Thursday, October 8, 2026

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ပြည်သူ့လွှတ်တော်ကော်မတီများမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော် အောက်တိုဘာ ၇

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်းထားရှိသည့်ကော်မတီများမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၆) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်သူ့လွှတ်တော် ( C ) ဆောင် ဒုတိယထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မိမိတို့တတိယအကြိမ် ပြည်သူ့လွှတ်တော်သည် တတိယပုံမှန်အစည်းအဝေးသို့ ရောက်ရှိလာပြီဖြစ်ပါကြောင်း၊ လွှတ်တော်၏ လုပ်ငန်းတာဝန်များသည် သိသာထင်ရှားသည့်အရွေ့တစ်ခုသို့ ရောက်ရှိရန်အတွက် ကော်မတီများ၏ ဆောင်ရွက်ချက်များသည် အဓိကကျပါကြောင်း၊ ကော်မတီများအား လွှတ်တော်အတွင်း၌ သက်ဆိုင်ရာကဏ္ဍအလိုက် အသေးစိတ်လေ့လာခြင်း၊ စိစစ်ဆွေးနွေးခြင်း၊ အကြံပြုခြင်းများဖြင့် လွှတ်တော်၏လုပ်ငန်းများကို ပိုမိုအားကောင်းစေရန် ဖွဲ့စည်းထားရှိခြင်း ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် အထူးပြုလုပ်ငန်းတာဝန်များကို လက်တွေ့ဆောင်ရွက်ပေးရသည့် အဖွဲ့လည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ကော်မတီများအနေဖြင့် မိမိတို့နှင့်သက်ဆိုင်သည့် ကဏ္ဍအသီးသီးတွင် ကျွမ်းကျင်နှံ့စပ်မှုရှိစေရန် စဉ်ဆက်မပြတ်လေ့လာနေကြရမည်ဖြစ်ပါကြောင်း၊ ကော်မတီအလိုက် လေ့လာစိစစ်ရမည့် ဥပဒေများနှင့်စပ်လျဉ်း၍လည်း ခေတ်ကာလနှင့် ကိုက်ညီမှုရှိစေရေးအတွက် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ရုပ်သိမ်းခြင်းနှင့် လိုအပ်ပါက ဥပဒေအသစ်ပြဋ္ဌာန်းခြင်းများဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးကြရမည်ဖြစ်ပါကြောင်း၊ ကော်မတီများအနေဖြင့် လွှတ်တော်၏ ဥပဒေပြုလုပ်ငန်းစဉ်များ ပိုမိုထိရောက်စေရန်အတွက် Legislative Calendar များ ရေးဆွဲဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။

မိမိတို့သည် ပြည်သူများ၏အသံနှင့် လိုလားချက်များကို အလေးအနက်ထား ဆောင်ရွက်ရမည်ဖြစ်သလို နိုင်ငံတော်အတွက် အထောက်အကူဖြစ်စေမည့် ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း အလေးထားစဉ်းစားကြရမည်ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာကိစ္စရပ်များ၊ အမျိုးသမီးနှင့်ကလေးသူငယ်များအား အကြမ်းဖက်မှုမှ အကာအကွယ်ပေးရေးဆိုင်ရာကိစ္စရပ်များ၊ သက်ကြီးရွယ်အို စောင့်ရှောက်မှုဆိုင်ရာကိစ္စရပ်များ၊ တောင်သူလယ်သမားများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ တည်ဆဲဥပဒေများဖြင့် မလုံလောက်ပါက ဥပဒေအသစ်များပြဋ္ဌာန်းနိုင်ရေး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကော်မတီများအနေဖြင့် မိမိတို့၏ ဆောင်ရွက်ချက်များကို သိသာထင်ရှားသည့် တိုးတက်မှုများရှိစေရန်အတွက် Key Performance Indicator (KPI) ဖြင့် အကဲဖြတ်တိုင်းတာ ဆောင်ရွက်ထားရှိရန်လိုအပ်ပါကြောင်း၊ ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ အခြားနိုင်ငံတကာလွှတ်တော်များ၏ ဆောင်ရွက်ချက်များအပေါ် လေ့လာသုံးသပ်ပြီး နိုင်ငံနှင့်ပြည်သူကိုအကျိုးပြုသော လွှတ်တော်တစ်ရပ်ဖြစ်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌက ကိုယ်စားလှယ်တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်မြင့်မားမှသာ လွှတ်တော်၏အခန်းကဏ္ဍလည်း မြင့်မားလာမည်ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်များ အရည်အသွေးမြင့်မားရေးအတွက် ဆွေးနွေးပွဲများ၊ သင်တန်းများ ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကော်မတီများတွင်တာဝန် ထမ်းဆောင်လျက်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များသည် အတွေ့အကြုံရှိသည့် ပုဂ္ဂိုလ်များဖြစ်၍ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပါက ပိုမိုထိရောက်မှုရှိမည်ဟု အကြံပြုလိုပါကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက ကော်မတီများအလိုက် ဆောင်ရွက်နေသည့်ကိစ္စရပ်များအား တင်ပြကြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်

No comments:

Post a Comment