ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးမဆို မိမိနိုင်ငံနှင့် မိမိလူမျိုးကို ချစ်မြတ်နိုးကြသလို မိမိနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် မိမိနိုင်ငံ၏ ဂုဏ်သိက္ခာကို အထိပါးမခံဘဲ ကာကွယ်စောင့်ရှောက်ကြသည်ကို တွေ့မြင်နေရသည်။ နိုင်ငံအများစု၌ နိုင်ငံရေးအရ ယုံကြည်ချက်၊ ခံယူချက် မတူကွဲပြားမှုရှိကြသော်လည်း မိမိယုံကြည်ရာကို ဆောင်ရွက်ရာ၌ နိုင်ငံနှင့်လူမျိုးကို မထိခိုက်စေဘဲ ကဏ္ဍခွဲ၍ ဆောင်ရွက်ကြသည်ကို တွေ့နိုင်သည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးဘဝ၊ လူမှုဘဝအခြေအနေတို့ကို သုံးသပ်ကြည့်မည်ဆိုပါက မိမိနိုင်ငံနှင့် မိမိလူမျိုး ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်နေသူများရှိနေသည်ကို စိတ်မကောင်းဖွယ်တွေ့ရမည်ဖြစ်သည်။
မည်သို့သောအကြောင်းအမျိုးမျိုး၊ ခံယူချက်အမျိုးမျိုးရှိသည်ဖြစ်စေ မိမိနိုင်ငံ၊ မိမိလူမျိုးအချင်းချင်း ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်ခြင်းသည်
ရှက်ဖွယ်လိလိဖြစ်ရုံသာမက စိတ်ပျက်ဖွယ်ရာအတိ ဖြစ်ပေသည်။ နိုင်ငံနှင့်လူမျိုးအား ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်သူများအနက်
ပြည်တွင်း၌ရှိနေသူများအနေဖြင့် နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် ဥပဒေ၊ စည်းမျဉ်းများနှင့်အညီ အရေးယူနိုင်သော်လည်း ပြည်ပနိုင်ငံများတွင် ခိုလှုံပြီး ထိပါးနေသူများမှာမူ နိုင်ငံ့အချုပ်အခြာအာဏာပြင်ပတွင် ရှိနေ၍ အကန့်အသတ်များ၊ အခက်အခဲများ ရှိပေသည်။ ယင်းကို အခွင့်ကောင်းယူ၍ နိုင်ငံတော်၏အချုပ်အခြာအာဏာ ယိမ်းယိုင်စေရန်နှင့် ဂုဏ်သိက္ခာကျစေရန်
လုပ်ရပ်များအပေါ် အရေးယူရန် အစီအစဉ်ရှိ/မရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာန၏ ရှင်းလင်းဖြေကြားချက်ကို သိရှိရပေသည်။
မျက်မှောက်ကာလတွင် အထူးသဖြင့် နိုင်ငံရေးအရ ပြည်ပသို့ထွက်ပြေးတိမ်းရှောင်ပြီး လူပုဂ္ဂိုလ်တစ်ဦးချင်းအရလည်းကောင်း၊ ဆန့်ကျင်ဘက် အဖွဲ့အစည်းအလိုက်သော်လည်းကောင်း၊
ပြည်ပအခြေစိုက် ပြည်ဖျက်မီဒီယာများအနေဖြင့်လည်းကောင်း
နိုင်ငံတော်၏ ဂုဏ်သိက္ခာကျဆင်းစေရန်နှင့်
နိုင်ငံတော်၏ အချုပ်အခြာအာဏာ ယိမ်းယိုင်စေရန် လူမှုကွန်ရက်များပေါ်မှတစ်ဆင့် နေ့စဉ်တိုက်ခိုက်နေကြသူများကို တွေ့မြင်ရမည်ဖြစ်သည်။ ပြည်ပနိုင်ငံများတွင် ခိုလှုံ၍ နိုင်ငံတော်အစိုးရအပေါ် ဆန့်ကျင်ရန်၊ အစိုးရအုပ်ချုပ်ရေးယန္တရားပျက်ပြားစေရန်နှင့်
တိုင်းပြည်စည်းလုံးညီညွတ်မှု ပျက်ပြားစေရန် ပြုလုပ်သူများ၊ အားပေးကူညီသူများအား မျက်ကွယ်ပြုမထားဘဲ တည်ဆဲဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်ခြင်း၊ အမှုဖွင့်လှစ်ပြီးပါက သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှတစ်ဆင့် အရေးယူဆောင်ရွက်နိုင်ရန် ပြုလုပ်နေကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ သက်ဆိုင်ရာအဖွဲ့အစည်းများမှတစ်ဆင့် ပေးပို့လာသော ဖမ်းဝရမ်း(နိုတြီ)များကို အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်မှု ရှိ/မရှိ စိစစ်၍ တရားစွဲဆိုခံရရန် သို့မဟုတ် ပြစ်မှုဆိုင်ရာ ပြစ်ဒဏ်ကျခံရန် လိုအပ်နေသူတစ်ဦးနှင့်စပ်လျဉ်း၍ ရဲတပ်ဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက်
Interpol Red Notice ထုတ်ပြန်ခြင်း၊
တရားခံများ ဖမ်းဆီးပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ရန် အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့သို့ ပေးပို့ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ၌ တရားခံလွှဲပြောင်းရေး ဥပဒေကို ၂၁-၇-၂၀၁၇ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းထားပြီး တရားခံလွှဲပြောင်းရေး သီးခြားလက်မှတ် ရေးထိုးခြင်းမရှိသော်လည်း ၁၄-၁၁-၂၀၂၅ ရက်နေ့တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား လက်မှတ်ရေးထိုးထားသည်။
တရားခံလွှဲပြောင်းရေးကိစ္စရပ်များ ပေါ်ပေါက်လာပါက နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုကိုအခြေခံ၍ တရားခံလွှဲပြောင်းရေးဥပဒေနှင့်အညီ အမှုကိစ္စတစ်ခုချင်း အလိုက်သုံးသပ်ပြီး လွှဲပြောင်းလက်ခံ ဆောင်ရွက်လျက်ရှိသည်။
ထို့ကြောင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာအား ယိမ်းယိုင်ပျက်ပြားစေရန်နှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာ ကျဆင်းစေရန်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသူများ၊ နိုင်ငံတော်အစိုးရအား ဆန့်ကျင်မှုများပြုလုပ်ပြီး ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေသူများနှင့် ပြည်ပနိုင်ငံများတွင် ခိုလှုံနေသူများအား ရာဇသတ်ကြီးဥပဒေ၊ မတရားအသင်းအက်ဥပဒေ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေနှင့်
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့ဖြင့်
အရေးယူဆောင်ရွက်ခြင်း၊ နိုင်ငံကူးလက်မှတ် ပယ်ဖျက်ခြင်း၊ အမည်မည်းစာရင်းရေးသွင်းခြင်း၊ စောင့်ကြည့်စာရင်းရေးသွင်းခြင်းနှင့်
Interpol Red Notice ထုတ်ပြန်ခြင်းများကို
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သို့ဖြစ်ရာ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ယိမ်းယိုင်စေရန်နှင့် ဂုဏ်သိက္ခာကျစေရန်၊ နိုင်ငံတော်အစိုးရအပေါ် ဆန့်ကျင်ရန်၊ အစိုးရအုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန်နှင့်
တိုင်းပြည်စည်းလုံးညီညွတ်မှု ပျက်ပြားစေရန်
ပြုလုပ်သူများ၊ အားပေးကူညီသူများကို မျက်ကွယ်ပြုမထားဘဲ ပြည်တွင်း၌ ခိုအောင်း၍ဖြစ်စေ၊ ပြည်ပ၌ ခိုလှုံ၍ဖြစ်စေ အဖျက်အမှောင့် ပြုလုပ်သူမှန်သမျှကို နိုင်ငံနှင့်လူမျိုးအား ချစ်မြတ်နိုးသူတိုင်း နိုင်ငံတော်အစိုးရနှင့်လက်တွဲ၍ ပြဋ္ဌာန်းထားသောဥပဒေများနှင့်အညီ ရှင်းလင်းဖယ်ရှား တိုက်ဖျက်ကြရမည်ဖြစ်ပါကြောင်း။ ။
No comments:
Post a Comment