နေပြည်တော် အောက်တိုဘာ ၁
မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်မှုများနှင့် အခြားသောလူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းချက်များ ချိုးဖောက်ခဲ့သည့်အတွက် ပြစ်ဒဏ်များကျခံပြီးနောက် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား စိစစ်ပြီးသူ ၁၄၇၆ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ရန် နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်မှုအရ တပ်မတော် (ရေ) မှ တာဝန်ရှိသူများ ဦးဆောင်သည့် စစ်ရေယာဉ် (မုတ္တမ)၊ ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)၊ စစ်ရေယာဉ် (ဆင်ဖြူရှင်) တို့သည် ရန်ကုန်မြို့မှ စက်တင်ဘာလ ၂၄ ရက်နေ့တွင်ထွက်ခွာ၍ သွားရောက်ခေါ်ဆောင်ခဲ့ရာ မလေးရှားနိုင်ငံ၊ လူမွတ်ဆိပ်ကမ်းသို့ စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ရောက်ရှိခဲ့ကြောင်း၊ ပစ်ဒဏ်ကျခံပြီးသော မြန်မာနိုင်ငံသား ၁၄၇၆ ဦးအား မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံး (ကြည်း၊ ရေ၊ လေ) တို့အနေဖြင့် မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန၊ တာဝန်ရှိသူများထံမှ စနစ်တကျလွှဲပြောင်းလက်ခံခဲ့ပြီးနောက်၊ စစ်ရေယာဉ်များသည် စက်တင်ဘာလ ၂၉ ရက်နေ့ညပိုင်းတွင် မလေးရှားနိုင်ငံ၊ လူမွတ်ဆိပ်ကမ်းမှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာလာမှုအား သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
အဆိုပါ မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများက နွေးထွေးစွာကြိုဆိုလက်ခံကြပြီး စစ်ရေယာဉ်များပေါ်တွင် စနစ်တကျနေရာချထားပေးခြင်း၊ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခြင်း၊ နေ့စဉ်စားသောက်ဖွယ်ရာများ ချက်ပြုတ်ကျွေးမွေးခြင်း၊ စိတ်အပန်းဖြေစေရန် နှစ်သက်ရာ Game များ ကစားကြခြင်းနှင့် ရုပ်ရှင်ဗွီဒီယိုဇာတ်ကားများပြသခြင်း၊ ကိုယ်လက်ကြံ့ခိုင်ရေးစုပေါင်းလေ့ကျင့်ခန်းများ ပြုလုပ်ကြခြင်း၊ လိုအပ်သည့် အဝတ်အထည်နှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းတို့ကို စစ်ရေယာဉ်များ၌ တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များက ဆောင်ရွက်ပေးလျက်ရှိပါသည်။
စစ်ရေယာဉ်များသည် ယနေ့နံနက်ပိုင်းတွင် မြန်မာ့ရေပြင်ပိုင်နက်သို့ စတင်ချင်းနင်း ဝင်ရောက်ချိန်တွင် အမိနိုင်ငံရေမြေနှင့် ကာလအတန်ကြာဝေးကွာနေခဲ့ရသော မြန်မာနိုင်ငံသားများကို နိုင်ငံတော်အကြီးအကဲနှင့် တပ်မတော်အကြီးအကဲများက မိဘရင်းသဖွယ် လှိုက်လှဲစွာကြိုဆိုကြောင်း သတင်းစကားပါးမှုအပေါ် သင်္ဘောပေါ်တွင် လိုက်ပါလာသော ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံသားများအနေဖြင့် ဝမ်းမြောက်ဝမ်းသာ လက်ခုပ်တီး၍ ပျော်ရွှင်မှုစိတ်ခံစားချက်များကို ဖေါ်ထုတ်ပြသခဲ့ကြကြောင်း၊ ခေါ်ယူရေးစီမံဆောင်ရွက်ပေးခဲ့သည့် နိုင်ငံတော်အကြီးအကဲ၏ ကြီးမားသောမေတ္တာတရားနှင့် စေတနာပြည့်ဝစွာဖြင့် အဖက်ဖက်က ဆောင်ရွက်ပေးလျက်ရှိသော တာဝန်ရှိသူများအားလုံးကို အထူးကျေးဇူးတင်လျက်ရှိကြကြောင်းလည်း သိရှိရပါသည်။
အဆိုပါ စစ်ရေယာဉ်များသည် မကြာမီရက်ပိုင်းအတွင်း မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ရောက်ရှိမည် ဖြစ်ကြောင်း၊ မိဘဆွေမျိုးများ၊ မိသားစုများနှင့် အမြန်ဆုံးပြန်လည်တွေ့ဆုံနိုင်ရေးအတွက် ဆိပ်ကမ်းတွင် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် မိသားစုဝင်များက အသင့်စောင့်ကြို၍ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးရန် စီစဉ်ထားရှိကြောင်း၊ မိမိနိုင်ငံအတွင်း၌ပင် မိသားစုများနှင့် အေးချမ်းစွာနေထိုင်နိုင်ရေးနှင့် လိုအပ်သည်များ ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။





No comments:
Post a Comment