစားရုံများ ရေရှည်တည်တံ့ စေရေးတို့အတွက် ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

ဆက်လက်၍ ကျုံပျော်မြို့သို့ရောက်ရှိပြီး၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်အတွင်း ပွဲကြည့်စင်အသစ်ပြန်လည် တည်ဆောက်နိုင်ရေး၊ ဘောလုံးကွင်း မြက်ခင်းများစိမ်းလန်းစိုပြည်စေရေး၊ ဂိုးတိုင်နှင့် ဂိုးပိုက်များကို စနစ်တကျတပ်ဆင်ထားရှိပြီး အမြဲတမ်းသစ်လွင် တောက်ပစေရေးတို့အတွက် ထုံး၊ ကော်ရည်နှင့် ဆေးဖြူများ သုတ်သွားရန် တာဝန်ရှိသူများအားမှာကြားပြီး ဟင်္သာတမြို့သို့သွားရောက်၍ အေးမြသာယာ ပြည်သူ့အားကစားကွင်း၊ မိုးလုံ လေလုံ အားကစားခန်းမ၊ မြို့နယ်အားကစားကွင်းတို့ကို လိုက်လံကြည့်ရှုစစ်ဆေးကာ အားကစားကွင်းအဆင့်မြှင့်တင်တည်ဆောက် တိုးချဲ့နိုင်ရေးနှင့် ပွဲကြည့်စင်များအဆင့်မြင့် တည်ဆောက်နိုင်ရေးတို့အတွက် စီမံဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။ 

ထို့ပြင် ဇလွန်မြို့မြို့နယ် အားကစားပြိုင်ပွဲရုံကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် အောင်မြေသာယာကွင်းကိုလည်းကောင်း၊ ရွှေပြည်သာမြို့နယ်ရှိ စက်မှုဇုန်ကွင်းကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဘောလုံးကွင်းနှင့်ပွဲကြည့်စင်များ အဆင့်မြှင့်တင်တည်ဆောက်ခြင်းများ၊ ပြန်လည်ပြုပြင် တည်ဆောက်ခြင်းများ ဆောင်ရွက်နိုင်ရေးအတွက်စီမံ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်


No comments:

Post a Comment