Tuesday, October 13, 2026

ခရီးသွားအတွေ့အကြုံများမှ စိုက်ပျိုးမွေးမြူရေး၊ သစ်တော၊ ပတ်ဝန်းကျင်နှင့် ဆက်စပ်ဘာသာရပ်များအတွက် အတွေးတစ်စ (အပိုင်း-၃၉)၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်မွေးထုတ်မှု

 ဒေါက်တာမျိုးကြွယ် (ပါမောက္ခချုပ်-ငြိမ်း)

ဩစတြေးလျနိုင်ငံ၊ ဂျာမနီနိုင်ငံ၊ နယ်သာလန်နိုင်ငံနှင့် အာဆီယံနိုင်ငံအချို့ စသည့်ကမ္ဘာ့နိုင်ငံများ စိုက်ပျိုးမွေးမြူရေးကဏ္ဍ နိုင်ငံတကာတွင်ထိပ်တန်းရောက်နေရခြင်းသည် စိုက်ပျိုးမွေးမြူရေးပညာ အဆင့်မြင့်ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းပညာရေးတို့ နှစ်စဉ်တိုးတက်ပြောင်းလဲသင်ကြား၊ သုတေသနပြုလာမှုအပေါ်မူတည်၍ ကမ္ဘာ့စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ထိပ်တန်းရောက်နိုင်ငံဖြစ်နေခြင်းဖြစ်ပါသည်။ ထိုနိုင်ငံတက္ကသိုလ်များရှိ စိုက်ပျိုးမွေးမြူရေးပညာသင်ကြား၊ သုတေသနများ ဆောင်ရွက်နေမှုတို့ကို လေ့လာ၊အတုယူနိုင်ရန် အမိနိုင်ငံအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ ဆက်လက်ဆွေးနွေးလိုပါသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဦးနှောက်ယိုစီးဆုံးရှုံးမှု ပြဿနာနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး

၁။      ဦးနှောက်ယိုစီးဆုံးရှုံးမှုဆိုသည်မှာ အဘယ်နည်း။ Brain Drain ဆိုသည်မှာ ပညာအရည်အချင်း၊ ကျွမ်းကျင်မှုနှင့် အတွေ့အကြုံမြင့်မားသောလူ့စွမ်းအားများသည် မိမိနိုင်ငံမှအခြားနိုင်ငံများသို့ အလုပ်အကိုင်၊ လစာ၊ ပိုမိုကောင်းမွန်သောသုတေသနအခွင့်အလမ်း၊ ပညာရေးနှင့်လူနေမှုအခြေအနေများကြောင့် ထွက်ခွာသွားခြင်းကိုဆိုလိုပါသည်။ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဤ Brain Drain သည် အရေးကြီးသော Human Resource Development (HRD) စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါသည်။

သို့သော် ပြဿနာကို “လူငယ်များ နိုင်ငံခြားမထွက်အောင် တားဆီးခြင်း”အဖြစ်သာ မမြင်သင့်ပါ။ ပိုမိုရေရှည်တည်တံ့သော နည်းလမ်းမှာ အရည်အချင်းရှိသော လူ့စွမ်းအားများကိုမွေးထုတ်ရန်၊ ပြည်တွင်းတွင် အလုပ်အကိုင်နှင့်ဖွံ့ဖြိုးတိုးတက်ရေးအခွင့်အလမ်းများဖန်တီးရန်၊ နိုင်ငံခြားရောက်ပညာရှင်များနှင့် ဆက်လက်ချိတ်ဆက်ထားရန်၊ ၎င်းတို့၏ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုများကို နိုင်ငံဖွံ့ဖြိုးရေးအတွက် ပြန်လည်အသုံးချရန် ဖြစ်ပါသည်။

၂။       ဦးနှောက်ယိုစီးဆုံးရှုံးမှု (Brain Drain) မှ ဦးနှောက်လည်ပတ်စီးဆင်းနေမှု (Brain Circu-lation) သို့ ဆောင်ရွက်ခြင်း။ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်စဉ်းစားနိုင်သည်မှာ ပြည်တွင်းပုဂ္ဂလိက လူငယ်များအတွက် ပညာသင်ယူ/လေ့ကျင့်ပြီးလျှင် အတွေ့အကြုံရအောင်အလုပ်လုပ်ပြီး နိုင်ငံတကာအတွေ့အကြုံရယူရပါမည်။ ထို့နောက် ပြည်တွင်းအဖွဲ့အစည်းများနှင့် ဆက်သွယ်ထားပြီး မိမိနိုင်ငံသို့ ပြန်လာ၍ သင်ကြားရေး/သုတေသန/ ရင်းနှီးမြှုပ်နှံ/နည်းပညာလွှဲပြောင်း စသည့်ပုံစံဖြစ်ပါသည်။

ထို့ကြောင့် နိုင်ငံခြားသို့ ပညာသင်ထွက်ခွာသွားသူတိုင်းကို “ဆုံးရှုံးသွားသော လူ့စွမ်းအား” ဟုသာမမြင်ဘဲ “နိုင်ငံတကာအတွေ့အကြုံနှင့် အသိပညာရရှိထားသောအနာဂတ်မိတ်ဖက်(Partner)”အဖြစ် ပြန်လည်ချိတ်ဆက်အသုံးချနိုင်ပါသည်။ (ပညာပြည့်ဝပြီးသည်နှင့် အမိနိုင်ငံသို့ပြန်လာပြီး မိမိနိုင်ငံမှာအလုပ်လုပ်ဖို့အတွက် နှစ်ဖက်ညှိနှိုင်းမှုတော့ ဆောင်ရွက်ရမည်ထင်ပါသည်။)

အစိုးရဝန်ထမ်းများအနေဖြင့် လျော်ကြေးငွေအပေါ်မူတည်ပြီး ငွေလျော်ပြီးနောက် ပြန်မလာကြသဖြင့် အခက်တော့တွေ့ပါသည်။ ဥရောပ၊ ဩစတြေးလျ၊ နယူးဇီလန်၊ ဂျပန်စသည့်နိုင်ငံအများစုကလည်း လူ့အခွင့်အရေးအကြောင်းပြ၍ ပညာသင်ပေးပြီးသည်နှင့် သူတို့နိုင်ငံလိုအပ်ချက်အရ ပညာတတ်များကို အလုပ်ခန့်ထားလိုက်ကြ ပါတော့သည်။ ပညာတတ်အများစုက ပြန်မလာကြတော့ပါ။

၃။      စိုက်ပျိုးမွေးမြူရေး လူ့စွမ်းအားကို အဆင့် အလိုက်ဖွံ့ဖြိုးရန် ဆောင်ရွက်ခြင်း။ လူ့စွမ်းအား ဖွံ့ဖြိုးမှု (HRD – Human Resources Development) ဆိုသည်မှာ တက္ကသိုလ်ဘွဲ့ရများ ပိုမိုထုတ်လုပ်ခြင်း တစ်ခုတည်းမဟုတ်ပါ။

မြန်မာနိုင်ငံတွင် အောက်ပါအဆင့်လိုက် လူ့စွမ်းအားဖွံ့ဖြိုးမှုစနစ် လိုအပ်ပါသည်-

(၃-က) စိုက်ပျိုးမွေးမြူတောင်သူများ။ တောင်သူမှ ကျွမ်းကျင်တောင်သူဖြစ်အောင် လေ့ကျင့်ပေးရပါမည်။ ထိုမှ ခေတ်မီတောင်သူ (Smart Farmer)ကို လေ့ကျင့်ပျိုးထောင်ပေးပြီး နောက်ဆုံးစွန့်ဦးတည်ထွင် သူ တောင်သူ (Agri-preneur)ဖြစ်လာစေမှု စသည် တို့ဖြစ်ပါသည်။ တောင်သူများအား မျိုးကောင်း မျိုးသန့် ရွေးချယ်ခြင်း၊ မြေဆီလွှာစီမံခန့်ခွဲခြင်း၊ ရေစီမံခန့်ခွဲခြင်း၊ ဘက်စုံပိုးမွှားကာကွယ်ရေး (Inte-grated Pest Management - IPM)၊ စိုက်ပျိုးရေး စက်ကိရိယာ၊ ရာသီဥတုနှင့် လိုက်လျောညီထွေရှိသော စိုက်ပျိုးမွေးမြူရေး၊ လယ်ယာစီးပွားရေး၊ ဒီဂျစ်တယ်စိုက်ပျိုးမွေးမြူရေး၊ ဈေးကွက်သတင်း အချက်အလက် စသည်တို့ကို လက်တွေ့အသုံးချနိုင်ရန် လေ့ကျင့်ပေးသင့်ပါသည်။

(၃-ခ)  စိုက်ပျိုးမွေးမြူရေးနည်းပညာရှင်များ။ အထူးသဖြင့် အလယ်အလတ်အဆင့် (Technical Work-force) တစ်ရပ်ခိုင်မာရန် လိုအပ်ပါသည်။ ဥပမာ- ရေသွင်းကျွမ်းကျင်ပညာရှင်၊ စက်မှုလယ်ယာ ကျွမ်းကျင်ပညာရှင်၊ မြေဆီလွှာဓာတ်ခွဲခန်းပညာရှင်၊ ပထဝီအချက်အလက်နည်းပညာရှင်၊ ဒရုန်းပညာရှင်၊ မျိုးစေ့ထုတ်လုပ်ရေးပညာရှင်၊ အစားအစာပြုပြင်ထုတ်လုပ်သူပညာရှင်၊ မွေးမြူရေးပညာရှင်၊ စိုက်ပျိုး ဓာတ်ခွဲခန်းပညာရှင် စသည်တို့ဖြစ်ပါသည်။ ဤအုပ်စုသည် တက္ကသိုလ်နှင့် တောင်သူများအကြား ဆက်သွယ်ပေးမည့် တံတားသဖွယ်ဖြစ်နိုင်ပါသည်။

(၃-ဂ)  စိုက်ပျိုးမွေးမြူရေးတက္ကသိုလ် ဘွဲ့ရများ။ ဤတက္ကသိုလ်များသည် စိုက်ပျိုးမွေးမြူရေးသိပ္ပံ ပညာရှင်၊ သုတေသနပညာရှင်၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ မန်နေဂျာများ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ စွန့်ဦးတီထွင်ထုတ်လုပ်သူတို့ကို လိုအပ်ချက်နှင့်အညီ မွေးထုတ်ပေးနိုင်ရန် လိုအပ်ပါသည်။

၄။      တက္ကသိုလ်၊ စက်ရုံ၊ အစိုးရ၊ တောင်သူချိတ်ဆက် မှု တည်ဆောက်ရန်။ စိုက်ပျိုးမွေးမြူရေး HRD အတွက် အဖွဲ့အစည်းလေးခု ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါသည်။

(၄-က) တက္ကသိုလ်ပညာ + သုတေသန + ခေတ်မီ စိုက်ပျိုးမွေးမြူရေးပညာ

(၄-ခ)  အစိုးရမူဝါဒ/တောင်သူနည်းပညာပေး (Extension) + အခြေခံအဆောက်အအုံ

(၄-ဂ)  ပုဂ္ဂလိကကဏ္ဍနည်းပညာ + ရင်းနှီးမြှုပ်နှံ မှု + အလုပ်အကိုင် + ပြည်တွင်း၊ ပြည်ပဈေးကွက်

(၄-ဃ) တောင်သူထုတ်လုပ်မှု+ဆန်းသစ်တီထွင် မှု + တုံ့ပြန်ချက်တို့ ဖြစ်ပါသည်။ ဤစနစ်သည် တက္ကသိုလ်၊ အစိုးရနှင့် တောင်သူများ သီးခြားစီ လုပ်ဆောင်ခြင်းထက် ပိုမိုထိရောက်နိုင်ပါသည်။

၅။ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ စံပြကွင်းဌာနများ တည်ထောင်ရန်။ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်အလိုက် သင့်တော်သောမြို့နယ်အချို့တွင် တောင်သူများကိုကူညီပေးနိုင်သော အထူးပြုလိုအပ်အားလုံးရှိသော စိုက်ပျိုးမွေးမြူရေးနည်းပညာပေးဌာနကွင်းဌာနများ တည်ထောင်နိုင်ပါသည်။ စိုက်ပျိုးရေး၊ ဆည်မြောင်း၊ စက်မှုလယ်ယာ၊ မွေးမြူကုသရေး၊ မြေစာရင်း၊ ငါးလုပ်ငန်းစသည်ဖြင့် တစ်ရုံး၊ တစ်နေရာတည်း အိန္ဒိယနိုင်ငံ KVK Center ပုံစံစမ်းသပ်တည်ထောင်ဆောင်ရွက်နိုင်ပါသည်။ ဩစတြေးလျနိုင်ငံတွင် အစိုးရက တောင်သူပညာပေးလုပ်ငန်းများကို ဝန်ထမ်း၊ ဘတ်ဂျက်လျှော့ချပြီး ပုဂ္ဂလိကလုပ်ငန်းများက တာဝန်ယူမှု ပိုများပြားလာပါသည်။

(၅-က) ဒီဂျစ်တယ်စိုက်ပျိုးရေးဌာန။ ဉာဏ်ရည်တု AI + ပထဝီသတင်းအချက်အလက်ပညာ + အဝေးမှ အာရုံခံခြင်း + ဒရုန်း + အင်တာနက်

(၅-ခ)  ရာသီဥတု လိုက်လျောညီထွေဖြစ်စေသောစိုက်ပျိုးမွေးမြူရေးဌာန။ ရေ + မြေဆီလွှာl+ ရာသီ ဥတု e + ဇီဝမီးသွေး = ဤဌာန CSA

(၅-ဂ)  စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ဇီဝနည်းပည ဌာန။ အပင်မျိုးစပ်မွေးမြူရေး + တစ်ရှူးမွေးမြူရေး+ မော်လီကျူးဆိုင်ရာဇီဝဗေဒ

(၅-ဃ) စိုက်ပျိုးမွေးမြူရေး အင်ဂျင်နီယာဌာန။ စက်မှုလယ်ယာ + ရေသွင်းစနစ်+ ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်+ အလိုအလျောက် စိုက်ပျိုးမွေးမြူစနစ် (စကားချပ်။ စိုက်ပျိုးရေးအင်ဂျင်နီယာပညာသည် အရေးကြီးသောဘာသာရပ်ကြီးဖြစ်သော်လည်း ဘွဲ့ကြို၊ ဘွဲ့လွန် - မဟာသိပ္ပံ/ပါရဂူဘွဲ့ရသူများမှာ အနည်းငယ်သာရှိပါသည်)

(၅-င)  စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးနှင့် တန်ဖိုးကွင်းဆက်ပညာဌာန။ လယ်ယာထွက်ကုန်ပြုပြင်မွမ်းမံခြင်း+ ဈေးကွက်+ နိုင်ငံခြား တင်ပို့မှု + စွန့်ဦးတီထွင်မှု

(၅-စ) တောင်သူပညာပေးဌာန။ တောင်သူပညာ ပေးသင်တန်းများ + ဒီဂျစ်တယ်စနစ်ဖြင့် ပညာပေးခြင်း + အဝေးမှဆက်သွယ်ခြင်း စသည်တို့ဖြစ်ပြီး ဤစင်တာများသည် တက္ကသိုလ်များ၊ အစိုးရဌာနများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းများနှင့် တောင်သူများအားလုံး စုပေါင်း လုပ်ဆောင်ခြင်းဖြင့် တောင်သူများအတွက် အသုံးဝင်နိုင်ပါသည်။

စာရေးသူ၏အတွေး

ရေတိုစီမံချက်အနေဖြင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာလူ့စွမ်းအားအရင်းအမြစ်ကို လက်ရှိသိပ္ပံပညာရှင်များဖြင့် နယ်သာလန် ဗာဂန်နီဂန် တက္ကသိုလ်ပုံစံ (WUR – Wageningen University & Research Model, The Netherlands) တက္ကသိုလ်နှင့် သုတေသနဌာနများရှိ ပညာရှင်များအားလုံးက မဟာသိပ္ပံ၊ ပါရဂူဘွဲ့ကျောင်းသား ကျောင်းသူများ၏ သုတေသနများကို အားဖြည့်ကြီးကြပ်ပေးခြင်းဖြင့် အရည်အသွေးမြင့်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောသုတေသနများ ပိုမိုဖြည့်ဆည်းပေးနိုင် ပါလိမ့်မည်။

နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းနယ်မြေ၌ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောတက္ကသိုလ်များနှင့် သုတေသနဌာနများအားလုံးက မဟာဗျူဟာမြောက်နီးကပ်စွာ(လမ်းလျှောက်သွားလျှင်ကိုရပါသည်။) တည်ရှိသဖြင့် စိုက်ပျိုး၊ မွေးမြူရေး၊ သစ်တောသိပ္ပံမြို့တော် (Agriculture, Live-stock and Forest Science City) ကြီးသဖွယ်ဖြစ်နေ၍ ပူးပေါင်းဆောင်ရွက်ရန် အလွန်လွယ်ကူနေပါသည်။)

No comments:

Post a Comment