မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့မှစတင်၍ အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ဆုတ်ခွာသွားပြီဖြစ်ကြောင်း သိရသည်။ ပုံမှန်အားဖြင့် မိုးရာသီကာလကုန်ဆုံးပြီးနောက် ဆောင်းရာသီကာလသို့ ရောက်ရှိလာပြီဖြစ်သော်လည်း လက်ရှိအချိန်တွင် ဖြစ်ပေါ်နေသော အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် အပူရှိန်လွန်ကဲသည့် ရာသီဥတုဒဏ်ကို ခံစားကြရမည်ဖြစ်ကြောင်း မိုးလေဝသပညာရှင်များက အသိပေးထားသည်။
အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် အနောက်တောင်မုတ်သုံလေ ဆုတ်ခွာပြီးသည်နှင့် အပူရှိန်မြင့်မားမှုကို ချက်ချင်းကြုံတွေ့လာရသည်။ မြန်မာနိုင်ငံအောက်ပိုင်း ပင်လယ်ကမ်းရိုးတန်းနှင့် နီးစပ်သည့်ဒေသများ၌ အပူချိန်မြင့်မားလာသည်နှင့် မိုးတိမ်တောင်များ၊ လေပွေလှိုင်းများဖြစ်ပေါ်လာမှုနှင့်အတူ လေပြင်းတိုက်ခတ်မှုများ၊ မိုးရွာသွန်းမှုများဖြစ်ပေါ်လာနိုင်သည်ဟုဆိုသော်လည်း မိုးရွာသွန်းမှုသည် ခေတ္တခဏမျှသာဖြစ်နိုင်သည်။ သေချာသည်မှာ အပူရှိန်ပြင်းထန်မှုကိုကြုံတွေ့နေရသည်ဖြစ်၍ အပူဒဏ်အန္တရာယ်ကာကွယ်ရေး ကြိုတင်သတိပြုကာဆောင်ရွက်ဖွယ်ရာများကို ပြင်ဆင်ဆောင်ရွက်ထားကြရမည်ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အောက်တိုဘာလ ၅ ရက်နေ့က ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များအား လိုအပ်သည်များကို လမ်းညွှန်မှာကြားရာတွင် အယ်လ်နီညိုရာသီဥတုကြောင့် ဖြစ်ပေါ်လာနိုင်သည်များအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် လမ်းညွှန်မှာကြားခဲ့သည်။ အယ်လ်နီညိုရာသီဥတုနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံသည်လည်း ပြင်းပြင်းထန်ထန် ဆိုးရွားသည့်အပူဒဏ်လွန်ကဲမှုကို ရင်ဆိုင်ကြုံတွေ့လာနိုင်သည်ဟု သုံးသပ်မှုများနှင့်အတူ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များအတိုင်း သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ပြည်သူများ အပူဒဏ်ကြောင့် ဖြစ်ပေါ်လာနိုင်သည်များကို လျော့နည်းသက်သာအောင် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။
အယ်လ်နီညိုရာသီဥတုဖြစ်စဉ်သည် လက်ရှိတွင် ကမ္ဘာတစ်ဝန်းလုံး၌ အားအလွန်ကောင်းနေပြီး ယခုနှစ်အကုန်တွင် အလွန့်အလွန်အင်အားကြီးမားသော အယ်လ်နီညိုဖြစ်စဉ်နှင့် ကြုံတွေ့ရမည်ဖြစ်ရာ တိုက်ရိုက်ထိခိုက်ခံစားကြရမည့် နိုင်ငံများတွင် မြန်မာနိုင်ငံမပါဝင်သော်လည်း အယ်လ်နီညိုဖြစ်စဉ်ကို အနည်းနှင့်အများ ခံစားကြရမည်ဖြစ်သည်။ မကြာမီကာလတွင် မြန်မာနိုင်ငံအနေဖြင့် ဆောင်းရာသီကာလသို့ ရောက်ရှိတော့မည်ဖြစ်သော်လည်း အယ်လ်နီညိုဖြစ်စဉ်ကြောင့် ပူပြင်းခြောက်သွေ့မှုများ၊ မြေအောက်ရေခန်းခြောက်မှုများ ကြုံတွေ့လာနိုင်ပေသည်။ လက်ရှိအချိန်တွင် အချို့သောမြို့နယ်များ၌ ပုံမှန်ထက် အပူချိန်ပိုမိုမြင့်မားမှုများ ကြုံတွေ့နေကြသည်။
မြန်မာနိုင်ငံသည် အပူပိုင်းနိုင်ငံဖြစ်ပြီး အပူချိန်မြင့်မားမှုကို နှစ်စဉ်ကြုံတွေ့ကြရကာ အပူဒဏ်ကို ခံနိုင်ရည်ရှိသည်ဆိုသော်လည်း အပူချိန်မြင့်မားမှုကြောင့် ဖြစ်ပေါ်လာနိုင်သော ကျန်းမာရေး၊ စီးပွားရေးပြဿနာများကို သတိပြုကြရမည်ဖြစ်သည်။ လာမည့် ၂၀၂၇ ခုနှစ် မိုးရာသီကာလမတိုင်မီအထိ အယ်လ်နီညို ရာသီဥတုပူပြင်းမှုဒဏ်ကို ကျော်ဖြတ်နိုင်ရေးအတွက် သောက်သုံးရေနှင့် စိုက်ပျိုးရေတို့ကို သိုလှောင်ထိန်းသိမ်းသုံးစွဲခြင်း၊ မြို့နယ်အလိုက် အပူရှောင်စခန်းများဖွင့်လှစ်ပေးခြင်း၊ ဆည်၊ တာတမံ၊ ကန်များ၌ ရေသိုလှောင်စုဆောင်းထားခြင်း၊ မလိုလားအပ်ဘဲ သောက်သုံးရေများကို လေလွင့်ဆုံးရှုံးမှုမဖြစ်အောင် ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ခြင်း၊ ကြာရှည်ခံထားနိုင်ပြီး စားသောက်၍ရနိုင်သော အသီးအနှံနှင့် စားရေရိက္ခာများကို စုဆောင်းထားရှိခြင်းနှင့် မိုးနှောင်းရာသီသီးနှံများကို ပန်းတိုင်ရည်မှန်းချက်ရသည်အထိ စိုက်ပျိုးခြင်း၊ မွေးမြူရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဖြစ်အောင် စီမံဆောင်ရွက်ခြင်းတို့ကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်သည်။
အထူးသဖြင့် အပူဒဏ်ကြောင့်ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးထိခိုက်မှုအန္တရာယ်များကို ကျန်းမာရေးဝန်ကြီးဌာန၏ စဉ်ဆက်မပြတ် သတိပေးမှုများနှင့်အညီ လိုက်နာဆောင်ရွက်ရမည့်အချက်များကို ပြည်သူများ သိရှိနားလည်ဆောင်ရွက်နိုင်အောင် ဝိုင်းဝန်းလုပ်ဆောင်ကြရမည်ဖြစ်သည်။ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း ပူပြင်းသောနေရောင်အောက်တွင် အပူဒဏ်အကာအကွယ်များမပါရှိဘဲ သွားလာလုပ်ကိုင်ခြင်းကို ဆင်ခြင်ဆောင်ရွက်ကြရန်၊ သောက်ရေသန့််ကို လုံလောက်စွာသောက်သုံးရန်၊ အလွန်ပူပြင်းသော နေရောင်အောက်မှ အလွန်အေးသောအခန်းအတွင်း၊ ယာဉ်များအတွင်း ချက်ချင်းဝင်ရောက်ခြင်းကို သတိပြုဆောင်ရွက်ရန်၊ နေခင်းနေ့လယ်တွင် ရေချိုးခြင်းကို ရှောင်ကြဉ်ကြရန်၊ သက်ကြီးရွယ်အိုများနှင့်မကျန်းမာသူများ၊ ကလေးသူငယ်များကို အပူဒဏ်သက်သာသောနေရာများတွင် ထားရှိပေးရန်လိုအပ်ပါသည်။
သို့ဖြစ်ရာ အယ်လ်နီညို အစွန်းရောက်ရာသီဥတုဖြစ်စဉ်သည် အချိန်ကာလအားဖြင့် တစ်နှစ်နီးပါးကြာမြင့်မည်ဖြစ်၍ ယခုအချိန်ကာလမှ နောက်နှစ်မိုးရာသီကာလမတိုင်မီအထိ စားရေရိက္ခာလုံခြုံမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ကမကထ ဦးဆောင်ဦးရွက်ပြုလုပ်မှုများဖြင့် အများပြည်သူဘေးကင်းလုံခြုံမှုအတွက် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

No comments:
Post a Comment