Saturday, October 10, 2026

အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု နှစ်နိုင်ငံရလဒ်ကောင်းများပေါ်ထွက်

 



မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အောက်တိုဘာလ ၈ ရက်နေ့တွင် မလေးရှားနိုင်ငံဝန်ကြီးချုပ်က ကွာလာလမ်ပူမြို့ရှိ မလေးရှားဝန်ကြီးချုပ်ရုံး၌ နိုင်ငံတော်သမ္မတနှင့် မလေးရှားနိုင်ငံဝန်ကြီးချုပ်တို့ သီးသန့်တွေ့ဆုံ၍ ကမ္ဘာ့နိုင်ငံရေးအခြေအနေများနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု၊ နှစ်နိုင်ငံကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု၊ အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာများ၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး၊ နယ်စပ်ဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

သီးသန့်တွေ့ဆုံမှုတွင် နိုင်ငံတော်သမ္မတက “လက်ရှိကမ္ဘာ့စနစ်သည် အင်အားကြီးနိုင်ငံများ၏ ပြိုင်ဆိုင်မှုတစ်ခုတည်းကြောင့် ပြောင်းလဲနေခြင်းမဟုတ်ဘဲ ပထဝီစီးပွားရေးပြိုင်ဆိုင်မှုအဖြစ်လည်း ပြောင်းလဲလာပြီး တစ်နည်းအားဖြင့် ပြောရမည်ဆိုပါက ယနေ့ခေတ်တွင် Geopolitics နှင့် Geoeconomics သည် ပိုမိုနီးကပ်စွာ ဆက်စပ်လာပါကြောင်း၊ ယင်းအခြေအနေတွင် မြန်မာနှင့် မလေးရှားတို့သည် အရှေ့တောင်အာရှ၏ နှစ်နိုင်ငံအဖြစ်သာမက အိန္ဒိယသမုဒ္ဒရာနှင့် အာဆီယံစီးပွားရေး ဗဟိုဒေသကို ချိတ်ဆက်ပေးနိုင်သည့် မဟာဗျူဟာမြောက် မိတ်ဖက်နှစ်နိုင်ငံအဖြစ်လည်း ရှုမြင်နိုင်ပါကြောင်း၊ ထို့ကြောင့် ပထဝီဝင်အနေအထားကို ကံကြမ္မာအဖြစ်သာ လက်ခံနေမည့်အစား ပထဝီဝင်အားသာချက်ကိုအခြေခံပြီး ချိတ်ဆက်မှုများ တည်ဆောက်ရမည်၊ Infrastructure များ တိုးတက်အောင်လုပ်ရမည်၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို အားပေးရမည်၊ လူ့စွမ်းအားအရင်းအမြစ်ကို မြှင့်တင်ရမည်၊ နောက်ဆုံးတွင် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားနှင့်ချိတ်ဆက်ပေးနိုင်ရမည်ဖြစ်ပါကြောင်း” ပြောကြားသည်။

မြန်မာ-မလေးရှား နှစ်နိုင်ငံသည် ကာလရှည်ကြာသော ကောင်းမွန်သည့် ဆက်ဆံရေးကောင်းများ ရှိခဲ့သည်။ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးကို ၁၉၅၈ ခုနှစ်တွင် စတင်ထူထောင်ခဲ့ရာ ယခုအခါ ၆၈ နှစ်ကျော်ခဲ့ပြီဖြစ်သည်။ ပြီးခဲ့သည့်ကာလများတွင် ဆက်ဆံရေးအားဖြင့် အနည်းငယ်ကွာဝေးခဲ့သော်လည်း နှစ်နိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများကဲ့သို့ အရေးကြီးသည့် မိတ်ဆွေနိုင်ငံများအဖြစ် ဆက်ဆံလျက်ရှိသည်။ မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများတွင် အရေးကြီးသည့်နိုင်ငံဖြစ်သဖြင့် စိန်ခေါ်မှုများ၊ အဟန့်အတားများကြားမှ အာဆီယံနိုင်ငံများက မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို နီးကပ်စွာ ထိတွေ့ဆောင်ရွက်လာကြသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံ၊ ဒေသပေါင်း ၄၈ ခုအနက် မလေးရှားနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုအဆင့် (၉) တွင်ရှိပြီး ပြီးခဲ့သည့်နှစ်တွင် နှစ်နိုင်ငံ စုစုပေါင်းကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၁၆၀၀ ကျော်ရှိသည်။

မြန်မာနိုင်ငံက အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှု၊ အွန်လိုင်းရာဇဝတ်မှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စရပ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ချမှတ်ပြီး လုံးဝအမြစ်ပြတ်အောင်ဆောင်ရွက်နေသည်။ အာဆီယံဒေသတွင်း၌ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့နှင့် မလေးရှားနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီ၊ မလေးရှားတော်ဝင်ရဲတပ်ဖွဲ့တို့နှင့် အပြန်အလှန်သတင်း ဖလှယ်ဆောင်ရွက်လျက်ရှိသည်။

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများနှင့် မိသားစုဝင်များမှာ မှတ်တမ်းများအရ ၁၆၀၀၀၀ ကျော် လာရောက်နေထိုင် လုပ်ကိုင်လျက်ရှိသောကြောင့် ၎င်းတို့၏လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး၊ ရသင့်ရထိုက်သည့် အခွင့်အရေးများနှင့် အကာအကွယ်များရရှိရေး၊ လူမှုဖူလုံရေးနှင့် စောင့်ရှောက်မှုများ ပိုမိုကောင်းမွန်လာစေရေးအတွက် မလေးရှားနိုင်ငံအစိုးရနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် အလုပ်သမားများ တရားဝင်လမ်းကြောင်းမှတစ်ဆင့် စနစ်တကျလာရောက်လုပ်ကိုင်နိုင်ရေး၊ ခေါင်းပုံဖြတ်ခံရမှုမှ အကာအကွယ်ပေးရေး၊ ဗီဇာနှင့် အလုပ်လုပ်ခွင့် ပါမစ်ဆိုင်ရာကိစ္စရပ်များ ချောမွေ့စေရေးနှင့် နှစ်နိုင်ငံ အလုပ်သမား သဘောတူညီချက်များအတိုင်း ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် အာဆီယံဒေသတွင်း၌ မြန်မာကဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီး ဦးဆောင်သည့် မလေးရှားနိုင်ငံ တရားဝင်ခရီးစဉ်သည် အောင်မြင်သည့်ခရီးစဉ်ဖြစ်ပြီး ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်ဆောင်ရွက်ကာ နှစ်နိုင်ငံနယ်ပယ်ကဏ္ဍအားလုံး၌ မြှင့်တင်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံနှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုများကို တိုးတက်ခိုင်မာအောင် ဆောင်ကြဉ်းပေးနိုင်မည့် ရလဒ်ကောင်းများ ရရှိလာတော့မည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment