နေပြည်တော် အောက်တိုဘာ ၉
တတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လူမှုရေးခက်ခဲသည့်မြို့နယ်များမှ
နိုင်ငံ့ဝန်ထမ်းများ ဒေသစရိတ်ခံစားခွင့်ရရှိရေး၊ ဝန်ထမ်းအိမ်ရာဆောက်လုပ်ပေးရေး၊ မြို့ကွက်သစ်ဧရိယာအဖြစ်
သတ်မှတ်ပေးရေး၊ ကျေးရွာအမည် ပေါက်ရရှိရေး၊ ဓာတ်ခွဲကျွမ်းကျင်ဝန်ထမ်းခန့်ထားပေးရေး၊
လယ်ယာမြေပုံစံ(၇) အမည်ပြောင်းခြင်း လုပ်ငန်းစဉ်ဖြေလျှော့ပေးရေး၊ လယ်ယာမြေများ၌ ပိုးမွှားအန္တရာယ်ကင်းရှင်းအောင်
ဆောင်ရွက်ပေးရေး၊ အခွန်လျှော့ချရေး၊ စိုက်ပျိုးစရိတ်ချေးငွေအတွက် အထူးစီမံချက်များချမှတ်ရေးနှင့်
အခွန်အခြေခံ ကျယ်ပြန့်လာစေရန် ဆောင်ရွက်ပေးရေး၊ စိုက်ပျိုးရေးဇုန်များတည်ထောင်ပေးရေး၊
နည်းပညာ၊ အခြေခံ အဆောက်အအုံ၊ ထွက်ကုန်များ အသိအမှတ်ပြုလက်မှတ်ရရှိရေး၊ ဈေးကွက်တင်ပို့မှုများကို
ကူညီ ပေးရေးတို့နှင့်စပ်လျဉ်း၍ မေးခွန်း ၁၁ ခု မေးမြန်း ဖြေကြားခြင်းနှင့် အဆို ၁ ခု
ဆွေးနွေးအတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။
ဦးစွာ ကြာအင်းဆိပ်ကြီးမဲဆန္ဒနယ်မှ ဦးမြင့်ထွန်း၏
လူမှုရေးခက်ခဲသည့်မြို့နယ်များမှ နိုင်ငံ့ဝန်ထမ်း များအတွက် လက်ရှိလစာနှင့်ညီမျှသည့်ဒေသစရိတ်ကို
မည်သည့်ဘဏ္ဍာရေးနှစ်တွင် စတင်ခံစားခွင့်ပြုမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသောဒေသများအဖြစ်
သတ်မှတ်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ စိစစ်ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်အဆင့်
ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသော ဒေသသတ်မှတ်ရေးကော်မတီများက သက်ဆိုင်ရာတိုင်းဒေသကြီး/
ပြည်နယ်အတွင်းရှိ ဒေသစရိတ်ခံစားခွင့်ပြုထားသည့် မြို့နယ်/မြို့များ၊ ဒေသစရိတ်ခံစားခွင့်ပြုရန်
ထပ်မံတင်ပြသင့်သည့် မြို့နယ်/မြို့များနှင့် ကျေးရွာအုပ်စုများစာရင်းကို လုံခြုံရေး၊
တည်ငြိမ်အေးချမ်းမှု၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ ဆက်သွယ်ရေးစနစ် ခက်ခဲမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊
ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးစနစ်ဖွံ့ဖြိုးမှု၊ လျှပ်စစ်ဓာတ်အားလုံလောက်မှု၊
စီးပွားရေးလုပ်ငန်းများ ဖြစ်ထွန်းမှု၊ ရာသီဥတုအခြေအနေ၊ လူမှုပတ်ဝန်းကျင်ခက်ခဲမှုနှင့်
စက်သုံးဆီဖြန့်ဖြူးပေးနိုင်မှုအခြေအနေ စသည့်အချက်များနှင့်အညီ စိစစ်သုံးသပ်ထားရှိပါကြောင်း။
သို့ဖြစ်ပါ၍ ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသော
ဒေသဖြစ်သည့် ကြာအင်းဆိပ်ကြီး မြို့နယ်အပါအဝင် ကျန်မြို့နယ်များ၏ လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး၊
ရာသီဥတုနှင့် လူမှုစီးပွားအခြေအနေတို့ကို ပြန်လည်သုံးသပ်နိုင်ရေးအတွက် နေပြည်တော်၊
တိုင်းဒေသကြီး/ ပြည်နယ် စိစစ်ရေးကော်မတီများအား အခြေခံအချက်(၁၁)ချက်နှင့်အညီ စိစစ်တင်ပြစေခြင်း၊
ရရှိလာသည့်အချက်အလက်များကို သုံးသပ် ဆွေးနွေးခြင်း၊ ဒေသစရိတ်ခံစားခွင့်ရှိသည့် ဒေသများကို
လိုအပ်သလိုတိုးချဲ့ခြင်း၊ ပြင်ဆင်ခြင်းများ ပြုလုပ် နိုင်ရေး ပြည်ထောင်စုအစိုးရအဖွဲ့သို့
တင်ပြခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် လတ်တလော အခြေအနေတွင် လက်ရှိလစာနှင့်
ညီမျှသည့်ငွေကို ဒေသစရိတ်အဖြစ်ခွင့်ပြုရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
မြင်းမူမဲဆန္ဒနယ်မှ ဦးဝင်းနိုင်၏ မြင်းမူမြို့နယ်၊
မြို့မရဲစခန်းဝင်းအတွင်း ဝန်ထမ်းအိမ်ရာတစ်လုံး ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍
ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက မြင်းမူ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြင်းမူမြို့မရဲစခန်းဝင်းအတွင်း၌
၃၈x၂၅x ၁၀ ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း လုံးချင်းနေအိမ် ၅ လုံး၊ ၂၈x၂၂x၁၀ ပေ သွပ်မိုး၊
ပျဉ်ကာ၊ ပျဉ်ခင်း လုံးချင်းနေအိမ် ၃ လုံး၊ ၃၅x၂၆x၁ဝ ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း
အရာရှိလုံးချင်းနေအိမ် ၁ လုံး၊ ၄၂x၁၆x ၁၀ ပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း ၂ ခန်းတွဲ တစ်ထပ်
နေအိမ် ၁၂ လုံး၊ ၄၀x၁၉x၁ဝ ပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း ၂ ခန်းတွဲတစ်ထပ်နေအိမ် ၁ လုံး
စုစုပေါင်း ၂၂ လုံးရှိပါကြောင်း၊ ယင်းနေအိမ် များအနက် ၄၂x၁၆x၁၀ ပေ သွပ်မိုး၊ ထရံကာ၊
ပျဉ်ခင်း ၂ ခန်းတွဲတစ်ထပ်နေအိမ် ၃ လုံးမှာ ဆွေးမြည့်ပျက်စီးနေသဖြင့် ဖျက်သိမ်းခွင့်တင်ပြနိုင်ရေး
ဆောင်ရွက်လျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ မြင်းမူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့်
မြင်းမူမြို့မရဲစခန်းဝင်းအတွင်း တပ်ဖွဲ့ဝင်နှင့် မိသားစုများ နေထိုင်ရေးအဆင်ပြေစေရန်အတွက်
၁၃၀x ၃၆x၂၅ ပေ ၆ ခန်းတွဲနှစ်ထပ်သံကူကွန်ကရစ် ၁ လုံး ဆောက်လုပ်နိုင်ရေးအတွက် မြင်းမူမြို့နယ်တွင်ဖြစ်ပေါ်နေသော
လုံခြုံရေးအခြေအနေများကြောင့် ဆောက်လုပ်ရေးကုမ္ပဏီများက ဆောက်လုပ်ရန် အခက်အခဲရှိပါသဖြင့်
လုံခြုံရေးအခြေအနေ ကောင်းမွန်မှသာ နီးစပ်ရာဘဏ္ဍာရေးနှစ်တွင် လျာထားတောင်းခံ၍ ဆောင်ရွက်သွားမည်
ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ကော့ကရိတ်မဲဆန္ဒနယ်မှ ဒေါ်ခင်နီနီအောင်၏
ကော့ကရိတ်မြို့၊ ဥယျာဉ်ခြံမြေ ၃၈၅ ဧကအား မြို့ကွက်သစ်ဧရိယာအဖြစ် သတ်မှတ်ပေးရန် အစီအစဉ်ရှိ
မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ကော့ကရိတ်မြို့ မြို့ပေါ်ရပ်ကွက်
၇ ရပ်ကွက်သည် ဧရိယာအကျယ်အဝန်း ဧက ၈၄၀ ရှိပြီး မြို့မြေဧရိယာ ၄၅၃ ဧကနှင့် ဥယျာဉ်ခြံမြေ
ဧရိယာ ၃၈၅ ဧကရှိပါကြောင်း၊ ဥယျာဉ်ခြံမြေ ဧရိယာ ၃၈၅ ဧကတွင် နေအိမ်များ ဆောက်လုပ်နေထိုင်လျက်ရှိပြီး
ရပ်ကွက်အလိုက် ဆောက်လုပ်နေထိုင်မှု အခြေအနေမှာ အမှတ်(၁)ရပ်ကွက်တွင် ၅၈ ဧက၊ အမှတ်(၂)ရပ်ကွက်တွင်
၃၁ ဧက၊ အမှတ်(၃)ရပ်ကွက် တွင် ၁၅ ဧက၊ အမှတ်(၄) ရပ်ကွက်တွင် ၃၁ ဧက၊ အမှတ်(၅)ရပ်ကွက်တွင်
၈၈ ဧက၊ အမှတ်(၆)ရပ်ကွက် တွင် ၅၃ ဧကနှင့် အမှတ်(၇) ရပ်ကွက်တွင် ၁၀၉ ဧက ဖြစ်သည်ကို စိစစ်တွေ့ရှိရပါကြောင်း။
သို့ဖြစ်ပါ၍ ကော့ကရိတ်မြို့၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက်
မီးလောင်ဆုံးရှုံးခဲ့ရသော ဒေသခံ ပြည်သူများ၏ နေအိမ်များဆောက်လုပ်ရန်၊ မူလပိုင်ဆိုင်သော
မြေအမျိုးအစားများမှာ ဥယျာဉ်ခြံမြေ များဖြစ်သည့်ဧရိယာ ၃၈၅ ဧကအား မြို့ကွက်သစ် ဧရိယာအဖြစ်
တိုင်းတာသတ်မှတ်ပေးနိုင်ရန် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေအရ ကရင်ပြည်နယ်အစိုးရအဖွဲ့က လယ်ယာမြေကို
အခြားနည်းဖြင့်အသုံးပြုနိုင်ရေး ခွင့်ပြုမိန့်ရရှိရန် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊
လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် ခွင့်ပြုချက်ရရှိပါက ၂၀၁၉ ခုနှစ်၊ နယ်နိမိတ်တိုင်းတာ
ပိုင်းခြားသတ်မှတ်ရေး ဥပဒေနှင့်အညီ မြို့မြေတိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်
အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရရန်ပုံငွေတွင် လျာထားထည့်သွင်း၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း
ပြန်လည်ဖြေကြားသည်။
သာစည်မဲဆန္ဒနယ်မှ ဒေါ်ကြူကြူမော်၏ သာစည်မြို့နယ်
ကျွဲကျနှင့် ထိန်ကန်ကြီးကျေးရွာတို့အား ဝန်ကြီးဌာနအမည်ပေါက်ကျေးရွာအဖြစ် တိုးမြှင့်ရန်
အစီအစဉ်ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက သာစည်မြို့နယ်
ကျွဲတပ်ဆုံ ကျေးရွာအုပ်စုအတွင်းရှိ ကျွဲကျကျေးရွာနှင့် ထိန်ကန် ကြီးကျေးရွာများအား
ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ထားသော ကျေးရွာများအဖြစ်သတ်မှတ်နိုင်ရေး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၄ နှင့်အညီ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က
နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြပြီး ခွင့်ပြုချက်ရရှိပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ
ဆက်လက်ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
လဟယ်မဲဆန္ဒနယ်မှ ဦးမဇိုးလောင်ဝီး၏ လဟယ်မြို့နယ်အတွင်းရှိ
ကျေးရွာ ၉ ရွာအား ဝန်ကြီးဌာနအမည်ပေါက် ကျေးရွာအဖြစ်ရရှိနိုင်ရေး သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍
ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
လဟယ်မြို့နယ်တွင် မြို့ ၂ မြို့၊ ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၃၆ အုပ်စုနှင့် ကျေးရွာပေါင်း
၉၇ ရွာရှိပါကြောင်း၊ လဟယ်မြို့နယ်အတွင်း၌ တရားဝင်ကျေးရွာအဖြစ် သတ်မှတ်ခြင်းမခံရသေးသော
ကျေးရွာ ၉ ရွာ ရှိပါကြောင်း။
ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာ
ထုတ်ပြန်သတ်မှတ်ထားသော ကျေးရွာများအဖြစ် သတ်မှတ်နိုင်ရေး သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ်
ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြရမည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ အဆိုပါကျေးရွာ ၉ ရွာသည် လဟယ်
မြို့မှ မိုင်(၅၀)ခန့်အကွာရှိ မြန်မာ-အိန္ဒိယ နယ်စပ် အနီးတွင်တည်ရှိကာ တောရိုင်းမြေပေါ်တွင်
အခြေချနေထိုင်လျက်ရှိသည့် ကျေးရွာများဖြစ်သည့်အပြင် တောင်ပေါ်ဒေသတွင် နေထိုင်သည့်ကျေးရွာများဖြစ်ပါသဖြင့်
တောတောင်အတက်အဆင်းပေါများခြင်း၊ ဆိုင်ကယ်/ခြေလျင်ခရီးဖြင့် သွားလာနိုင်သည့် သွားလာရခက်ခဲသောကျေးရွာများဖြစ်ခြင်းတို့ကြောင့်
လက်ရှိကာလတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာထုတ်ပြန် သတ်မှတ်ထားသော ကျေးရွာအဖြစ်
ဆောင်ရွက်ရခြင်းမရှိသေးသော်လည်း ကျေးရွာနေပြည်သူများ၏ အများသဘောဆန္ဒဖြင့် တင်ပြလာပါက
အထက်ဌာနအဆင့်အဆင့်သို့ လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များနှင့်အညီစိစစ်၍ ကျေးရွာအုပ်စု၊
ကျေးရွာများတိုးချဲ့၊ ပယ်ဖျက်၊ အမည်ပြောင်း၊ ပြင်ဆင်ဖွဲ့စည်းခြင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းအတိုင်း
နယ်မြေဒေသအခြေအနေအရ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကွင်းဆင်းစိစစ်၍ မြေရာဇဝင်စိစစ်ချက်များဖြင့်
နိုင်ငံတော်သမ္မတ၏ ခွင့်ပြုချက်ရရှိရေး စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ထောက်ခံတင်ပြဆောင်ရွက်
သွားရမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
လောင်းလုံးမဲဆန္ဒနယ်မှ ဦးတင့်လွင်၏ ထားဝယ်
မြို့နယ်၊ ဒေသဆိုင်ရာ ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတွင် ဓာတ်ခွဲကျွမ်းကျင်ဝန်ထမ်းခန့်ထားပေးရန်နှင့်
ဓာတ်ခွဲခန်းဝန်ထမ်းအင်အား သီးခြားဖွဲ့စည်းပုံ ဖွဲ့စည်းပေးနိုင်ခြင်းရှိ မရှိ မေးခွန်းနှင့်
စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ
ရဲထွန်းဝင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊
ရောဂါရှာဖွေရေးနှင့် အစားအသောက်ဘေးကင်းလုံခြုံစိတ်ချစေရန်အတွက် စစ်ဆေးရှာဖွေနိုင်ရန်
တိုင်းဒေသကြီး/ ပြည်နယ် (နေပြည်တော်၊ ကရင်၊ ကချင်၊ စစ်ကိုင်း၊ တနင်္သာရီ၊ မကွေး၊ မန္တလေး၊
မွန်၊ ရခိုင်၊ ရန်ကုန်၊ ရှမ်း) တို့တွင် ရည်ညွှန်းဓာတ်ခွဲခန်း(၂)ခု၊ မီနီဓာတ်ခွဲခန်း
(၅)ခု၊ ဒေသဆိုင်ရာ ဓာတ်ခွဲခန်း(၂)ခု၊ တိရစ္ဆာန်ရောဂါထိန်းချုပ်စောင့်ကြည့်စစ်ဆေးရေးဓာတ်ခွဲခန်း
(၇)ခု၊ ခွာနာလျှာနာရောဂါရှာဖွေရေး ဓာတ်ခွဲခန်း(BSL-2) (၁)ခု၊ တိရစ္ဆာန်အစားအစာနှင့်
ဆေးဝါးအရည်အသွေး စစ်ဆေးရေးဓာတ်ခွဲခန်း (Assay Lab) (၁)ခု ဖွင့်လှစ်၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း။
ထားဝယ်ဓာတ်ခွဲခန်းအပါအဝင် တိုင်းဒေသကြီး/
ပြည်နယ်များရှိ ဓာတ်ခွဲခန်းများမှာ ပြည်ထောင်စုဖွဲ့စည်းပုံ၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင်
လည်ပတ်ဆောင်ရွက်လျက်ရှိပြီး တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ဓာတ်ခွဲခန်းတွင် ဒုတိယလက်ထောက်ကြီးကြပ်ရေးမှူးနှင့်အဆင့်အတူ
ဓာတ်ခွဲခန်းကျွမ်းကျင် ဝန်ထမ်းတစ်ဦး ခန့်အပ်ထားရှိပြီး လက်ရှိလုံလောက်မှုရှိသဖြင့်
ဒေသတွင်းတိရစ္ဆာန်ရောဂါ ရှာဖွေစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
ကျောက်ကြီးမဲဆန္ဒနယ်မှ ဦးဟံသာဝင်း၏ လယ်ယာမြေပုံစံ(၇)
အမည်ပြောင်းခြင်းလုပ်ငန်းစဉ် ဖြေလျှော့ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ မရှိမေးခွန်းနှင့်
စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ
ရဲတင့်ထွန်းက ကွယ်လွန်သွားသည့် မူလပိုင်ရှင်၏ အမွေဆက်ခံသားသမီးများ စိုက်ပျိုးစရိတ်ချေးငွေများ
ထုတ်ယူရရှိနိုင်ရေးအတွက် လယ်ယာမြေပုံစံ(၇)အမည်ပြောင်းခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ လယ်ယာမြေလုပ်ပိုင်ခွင့်ကို
အမွေဆက်ခံသူသည် အမွေဆက်ခံခွင့်ရှိကြောင်း အထောက်အထားခွင့်ရရှိသူ အမည်ပြောင်းလဲပေးရန်
လျှောက်ထားခြင်း (ပုံစံ-၉)ဖြင့် မြို့နယ်ဦးစီးဌာနရုံးသို့ လျှောက်ထားရမည်ဖြစ်ပါကြောင်း၊
လယ်ယာမြေလုပ်ပိုင်ခွင့်အား အမွေဆက်ခံ ခြင်းကိစ္စရပ်နှင့်စပ်လျဉ်း၍ အမွေဆက်ခံခွင့်ရှိသည့်
မိသားစုဝင်များမှ အမည်ပြောင်းလဲပေးနိုင်ရေးတင်ပြ လျှောက်ထားရာတွင် အမွေဆက်ခံခွင့်ရှိသူသည်
ဦးစွာစီရင်ပိုင်ခွင့်ရှိသည့် သက်ဆိုင်ရာတရားရုံးမှ အမွေဆက်ခံခွင့်လက်မှတ်ရရှိရေး လျှောက်ထားရယူ
ဆောင်ရွက်ရမည်ဖြစ်ပြီး အမွေဆက်ခံခွင့်လက်မှတ် မိတ္တူပူးတွဲ၍ မြို့နယ်မြေစာရင်းဦးစီးဌာနရုံးသို့
လျှောက်ထားရမည်ဖြစ်ပါကြောင်း။
မြို့နယ်မြေစာရင်းဦးစီးဌာနရုံးမှ ရုံးရှိမှတ်ပုံတင်စာရင်းပုံစံ(၅)၊
လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) (ရုံးလက်ခံ)တို့နှင့် တိုက်ဆိုင်စစ်ဆေးပြီး
၁၅ ရက် အတွင်း မြို့နယ်ဦးစီးဌာနရုံးနှင့် လယ်ယာမြေတည်ရှိရာ ရပ်ကွက်/ ကျေးရွာအုပ်စု
အုပ်ချုပ်ရေးမှူးရုံးများ တွင် လယ်ယာမြေလုပ်ပိုင်ခွင့် အမည်ပြောင်းလဲ လျှောက်ထားခြင်းကို
ကန့်ကွက်လိုသူတို့က ရက်ပေါင်း ၃၀ အတွင်း ကန့်ကွက်နိုင်ရန် ထုတ်ဆင့်သည့်ကြော်ငြာ စာပုံစံ(၂-ဂ)ကို
ကပ်ထားရမည်ဖြစ်ပါကြောင်း။
ရက်ပေါင်း ၃၀ ပြည့်ပြီးနောက် ကန့်ကွက်လွှာရရှိသည်ဖြစ်စေ၊
မရရှိသည်ဖြစ်စေ ၇ ရက်အတွင်း သဘောထားမှတ်ချက်နှင့်အတူ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံသို့
တင်ပြရမည်ဖြစ်ပါကြောင်း၊ ခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် ကန့်ကွက်ချက်သည်
ခိုင်လုံမှုမရှိပါက အမည်ပြောင်းလဲဆောင်ရွက်ရန် အကြောင်းကြားခြင်း၊ ကန့်ကွက်ချက်သည်
ငြင်းပယ်ရန် ခိုင်လုံကြောင်းစစ်ဆေးတွေ့ရှိပါက ငြင်းပယ်ကြောင်း အကြောင်းကြားစာ ပုံစံ(၈-ခ)ထုတ်ပေးနိုင်ရေး
အကြောင်းကြားခြင်းတို့ကို မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ ၁၅ ရက်အတွင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
အမည်ပြောင်းလဲ ဆောင်ရွက်ပေးရန် အကြောင်းကြားချက်ရရှိလျှင် ၁၅ ရက်အတွင်း ဦးပိုင်လုပ်ကွက်(၁)ခုအတွက်
မှတ်ပုံတင်ကြေးငွေကို မြို့နယ်မြန်မာ့စီးပွားရေးဘဏ်သို့ ပေးသွင်းစေပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က
လယ်ယာမြေလုပ်ပိုင်ခွင့်(ပုံစံ-၇) ပြောင်းလဲပြင်ဆင်ထုတ်ပေးရမည်ဖြစ်ပြီး အမွေဆက်ခံခြင်းကြောင့်
လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူများ မှတ်ပုံတင်စာရင်းပုံစံ(၅-က) တွင် မှတ်ပုံတင်ထားရမည်
ဖြစ်ပါကြောင်း။
တောင်သူလယ်သမားများအတွက် စိုက်ပျိုးစရိတ်ချေးငွေများ
လွယ်ကူလျင်မြန်စွာထုတ်ချေးပေးနိုင်ရေးအတွက် အသိပေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း
ပြောကြားသည်။
ပုသိမ်မဲဆန္ဒနယ်မှ ဦးသန်းထွန်း၏ ပုသိမ်မြို့နယ်၊
လယ်ယာမြေများ၌ ခရုအန္တရာယ်မှ လွတ်မြောက်နိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိမေးခွန်း
နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊
စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ (ရုံးချုပ်)နှင့် တိုင်းဒေသကြီး/ ပြည်နယ်၊
ခရိုင်အလိုက် တာဝန်ပေးခန့်အပ်ထားသည့် သီးနှံကာကွယ်ရေးကျွမ်းကျင်ပညာရှင်များ ပူးပေါင်းပြီး
ရွှေခရုအပါအဝင် စပါးသီးနှံတွင် ကျရောက်လေ့ရှိသည့် ပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်းများ၊
ပိုးသတ်ဆေးစနစ်တကျသုံးစွဲနည်းနှင့် သုံးစွဲသင့်သည့် ဆေးအမျိုးအစားများကို အကြံပြုချက်များပေးပြီး
ကူညီဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးနှင့် အရည်အသွေးကောင်း သီးနှံများထုတ်လုပ်နိုင်ရေးအတွက်
ဘက်စုံ ပိုးမွှားကာကွယ်နှိမ်နင်းရေးနည်းစနစ်များကို စာတွေ့လက်တွေ့သင်ကြားပြသခြင်းတို့ကို
ဆောင်ရွက် လျက်ရှိပါကြောင်း။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်း
ကျန်ရှိသည့် မိုးစပါးရာသီသက်တမ်းတစ်လျှောက်တွင် ရွှေခရုကြိုတင်ကာကွယ်နှိမ်နင်းရေး အသံဖိုင်ဖြင့်
နှိုးဆော်သတိပေးခြင်းလုပ်ငန်းအား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်းပြီး
ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ အသံဖိုင်များ ဖြန့်ဝေဆောင်ရွက်ခြင်းလုပ်ငန်းများကို
ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း။
ရွှေခရုကာကွယ်နှိမ်နင်းရေးနည်းလမ်းများအား တောင်သူများစုပေါင်းပြီး
လက်တွေ့လိုက်နာ ကျင့်သုံးလုပ်ဆောင်ခြင်းဖြင့် စပါးသီးနှံတွင် ရွှေခရုကျရောက်ဖျက်ဆီးမှု
လျော့ပါးသက်သာစေမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဒေါက်တာ ကျော်ဆွေ၏
လယ်ယာမြေလုပ်ကိုင်ခွင့် လက်မှတ် အမည်ပြောင်းရာတွင် အခွန်လျှော့ချရေး၊ စိုက်ပျိုးစရိတ်ချေးငွေအတွက်
အထူးစီမံချက်များချမှတ်ရေးနှင့် အခွန်အခြေခံကျယ်ပြန့်လာစေရေး အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍
ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက လယ်ယာမြေလုပ်ပိုင်ခွင့် အမည်ပြောင်းလဲခြင်းနှင့်စပ်လျဉ်း၍
တည်ဆဲ လယ်ယာမြေဥပဒေ၊ နည်းဥပဒေပါပြဋ္ဌာန်းချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီး
လုပ်ပိုင်ခွင့်အမည်ပြောင်းလဲခြင်း ကိစ္စနှင့်သက်ဆိုင်သည့် တံဆိပ်ခေါင်းခွန်နှုန်းထားများနှင့်
စာချုပ်စာတမ်းမှတ်ပုံတင်ခနှုန်းထားများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း
ဝန်ကြီးဌာနက ပြဋ္ဌာန်းသတ်မှတ်ထားရှိသည့် စာချုပ်စာတမ်းမှတ်ပုံတင်ခနှုန်းထားများ အတိုင်းသာ
ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေ
ထုတ်ယူရရှိနိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ချေးငွေညွှန်ကြားချက်ပါအတိုင်း
ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် အမွေဆက်ခံခြင်း၊ အဖိုးစားနားမပါဘဲ မေတ္တာဖြင့်ပေးကမ်းခြင်း၊
မိသားစုအတွင်းလွှဲပြောင်းခြင်း စသည့်ကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဝင်ငွေခွန်စည်းကြပ်ကောက်ခံခြင်းမပြုဘဲ၊
ပိုင်ဆိုင်မှုခိုင်မာစေရန်အတွက် ပြုလုပ်ချုပ်ဆိုကြမည့် စာချုပ်စာတမ်းများအပေါ်တွင်သာ
ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်ကို ပေးသွင်း ထမ်းဆောင်စေလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
ငဖဲမဲဆန္ဒနယ်မှ ဦးမိုးမင်းဦး၏ “ဓာတုကင်းလွတ်
စိုက်ပျိုးရေးဇုန်များ” တည်ထောင်ပေးရန်နှင့် နည်းပညာများ သင်တန်းပေးရန်၊ အခြေခံအဆောက်အအုံများပံ့ပိုးပေးရန်၊
ထွက်ကုန်များအတွက် အသိအမှတ် ပြုလက်မှတ်များရရှိရန်နှင့် ဈေးကွက်တင်ပို့နိုင်ရန်တို့အား
ကူညီပေးရန်အစီအစဉ် ရှိ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက
ဓာတုကင်းလွတ်စိုက်ပျိုးရေးဇုန်များ စနစ်တကျ တည်ထောင်ပေးရန်ကိစ္စနှင့် စပ်လျဉ်းပြီး
ဆန္ဒအလျောက် တောင်သူများအစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက်လိုမှုအပေါ် နည်းပညာပိုင်းဆိုင်ရာပံ့ပိုးကူညီခြင်းနှင့်
အသိအမှတ်ပြုလက်မှတ်များ လွယ်ကူ လျင်မြန်စွာရရှိရေး ပေါင်းစပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။
တစ်နိုင်တစ်ပိုင်ဆောင်ရွက်နေကြသည့် တောင်သူများအား
အော်ဂဲနစ်စိုက်ပျိုးရေး နည်းပညာဖြန့်ဖြူး မှုအနေဖြင့် အော်ဂဲနစ်မြေဩဇာများ၊ သဘာဝသွင်းအားစုများ၊
သဘာဝပိုးသတ်ဆေးနှင့် မှိုသတ်ဆေးများ၊ တီကောင်မွေးမြူခြင်း အစရှိသည့်ပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းများအား
ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံသုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာနနှင့် ဟင်းသီးဟင်းရွက် သစ်သီးဝလံသုတေသနဌာနတို့၌
စမ်းသပ်ဆောင်ရွက်လျက်ရှိပြီး အော်ဂဲနစ်စိုက်ပျိုးသူများနှင့် အများပြည်သူများအား နည်းပညာပေးလုပ်ငန်းများကို
ဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံ၌ အော်ဂဲနစ်ထောက်ခံချက် လက်မှတ်ထုတ်ပေးသည့်
ပုဂ္ဂလိကအဖွဲ့ လေးဖွဲ့ရှိပြီး IFOAM နှင့် USDA ကဲ့သို့သော နိုင်ငံတကာအော်ဂဲနစ် ထောက်ခံချက်လက်မှတ်များကို
လျှောက်ထားရယူလိုပါက တောင်သူများအနေဖြင့် Control Union ကဲ့သို့သော ကုမ္ပဏီများမှတစ်ဆင့်
ရရှိနိုင်ရေးအတွက် လိုအပ်သည့် ချိတ်ဆက်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များအပါအဝင်
မြန်မာ့ထွက်ကုန်ပစ္စည်းများကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေးအတွက်
နိုင်ငံ ၁၂ နိုင်ငံတွင် စီးပွားရေးသံမှူး ၁၇ ဦးအား စေလွှတ်ထားရှိပြီး ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း
ပြန်လည်ဖြေကြားသည်။
စဉ့်ကိုင်မဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်၏
စိုက်စရိတ်ချေးငွေများ စိုက်ချိန်မီထုတ်ချေးရန်၊ သွင်းအားစုများအား အခွန်လျှော့ပေးရန်၊
စပါးများအား ပြည်တွင်း၌ လွတ်လပ်စွာရောင်းချနိုင်ရန်နှင့် ပြည်ပဈေးကွက်ရရှိရန်၊ အတိုးနှုန်းသက်သာသော
နှစ်ရှည်ဘဏ်ချေးငွေဆောင်ရွက်ပေးရန်၊ Export zone(သို့) ဆန်စပါးအထူးဇုန်များ သတ်မှတ်ဆောင်ရွက်ပေးရန်
အစီအစဉ်ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည်
နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားစုတွင် အဓိကအရေးပါသည့် စိုက်ပျိုး ထုတ်ကုန်တိုးတက်ဖွံ့ဖြိုးရေးအတွက်
တောင်သူလယ်သမားလိုအပ်သည့် နှစ်စဉ်ရာသီအလိုက် (မိုး၊ ဆောင်း၊ မိုးကြို) စိုက်ပျိုးစရိတ်ချေးငွေများနှင့်
ဖွံ့ဖြိုးရေးချေးငွေများကို နိုင်ငံတော်၏ မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ သက်သာသောအတိုးနှုန်းဖြင့်
ပံ့ပိုးထုတ်ချေးပေးလျက်ရှိပါကြောင်း၊ မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေကို ယခင်နှစ်များက
မေလ ၁၉ ရက် ဝန်းကျင်ခန့်တွင် စတင်ထုတ်ချေးခဲ့ရာမှ ယခုနှစ်တွင် မေလ ၁၂ ရက်နေ့မှစ၍ စိုက်ပျိုးချိန်အမီ
ထုတ်ချေးပေးလျက်ရှိပါကြောင်း၊ ၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ စပါး၊ ဆန်၊
ဂျုံစေ့၊ ဖွဲကြမ်း စသည့်ကုန်စည်များ၊ ပဲအမျိုးမျိုး၊ ပြောင်းအမျိုးမျိုး စသည့်ကုန်စည်များ၊
ကြက်သွန်၊ အာလူး၊ ငရုတ်၊ ဟင်းခတ်အမွှေးအကြိုင် စသည့်ကုန်စည်များ၊ ဟင်းသီးဟင်းရွက်များ၊
လက်ဖက်ခြောက်နှင့် ဆီ အမျိုးမျိုး စသည့်ကုန်စည်များ၊ မြေဆီနှင့် ဓာတ်မြေဩဇာအမျိုးမျိုး၊
ပိုးသတ်ဆေးအမျိုးမျိုး၊ ပေါင်းသတ် ဆေးအမျိုးမျိုး၊ ရောဂါပိုးသတ်ဆေးအမျိုးမျိုး စသည့်
ကုန်စည်များ၊ အပင်မျိုးစေ့၊ မျိုးပင် စသည့်ကုန်စည်များ၊ လယ်ယာသုံးကိရိယာများ၊ လယ်ယာသုံးစက်ပစ္စည်းနှင့်
စက်အပိုပစ္စည်းများ စသည့်ကုန်စည်အမျိုးမျိုးတို့ကို ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုခြင်း၊
အခွန်လျှော့ပေါ့ခြင်း သို့မဟုတ် အခွန်လုံးဝလျှော့ချ ခြင်းလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
လယ်ယာသုံး စက်ကိရိယာများကို ဝယ်ယူနိုင်ရန်
ချေးငွေသက်တမ်းတစ်နှစ်နှင့် ချေးငွေပမာဏ ငွေကျပ် သိန်း ၁၀၀ မှ ငွေကျပ်သိန်း ၅၀၀ အထိကို
နှစ်ချင်းဆပ်ချေးငွေအဖြစ်လည်းကောင်း၊ ချေးငွေပမာဏ ငွေကျပ်သိန်း ၅၀၁ မှ ငွေကျပ်သိန်း
၁၀၀၀ အထိကို နှစ်တိုချေးငွေအဖြစ်လည်းကောင်း၊ ငွေကျပ်သိန်း ၁၀၀၁ မှ ငွေကျပ်သိန်း ၃၀၀၀
အထိ တစ်ကဏ္ဍ၊ ငွေကျပ်သိန်း ၃၀၀၁ မှ ငွေကျပ်သိန်း ၅၀၀၀ အထိ တစ်ကဏ္ဍကို နှစ်ရှည်ချေးငွေအဖြစ်
လည်းကောင်း၊ အရစ်ကျပေးဆပ်မှုစနစ်ဖြင့် ထုတ်ချေးပေးလျက်ရှိပါကြောင်း။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့်
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထူထောင်ပြီး ငွေကျပ် ၂၃၀ ဘီလီယံဖြင့် နွေစပါး၊
မိုးစပါးသီးနှံများတွင်လည်းကောင်း၊ ငွေကျပ် ၅၆ ဒသမ ၃၁ ဘီလီယံဖြင့် ဆီထွက်သီးနှံ (မြေပဲ၊
နှမ်း၊ နေကြာ)သီးနှံများတွင်လည်းကောင်း အရင်းမပျောက်မတည်ငွေပုံစံဖြင့် တိုင်းဒေသကြီး/
ပြည်နယ်များတွင် ဆောင်ရွက်နေပါကြောင်း၊ တောင်သူများ ဝင်ငွေတိုးစေရန်နှင့် လူနေမှုဘဝမြှင့်တင်ရန်
စသည့်ရည်ရွယ်ချက်များဖြင့် အရည်အသွေးတူဆန်များ အရေအတွက်အမြောက်အမြား စဉ်ဆက်မပြတ် ဈေးကွက်တင်ပို့ရောင်းချနိုင်ရေး
ရည်ရွယ်၍ ဇုန်အလိုက်၊ တစ်ကွင်းတစ်ဆက်တည်း စိုက်ပျိုးထုတ်လုပ်သည့် ပြည်ပတင်ပို့မည့်
ဆန်စပါးစိုက်ပျိုးရေးဇုန်စီမံကိန်းအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနနှင့်
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံဖြင့်
အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
ထို့နောက် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မဲဆန္ဒနယ်မှ
ဒေါက်တာရွှေပြည်စိုး တင်သွင်းသည့် “မြန်မာမှု ရိုးရာစားစရာ “ထမနဲ” ကို လည်းကောင်း၊
မြန်မာမှု လက်ရာရက်ကန်းပညာ “လွန်းရာကျော်ကြိုးကြီး အချိတ်လုပ်ငန်း”ကိုလည်းကောင်း ကမ္ဘာ့အမွေအနှစ်
စာရင်းဝင်ဖြစ်စေရန် ယူနက်စကိုသို့ ပေးပို့လုပ်ဆောင် သင့်ကြောင်း” အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက
ဆွေးနွေးကြသည်။
အမရပူရ မဲဆန္ဒနယ်မှ ဦးသိန်းထွန်းဦးက
မြန်မာ့ကြိုးကြီးအချိတ်အထည်သည် မြန်မာ့ရိုးရာရက်ကန်း အနုပညာ၏ ထူးခြားသောအစိတ်အပိုင်းတစ်ခုဖြစ်ပြီး
ဒီဇိုင်း၊ အရောင်၊ ပိုးချည်မျှင် ရွေးချယ်မှု၊ ရက်လုပ်နည်း၊ ပန်းဖော်နည်းနှင့် အချိန်ကြာမြင့်စွာ
လက်ဖြင့် လုပ်ကိုင်ရသည့်ကျွမ်းကျင်မှုများ ပါဝင်ပါကြောင်း၊ ကြိုးကြီးအချိတ်တို့၏ သမိုင်းကြောင်း၊
လက်ရှိ ကျင့်သုံးပုံ၊ ရိုးရာအသိပညာ၊ ပညာရှင်များ၊ မျိုးဆက် လက်ဆင့်ကမ်းမှု၊ လက်ရှိ
အခက်အခဲများနှင့် ထိန်းသိမ်းရေးအစီအစဉ်တို့ကို ဓာတ်ပုံ၊ ဗီဒီယို၊ အသံ ဖိုင်၊ စာရွက်စာတမ်းနှင့်အင်တာဗျူးများဖြင့်
မှတ်တမ်းများ ထားရှိရမည်ဖြစ်ပါကြောင်း။
ယူနက်စကို သတ်မှတ်ထားသည့် Nomination
Form နှင့် လုပ်ထုံးလုပ်နည်းအတိုင်း အမျိုးသားအဆင့် အဆိုပြုလွှာကိုပြင်ဆင်ပြီး သက်ဆိုင်ရာအမျိုးသားအာဏာပိုင်အဖွဲ့မှ
ယူနက်စကိုသို့ တင်သွင်း ရမည်ဖြစ်ပါကြောင်း၊ မြန်မာမှုရိုးရာစားစရာ ထမနဲနှင့် မြန်မာ့ကြိုးကြီးအချိတ်ရက်ကန်းပညာနှင့်
ရိုးရာ ဒီဇိုင်းဖန်တီးမှု စသည့်အဓိကအကြောင်းအရာများဖြင့် စနစ်တကျမှတ်တမ်းတင်၍ အမျိုးသားအဆင့်
ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ ထည့်သွင်းကာ ယူနက်စကိုသတ်မှတ်ချက်များနှင့်အညီ အဆင့်ဆင့်
အဆိုပြုတင်ပြသင့်ကြောင်း ဆွေးနွေးသည်။
ကျေးသီး မဲဆန္ဒနယ်မှ ဒေါ်နန်းတင်ဦးက
ရိုးရာပညာရပ်များကို ယနေ့မျိုးဆက်၌ ရပ်တန့်မသွားစေဘဲ နောင်လာမည့်မျိုးဆက်သစ်များအထိ
လက်ဆင့်ကမ်းနိုင်ရေးဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရိုးရာပညာရှင်များထံက
ပညာရပ်များကို မှတ်တမ်းတင်ခြင်း၊ သင်တန်းပေးခြင်း၊ လူငယ်များကို အလုပ်သင်စနစ်နှင့်
လက်တွေ့သင်ကြားပေးခြင်းတို့ကို ဆောင်ရွက်သင့်ပါကြောင်း၊ အထူးသဖြင့် ယူနက်စကိုသို့ တင်သွင်းခြင်းကို
နိုင်ငံတကာအသိအမှတ် ပြုမှုရရှိရန်အတွက်သာ မဟုတ်ဘဲ မိမိတို့၏ ရိုးရာအမွေအနှစ်ကို ရေရှည်တည်တံ့အောင်
ထိန်းသိမ်းရန်အတွက် အခွင့်အရေးတစ်ခုအဖြစ် အသုံးပြုသင့်ပါကြောင်း၊ ထမနဲနှင့် အချိတ်ရက်ကန်းပညာသည်
ယဉ်ကျေးမှုခရီးသွားလုပ်ငန်းနှင့် ချိတ်ဆက်ပြီး ဒေသခံများအတွက် စီးပွားရေးအခွင့်အလမ်းများ
ဖန်တီးပေးနိုင်ပါကြောင်း သို့ဖြစ်ပါ၍ အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ချမ်းအေးသာစံ မဲဆန္ဒနယ်မှ ဒေါ်မြင့်မြင့်ဌေးက
မြန်မာ့ရိုးရာစားစရာ “ထမနဲ”နှင့် မြန်မာမှုလက်ရက်ကန်းပညာ “အချိတ်လုပ်ငန်း”
သည် မြန်မာတို့၏ ရှေးမင်းဆက်များ ခေတ်ကတည်းက ရိုးရာယဉ်ကျေး မှုအမွေအနှစ်အဖြစ် ထိန်းသိမ်းလက်ဆင့်ကမ်းလာခဲ့သည်မှာ
ယနေ့မျက်မှောက်ကာလအထိပင် ဖြစ်ပါကြောင်း၊ ရက်ကန်းနှင့် အချိတ်သည် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ကို
မျိုးဆက်တစ်ခုမှတစ်ခုသို့ ထိန်းသိမ်းလက်လွှဲပြောင်းပေးနေသော အဖိုးတန်အတတ်ပညာတစ်ခု ဖြစ်ပါကြောင်း၊
အမျိုးဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာမပျောက်ပျက်အောင်
ထိန်းသိမ်းစောင့်ရှောက်ပြီး မြန်မာကို ကမ္ဘာကသိရှိနိုင်ရေး အလေးထားဆောင်ရွက်သွားရမည်ဖြစ်သည့်အတွက်
အဆိုကို အပြည့်အဝထောက်ခံပါကြောင်း ဆွေးနွေးသည်။
သပိတ်ကျင်း မဲဆန္ဒနယ်မှ ဒေါ်အေးမြမြစိုးက
“ထမနဲ” ဟူသည် ရိုးရာအစားအစာတစ်မျိုးကို ပြုလုပ်စားသုံးခြင်းမျှသာ မဟုတ်ပါကြောင်း၊ ထူးခြားချက်မှာ
လူတစ်ဦးတည်းက ပြုလုပ်ခြင်းမဟုတ်ဘဲ လူအများစုပေါင်း၍ ဝိုင်းဝန်းလုပ်ကိုင်ကြခြင်းဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်တွင် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို
ယူနက်စကိုလူသားမျိုးနွယ်၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ကိုယ်စားပြုစာရင်းတွင် ပထမဆုံးစာရင်းဝင်အောင်
တင်သွင်းနိုင်ခဲ့ပါကြောင်း၊ ယင်းအတွေ့ အကြုံကိုအခြေခံပြီး မြန်မာ့ရိုးရာအစားအစာများထဲမှ
ထမနဲနှင့်ဆက်စပ်သည့် ရိုးရာဓလေ့များကိုလည်း စနစ်တကျသုတေသနပြု မှတ်တမ်းတင်ထိန်းသိမ်းပြီး
ယူနက်စကိုသို့ တင်သွင်းနိုင်ရေးကြိုးပမ်းဆောင် ရွက်သင့်ပါကြောင်း။
မြန်မာနိုင်ငံတွင် ရက်ကန်းပညာသည် အလွန်ရှေးကျသည့်
လက်မှုပညာတစ်ရပ်ဖြစ်ပြီး ပျူမြို့ပြ နိုင်ငံများခေတ်ကတည်းက ရက်ကန်းပညာရှိခဲ့သည်ကို
သုတေသနစာတမ်းများက ဖော်ပြထားပါကြောင်း၊ ထို့ကြောင့်လွန်းရာကျော်ကြိုးကြီးအချိတ်လက်ရက်
ကန်းစင်နှင့် ရိုးရာရက်လုပ်ပညာရပ်များကို စနစ် တကျမှတ်တမ်းတင်ပြီး ပညာရှင်များ၊ လူငယ်များနှင့်
ဒေသခံလက်မှုပညာရှင်များ ပူးပေါင်းကာ နိုင်ငံတကာအဆင့်တွင် မိတ်ဆက်မြှင့်တင်သင့်ပါကြောင်း၊
ကမ္ဘာ့အမွေအနှစ်အဖြစ် လွန်းရာကျော် ရက်ကန်းအချိတ်ကို ယူနက်စကိုတင်သွင်းခြင်းသည် မြန်မာ့ယဉ်ကျေးမှုအတွက်
ကမ္ဘာ့အဝန်းအဝိုင်းထဲတွင် ကိုယ်ပိုင်ရိုးရာအမွေအနှစ် ပေါထွက်လာစေခြင်းဖြစ်ကြောင်း ထောက်ခံဆွေးနွေးသည်။
အင်းစိန်မဲဆန္ဒနယ်မှ ဦးငြိမ်းထွေးက
ထမနဲကို မြန်မာ့ရိုးရာအစားအစာတစ်ခုတည်း ရှုထောင့်ဖြင့်ကြည့်၍ မလုံလောက်ပါကြောင်း၊
မြန်မာရိုးရာတပို့တွဲလ၏ ရာသီပွဲတော်တစ်ခုဖြစ်သကဲ့သို့ လူမှုအဖွဲ့အစည်း၏ စည်းလုံးညီညွတ်မှုကို
ဖော်ကျူးနေသည့် အသက်ဝင်နေဆဲဒြပ်မဲ့တစ်ခုဖြစ်ပါကြောင်း၊ ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်
သတ်မှတ်ချက်များနှင့် ကိုက်ညီနေသည့် အချက်(၃) ချက်ရှိပါကြောင်း၊ မြန်မာ့ရိုးရာထမနဲပွဲတော်သည်
လူမျိုးတစ်မျိုး၏ စည်းလုံးညီညွတ်မှုကို ဖော်ပြနေခြင်း၊ ရှေးဟောင်းရိုးရာနည်းပညာကို
မျိုးဆက်တစ်ခုမှတစ်ခုသို့ လက်ဆင့်ကမ်းပေးနိုင်ခြင်း၊ မြန်မာပြည်သူ ပါဝင်ဆင်နွှဲနိုင်သည့်
အသက်ဝင်နေဆဲ ယဉ်ကျေးမှုအစဉ်အလာဖြစ်ခြင်းတို့သည် ယူနက်စကိုဒြပ်မဲ့ ယဉ်ကျေးမှုစာရင်းတွင်
ပါဝင်သည်ဆိုသည့် အရည်အချင်းများနှင့်ပြည့်စုံနေကြောင်း တွေ့ရှိရပါသဖြင့် မြန်မာ့ရိုးရာစားစရာ
ထမနဲအားပွဲတော်များနှင့်တွဲဖက်၍ တပို့တွဲလဆန်းတွင် ထမနဲထိုးပွဲတော်နှင့် ရိုးရာဓလေ့ဒြပ်မဲ့ယဉ်ကျေးမှုအဖြစ်သာ
အဆိုတင်သွင်းသင့်ကြောင်း။
လွန်းရာကျော်ရှေးရိုးရာ မြန်မာ့လက်ခတ်ရက်ကန်းစင်များနှင့်
လက်ခတ်ရက်ကန်းပညာကို ဒြပ်မဲ့ယဉ်ကျေးမှုအဖြစ် ကမ္ဘာ့အမွေအနှစ်စာရင်းသို့ တင်သွင်းနိုင်ရေးအတွက်လေ့လာရာတွင်
အထည် အလိပ်ရက်လုပ်ခြင်းအတတ်ပညာသည် ကမ္ဘာတစ်ဝန်းတွင်ရှိကြသော်လည်း မြန်မာ့လက်ခတ်ပညာသည်
ရှေးခေတ်ပျူမြို့ဟောင်းများမှစ၍ ပုဂံ၊ အင်းဝ၊ အမရပူရနှင့် ကုန်းဘောင်ခေတ်အထိ ရာစု ပေါင်းများစွာတိုင်အောင်
မပျောက်ပျက်ဘဲ မျိုးဆက်တစ်ခုမှတစ်ခုသို့လက်ဆင့်ကမ်းလာသည့် ယဉ်ကျေး မှုတစ်ခုဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ အဆိုရှင်တင်သွင်းသည့် မြန်မာ့ထမနဲနှင့်
လွန်းရာကျော် ရှေးရိုးရာမြန်မာ့လက်ခတ် ရက်ကန်းစင်များနှင့် လက်ခတ်ရက်ကန်းပညာကို ဒြပ်မဲ့ယဉ်ကျေးမှုအဖြစ်
ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်းသို့ တင်သွင်းပေးနိုင်ရေးအတွက် အဆိုကို လေးနက်စွာထောက်ခံဆွေးနွေးသည်။
အလားတူ ကျောက်ပန်းတောင်းမဲဆန္ဒနယ်မှ ဦးဝင်းမြင့်မောင်က
အကြံပြုထောက်ခံဆွေးနွေးသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ ယဉ်ကျေးမှု၊ ဟိုတယ်နှင့်
ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက “မြန်မာ့ထမနဲယဉ်ကျေးမှု”ကို ယူနက်စကို၏
လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ သတ်မှတ်ကာလဖြစ်သော
၂၀၂၇ ခုနှစ်၊ မတ်လ(၃၁) ရက်မတိုင်မီ စံသတ်မှတ်ချက်များနှင့်အညီ အဆိုပြုလွှာတင်သွင်းနိုင်ရေးအတွက်
ထမနဲယဉ်ကျေးမှုနှင့်ပတ်သက်သော လှုပ်ရှားမှုများ၊ ဆွေးနွေးပွဲများကျင်းပခြင်း၊ ရပ်ရွာလူထုအဖွဲ့အစည်းများနှင့်ချိတ်ဆက်၍
ထမနဲထိုး ပြိုင်ပွဲများကျင်းပခြင်း၊ ထမနဲရောင်းချသူလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ လိုအပ်သောလုပ်ငန်းစဉ်များအား မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်
တင်ပို့ရောင်းချသူများအသင်း(မန္တလေး)၊ လူမှုရေးအသင်းအဖွဲ့များ၊ ဂေါပကအဖွဲ့များ၊ တိုင်းရင်းသားရေးရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍
ပြည်သူလူထုလှုပ်ရှားမှုပိုမိုပါဝင်လာစေရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း။
ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက
ကျင်းပသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်နှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲများ၊ အခမ်းအနားများ၌
လွန်းရာကျော်ကြိုးကြီးချိတ်ပညာရပ်နှင့် ပတ်သက်၍ ဆွေးနွေးခြင်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင်
လွန်းရာကျော် ကြိုးကြီးချိတ်အား “ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်”အဖြစ် စံသတ်မှတ်ချက်များနှင့်အညီ
တင်သွင်း နိုင်ရေးအတွက် သက်ဆိုင်ရာအသင်းအဖွဲ့များ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကဲ့သို့သော
ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ မြန်မာ့ထမနဲယဉ်ကျေးမှုကို ယူနက်စကို၏
လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေး မှုအမွေအနှစ်စာရင်းသို့ ၂၀၂၇ ခုနှစ်၊ မတ်လ(၃၁)
ရက်နေ့နောက်ဆုံးထား၍ တင်သွင်းနိုင်ရေးနှင့် “လွန်းရာကျော်ကြိုးကြီးချိတ်လုပ်ငန်း”ကို
၂၀၂၈ ခုနှစ် မတ်လ(၃၁)ရက် နောက်ဆုံးထားပြီး ဆက်လက် တင်သွင်းရေးအတွက် ပြည်သူများပူးပေါင်းပါဝင်မှု၊
ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုမှု၊ ပြည်သူနှင့် အသင်းအဖွဲ့များ ကောင်းစွာလှုပ်ရှားဆောင်ရွက်မှုများဖြင့်
ဤဝန်ကြီးဌာနက ဆက်လက်ကြိုးပမ်းသွား ပါမည်ဖြစ်ကြောင်း၊ သို့ပါ၍ အဆိုအား မှတ်တမ်းတင်ပေးနိုင်ပါရန်
ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဒဂုံမြို့သစ်(ဆိပ်ကမ်း)
မဲဆန္ဒနယ်မှ ဒေါက်တာ ရွှေပြည်စိုး တင်သွင်းသည့်အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကသတ်မှတ်အချိန်ကာလအတွင်း
ဆောင်ရွက်ပြီးစီးနိုင်ရေးအတွက် မှတ်တမ်းတင်စောင့်ကြည့်မည်ဖြစ်ကြောင်း ကြေညာသည်။
တတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး
၁၄ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို အောက်တိုဘာ ၁၂ ရက်တွင်
ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းအဖွဲ့

No comments:
Post a Comment