မောင်မောင်စွယ်စုံထွန်း
အိမ်၌ အဲကွန်းဖွင့်လိုက်သည်နှင့် လျှပ်စစ်ဘရိတ်ကာ ဝုန်းခနဲကျသွားခြင်းမျိုး သို့မဟုတ် ရေပူစက်နှင့် မီးဖိုပြိုင်သုံးမိလို့ မီးပျက်သွားခြင်းမျိုး ခဏခဏကြုံဖူးကြလိမ့်မည်ဟု ယူဆမိပါသည်၊၊ အချို့က ဘရိတ်ကာ(Breaker) ခဏခဏကျသည်ဟုဆိုပြီး ရှိရင်းစွဲဘရိတ်ကာနေရာတွင် ဝိုင်ယာကြိုး၏ အမ်ပီယာ(Ampere) ခံနိုင်ရည်ကိုမကြည့်ဘဲ ဘရိတ်ကာကိုသာလဲလှယ်တပ်ဆင်တတ်ကြပါသည်။ ထိုသို့လုပ်လိုက်ခြင်းဖြင့် ဘရိတ်ကာခဏခဏမကျတော့ပါ၊၊ သို့သော် ဝိုင်ယာကြိုးများ အပူလွန်ကဲပြီး မီးလောင်မည့်ဘေးအန္တရာယ်ကို ဖိတ်ခေါ်လိုက်သလို ဖြစ်သွားတတ်ပါသည်။
အိမ်တွင်း လျှပ်စစ်မီးလိုင်းများတွင် ဝန်အားပိုသုံးစွဲမှု (Overload)မဖြစ်ဘဲ ဘေးကင်းလုံခြုံစေရန်အတွက် Breaker Ampere ကို စနစ်တကျ တွက်ချက်ရွေးချယ်တပ်ဆင်ကြရပါမည်၊၊ မိမိတပ်ဆင်မည့် လျှပ်စစ်ပစ္စည်းများ၏ ဝပ်အား(Watts)အားလုံးကို အရင်ပေါင်းပါ။ ပြီးလျှင် ဗို့အားစံနှုန်းဖြစ်သည့် ဗို့ ၂၂၀ (Voltage)နှင့်စားလိုက်လျှင် လိုအပ်သည့် အမ်ပီယာကို အလွယ်တကူရရှိနိုင်ပါသည်။ (ဥပမာ - ဝပ် ၁၅၀၀ ရေနွေးအိုးဆိုလျှင် ၁၅၀၀ ၂၂၀ = ၆ ဒသမ ၈ အမ်ပီယာ လိုအပ်ပါသည်။)
ဘရိတ်ကာတစ်ခုသည် သူ၏အမြင့်ဆုံးခံနိုင်ရည်အပြည့်အထိ အမြဲတမ်းတင်၍ မသုံးသင့်ပါ။ ဘေးကင်းရန်အတွက် ဘရိတ်ကာအမ်ပီယာ၏ ၈၀ ရာခိုင်နှုန်းဝန်းကျင်လောက်မှာသာ ပုံမှန်အသုံးပြု သင့်ပါသည်။ ဥပမာ - ၁၆ အမ်ပီယာ ဘရိတ်ကာတစ်ခုဆိုလျှင် ၁၃ အမ်ပီယာ (ဝပ် ၂၈၀၀ ခန့်)ထက်ပိုပြီး ပစ္စည်းများ စုပြုံမသုံးစွဲသင့်ပါ။
ဘရိတ်ကာဆိုသည်မှာ ဝိုင်ယာကြိုးကို မီးမလောင်အောင်ကာကွယ်ပေးသည့် ဒိုင်းကာသဖွယ်သာဖြစ်ပါသည်။ ဝိုင်ယာကြိုးခံနိုင်ရည်ထက် ဘရိတ်ကာအမ်ပီယာသည် ပိုကြီးမနေရန်အလွန်အရေးကြီးပါသည်။ မီးလုံး၊ ပန်ကာများအတွက် 1.5 sq-mm ဝိုင်ယာကြိုးတွင် 10A Breakerနှင့် ပလပ်ပေါက်များအတွက် 2.5 sq-mm ဝိုင်ယာကြိုးတွင် 16A Breaker စသည်ဖြင့် သုံးသင့်ပါသည်၊၊ အဲကွန်း၊ ရေပူစက်များအတွက် 4.0 sq-mm ဝိုင်ယာကြိုးတွင် 20A သို့မဟုတ် 25A Breaker များကို စနစ်တကျခွဲခြားသုံးပေးရပါမည်။
သီးသန့်မီးလိုင်းများ ခွဲထုတ်ခြင်း
အဲကွန်း၊ ရေတင်မော်တာ၊ induction မီးဖိုနှင့် ရေပူစက်လို မီးအားအများကြီးစားသည့် ပစ္စည်းများကို သာမန်ပလပ်များနှင့် ရောမသုံးဘဲ ဘရိတ်ကာဖြင့် သီးသန့်လိုင်း(Individual Breaker)တစ်ခုစီ ခွဲပေးထားမှသာလျှင် Overload ဖြစ်ခြင်းမှနေ၍ လုံးဝကင်းဝေးစေမည် ဖြစ်ပါသည်။ အဆောက်အအုံတစ်ခု၌ အပြင်ပန်းလှပနေရုံဖြင့် မလုံလောက်ဘဲ မျက်စိနှင့်မမြင်ရသည့် Electrical Safety & Breaker Sizing (လျှပ်စစ်စနစ်ဘေးကင်းလုံခြုံမှုစံနှုန်းများ)ကို တိကျစွာထည့်သွင်းတွက်ချက်တည်ဆောက်ထားမှုရှိမှသာလျှင် မိသားစုတိုင်းမီးဘေးအန္တရာယ်ကင်းပြီး စိတ်အေးချမ်းသာစွာနေထိုင်နိုင်မည်လည်းဖြစ်ပါသည်။ သို့ဖြစ်ရာ လျှပ်စစ်ဝန်အားပိုသုံးခြင်းဟူသော သတ်မှတ်ထားသည့် လျှပ်စစ်ပမာဏ(Capacity)ထက် ပိုမို၍ လျှပ်စစ်ဓာတ်အားကို သုံးစွဲခြင်းကို အထူးအလေးထားရှောင်ရှားသင့်ကြပါသည်။
ဖြစ်ပေါ်ရသည့် အကြောင်းရင်းများ
ပစ္စည်းများပြားခြင်း။ လျှပ်စစ်မီးပလပ်ခုံ တစ်ခုတည်းတွင် လျှပ်စစ်သုံးစွဲမှုများသော ပစ္စည်းများစွာကို တစ်ပြိုင်နက်တည်း တွဲသုံးခြင်း၊
သတ်မှတ်ချက်ထက်ကျော်လွန်ခြင်း။ အိမ် သို့မဟုတ် အဆောက်အအုံအတွက် ခွင့်ပြုထားသော မီတာဝန်အား (Load)ထက် ပိုမိုသုံးစွဲခြင်း။
ဆိုးကျိုးများနှင့် အန္တရာယ်များ
မီးလောင်ကျွမ်းနိုင်ခြင်း။ လျှပ်စစ်ကြိုးများပူလာပြီး မီးပွားထွက်ခြင်းနှင့် မီးလောင်မှုများ ဖြစ်ပွားနိုင်ခြင်း၊
ပစ္စည်းများပျက်စီးခြင်း။ အိမ်သုံးလျှပ်စစ်ပစ္စည်းများ (ရေခဲသေတ္တာ၊ အဲကွန်း စသည်တို့) အလုပ်မလုပ်တော့ဘဲ အမြန်ပျက်စီးခြင်း၊
မီးပျက်ခြင်း။ မီတာဘောက်စ်ရှိ ဘရိတ်ကာခုံများ မကြာခဏခုန်ကျခြင်း သို့မဟုတ် ပျက်စီးခြင်း။
မဖြစ်မနေဆောင်ရွက်သင့်သည့် နည်းလမ်းများ
ပလပ်ခုံတစ်ခုတည်းတွင် အပူပေးစက်၊ မိုက်ခရိုဝေ့ဖ်ကဲ့သို့ ဝန်အားပြင်း ပစ္စည်းများကို အတူတွဲမသုံးရန်၊
လိုအပ်ပါက သင့်လျော်သော မီတာဝန်အား တိုးမြှင့်လျှောက်ထားရန်။
Overload ၏ အဓိပ္ပာယ်
Circuit Overload ဆိုသည်မှာ သတ်မှတ်ထားသော လျှပ်စစ်ပမာဏ သို့မဟုတ် ဝန်အား(Load)ထက် ကျော်လွန်၍ အသုံးပြုမိခြင်းကို ခေါ်ဆိုခြင်းဖြစ်သည်။ လျှပ်စစ်စနစ်(Electrical Circuit)အတွင်း သတ်မှတ်ထားသည့် Ampere ပမာဏထက် ပိုသုံးမိသောအခါ Overload ဖြစ်ပေါ်ပြီး အပူလွန်ကဲလာသည်။ မော်တာ သို့မဟုတ် စက်ပစ္စည်းများသည် သတ်မှတ်ထားသောဝန်ပမာဏထက် ပိုမိုသယ်ဆောင်ရခြင်းကို (Mechanical/Electrical Load)ဟု ဆိုလိုသည်။
အဓိကအကျိုးဆက်များ
ဝိုင်ယာကြိုးများ ပူလာခြင်းနှင့် အကာအကွယ်ပစ္စည်းများပျက်စီးခြင်း၊
မီးလောင်ကျွမ်းနိုင်သည့် အန္တရာယ်ရှိခြင်း၊
စက်ပစ္စည်းများ လောင်ကျွမ်းခြင်း သို့မဟုတ် သက်တမ်းတိုသွားခြင်း။
Over Load ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများ
(၁) Electronics ပစ္စည်းများစွာ ချိတ်ဆက်သုံးစွဲခြင်း (e.g- plug socket မှာ လျှပ်စစ်ပစ္စည်းများကို များများ ချိတ်သုံးခြင်း)၊
(၂) အရည်အသွေးပြည့်မီသည့် cable သို့မဟုတ် circuit breaker များကို သင့်လျော်သည့်အရွယ်အစား မသုံးခြင်း၊
(၃) Fault ဖြစ်ခြင်း(e.g short circuit)Short circuit ဖြစ်သည့်အခါ current များလာပြီး overload ဖြစ်ခြင်း။
ဝန်အားပိုသုံးမှုကို ကာကွယ်ရန် နည်းလမ်းများ
သတ်မှတ်ခွင့်ပြုဝန်အားကို လိုက်နာပါ။ မီတာ သို့မဟုတ် စက်ပစ္စည်းများတွင် သတ်မှတ်ထားသော ခွင့်ပြုဝန်အားထက် ကျော်လွန်၍ အသုံးမပြုပါနှင့်။
သင့်လျော်သော ဝိုင်ယာကြိုးအရွယ်အစားသုံးပါ။ ဓာတ်အား ပမာဏနှင့် လိုက်ဖက်ညီပြီး ဝိုင်ယာကြိုးများကို အသုံးပြုခြင်း ဖြင့် ဗို့အားကျဆင်းခြင်းနှင့် ဝန်ပိုမှုကို ကာကွယ်နိုင်သည်။
Fuses နှင့် Circuit Breakers များတပ်ဆင်ပါ။ ဓာတ်အားပမာဏ အလွန်အကျွံရောက်လာပါက သို့မဟုတ် ဝန်ပိုလာပါက အလိုအလျောက် ဖြတ်တောက်ပေးမည့် ကိရိယာများကို အသုံးပြုပါ။
ဟောင်းနွမ်းနေသော မီးကြိုးများကိုလဲလှယ်ပါ။ ကာလကြာရှည်သုံးစွဲထားပြီး ဟောင်းနွမ်းနေသော လျှပ်စစ်မီးကြိုးများကို အသစ်လဲလှယ်ပေးပါ။
ဗို့အားကာကွယ်ရေးပစ္စည်းများသုံးပါ။ ဗို့အား မမှန်မကန်ဖြစ်ခြင်းမှ ကာကွယ်ရန် Voltage Protector ကဲ့သို့သော ကိရိယာများကို တပ်ဆင်ပါ။
အချုပ်အားဖြင့်ဆိုရသော် ဝန်အားပိုသုံးစွဲမှု ကာကွယ်ခြင်းဆိုသည်မှာ လျှပ်စစ်ပစ္စည်းများ သို့မဟုတ် ဓာတ်အားစနစ်များတွင် ခွင့်ပြုထားသည့် ပမာဏထက် ပိုမိုလွန်ကဲစွာ လျှပ်စစ်ဓာတ်အားသုံးစွဲခြင်းကို တားဆီးကာကွယ်ခြင်းဖြစ်ပါသည်။ ပြည်သူအားလုံးက ဝန်ပိုသုံးစွဲမှုများနှင့် ကာကွယ်နိုင်သည့် နည်းလမ်းများကို လိုက်နာဆောင်ရွက်ပေးကြမှသာလျှင် ဝန်အားပိုခြင်းကြောင့် ဖြစ်ပွားလာနိုင်မည့်အန္တရာယ်များမှ ကင်းဝေးကြမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်၊၊ ။
No comments:
Post a Comment