Wednesday, October 14, 2026

ပြည်သူအားလုံးသက်တမ်းစေ့နေနိုင်ရေး ရောဂါဘယကင်းဝေးရေးကြိုးပမ်း


ကျန်းမာရေးဝန်ကြီးဌာန ဆေးတက္ကသိုလ်အသီးသီးမှ မွေးထုတ်ပေးလိုက်သော ဆရာဝန်(သစ်လွင်)များနှင့် သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်ခြင်း ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ပြီး မိမိတို့၏ ပညာ၊ အချိန်၊ အင်အားနှင့် စေတနာတို့ကို ပြည်သူ့ကျန်းမာရေးအတွက် အကောင်းဆုံးအသုံးချကြရန် တိုက်တွန်းပြောကြားသည်။

နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် “မိမိတို့၏ ပညာအရည်အချင်းနှင့် ကျွမ်းကျင်မှုကို အစဉ်အမြဲမြှင့်တင်နေကြရန်လိုကြောင်း၊ လူနာများကို ကုသမှုပေးရာတွင် စေတနာ၊ ကရုဏာရှေ့ထားပြီး မိမိတို့၏ မိဘ၊ မောင်နှမ၊ ဆွေမျိုးသားချင်းများသဖွယ် မိသားစုစိတ်ဓာတ်ဖြင့် ကုသမှုများပေးကြရမည်ဖြစ်ကြောင်း၊ ထို့အပြင် ဆေးဘက်ဆိုင်ရာကျင့်ဝတ်များကို လိုက်နာထိန်းသိမ်းပြီး လူနာကိုနားထောင်ပေးခြင်း၊ လူနာနှင့် မိသားစုကို ရှင်းလင်းစွာရှင်းပြခြင်း၊ လူနာ၏ ကိုယ်ရေးအချက်အလက်နှင့် လျှို့ဝှက်ချက်ကို ထိန်းသိမ်းခြင်းနှင့် လူနာ၏ ဂုဏ်သိက္ခာအား လေးစားခြင်းတို့ကို အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ Professional ၏ ဂုဏ်သိက္ခာ ထိန်းသိမ်းစောင့်ရှောက်သည့်၊ နိုင်ငံတော်က အားကိုးရသည့်၊ တာဝန်ယူမှုရှိသည့် လူနာဗဟိုပြု ဆရာဝန်ကောင်းများဖြစ်အောင် ကြိုးစားကြရန်” လမ်းညွှန်မှာကြားခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်ရာတွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးသည် အခြေခံကျသည့် လိုအပ်ချက်တစ်ရပ်ဖြစ်ခြင်းကြောင့် ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုမည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် အလေးထားကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိသည်။ ကျန်းမာရေးကဏ္ဍတွင် နိုင်ငံသားတိုင်း ကျန်းမာကြံ့ခိုင်မှုရှိစေရေးနှင့် သက်တမ်းစေ့နေနိုင်ရေးအတွက် “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဟူသည့် မူဝါဒနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။ လက်ရှိတွင် မြန်မာနိုင်ငံရှိ ပြည်သူလူထု၏ လူ့မျှော်မှန်းသက်တမ်းသည် ၆၉ နှစ်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် မျှော်မှန်းသက်တမ်းကို နှစ် ၇၀ ကျော် တိုးမြင့်လာစေရန်ရည်မှန်းပြီး အားသွန်ခွန်စိုက် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသည်။

ထို့အပြင် “ဆေးရုံရှိလျှင်၊ ဆရာဝန်ရှိရမည်” ဆိုသည့် အဓိကရည်မှန်းချက်ကို ပြည့်ဝစေရေး အလေးထားပြီး မြို့ပြနှင့်ကျေးလက်မကျန်၊ ဆင်းရဲချမ်းသာမရွေး လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှုရနိုင်ရေးကို ဆောင်ရွက်ပေးလျက်ရှိသည်။ ကျန်းမာရေးစောင့်ရှောက်မှု ယန္တရားကြီးတစ်ခုလုံး ပြည့်စုံကောင်းမွန်စေရန်အတွက် ကျွမ်းကျင်သည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ ပြည့်စုံနေစေရန် အလွန်အရေးကြီးသည်။

၂၀၂၃ ခုနှစ်တွင် Naypyitaw State Academy ၌ ဆေးသိပ္ပံပညာမဟာဌာနကို ထပ်မံဖွင့်လှစ်ပေးခဲ့သဖြင့် ယခုအခါ ဆေးတက္ကသိုလ်ခြောက်ခုနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ် ၁၁ ခု စုစုပေါင်း တက္ကသိုလ် ၁၇ ခုရှိလာပြီဖြစ်သည်။ ဆေးပညာဆိုင်ရာ သင်ရိုးညွှန်းတမ်းများကိုလည်း နိုင်ငံတကာအဆင့်မီအဖြစ် မျှော်မှန်းရလဒ် အခြေခံသည့် စုစည်းချိတ်ဆက်သင်ကြားခြင်းစနစ်ကို ပြောင်းလဲသင်ကြားပေးလျက်ရှိပြီး ကျန်းမာရေးပညာရှင်များအကြား ယှဉ်တွဲလေ့လာသင်ယူမှုနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်ရေးတို့ကို ထည့်သွင်းသင်ကြားပေးလျက်ရှိသည်။ နိုင်ငံတစ်ဝန်းတွင်လိုအပ်သည့် ကျန်းမာရေးဝန်ထမ်းများ ပြည့်စုံမှုရှိစေရေးအတွက် လူသားအရင်းအမြစ်များကို နှစ်စဉ် စီမံချက်ဖြင့် လေ့ကျင့်မွေးထုတ်ပေးလျက်ရှိရာ နောင်လာမည့် ၅ နှစ်၊ ၁၀ နှစ်နှင့် ၁၅ နှစ်အတွက် ရည်မှန်းချက်ထားပြီး ရေတို၊ ရေရှည်စီမံချက်များ ရေးဆွဲဆောင်ရွက်လျက်ရှိသည်။

ကျန်းမာရေးအသုံးစရိတ်သည် ၂၀၀၀ ပြည့်နှစ်တွင် စုစုပေါင်း အစိုးရအသုံးစရိတ် ၏ ၁ ဒသမ ၅ ရာခိုင်နှုန်းခန့်သာရှိသော်လည်း ယခု ၂၀၂၆-၂၀၂၇ ခုနှစ်တွင် ၂ ဒသမ ၈ ရာခိုင်နှုန်း၊ ကျပ်သန်း ၁၃၉၁ ဘီလီယံကျော်အထိ တိုးမြှင့်ပေးထားပြီး ကျန်းမာရေးကဏ္ဍမြှင့်တင်နိုင်ရေးအတွက် နိုင်ငံတော်ရန်ပုံငွေများကို နှစ်စဉ်တိုးမြှင့် ချထားပေးနိုင်ရေး ဆောင်ရွက်သွားမည်ဟုသိရသည်။ သို့ဖြစ်ရာ နိုင်ငံတော်အစိုးရက ကျန်းမာရေးကဏ္ဍကို အဘက်ဘက်တွင် မြှင့်တင်ပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိသည့်နည်းတူ ပြည်သူတစ်ဦးချင်းစီ၏ ကျန်းမာရေးကိုစောင့်ရှောက်ခြင်းသည် မိသားစုတစ်စု၏အနာဂတ်ကို စောင့်ရှောက်ပေးခြင်းဟုခံယူပြီး မိမိတို့၏ပညာ၊ စေတနာကို ပြည်သူ့အကျိုးအတွက် အကောင်းဆုံးအသုံးချရန်၊ နိုင်ငံတော်ကအားထားရသည့် ဆရာဝန်ကောင်းများ၊ ပြည်သူက ယုံကြည်အားကိုးရသည့် ကျန်းမာရေးပညာရှင်များဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။

No comments:

Post a Comment