Saturday, October 31, 2026

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး စစ်မှုထမ်းတာဝန်‌ကျေပွန်စွာထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားတက်ရောက်၊ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ



စစ်တွေ အောက်တိုဘာ ၃၁

စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ်(ပုံစံ-၁၂)နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ် ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေတပ်နယ်၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ဇော၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှတပ်မတော်အရာရှိကြီးများ၊ ပြည်သူ့စစ်မှုထမ်း စစ်သည်တော်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ယနေ့အခမ်းအနားကို တက်ရောက်လာကြသည့် ပြည်သူ့စစ်မှုထမ်း စစ်သည်များ၏ ဘဝခရီးလမ်းမှာ မှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်သည့် နေ့တစ်နေ့ဖြစ်ကြောင်း၊ မိမိတို့၏ လူငယ်ဘဝအချိန်ကာလများကို နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် ပေးဆပ်ခဲ့ကြသည့် စစ်သည်အားလုံးကို လှိုက်လှိုက်လှဲလှဲဂုဏ်ပြုကြောင်း၊ ပြည်သူ့စစ်မှုထမ်းတာဝန်သည် ဥပဒေအရ ပေးအပ်ထားသည့် တာဝန်တစ်ခုတင်မက နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိသူတိုင်း ထမ်းဆောင်ရမည့် မွန်မြတ်သည့် အမျိုးသားရေးတာဝန်တစ်ခုဖြစ်ကြောင်း၊ စစ်သည်တော်များသည် နိုင်ငံတော်အတွက် လိုအပ်သည့်အချိန်မှာ ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့သူများဖြစ်သည့်အတွက် သမိုင်းက အသိအမှတ်ပြုထားမည်ဖြစ်ကြောင်း၊ စစ်သည်တော်များသည် အရပ်သားဘဝကို ပြန်လည်ရောက်ရှိသွားမည်ဖြစ်၍ စစ်သည်တော်၏  ကိုယ်ရည်ကိုယ်သွေးများက စစ်သည်တော် စိတ်ဓာတ်အတိုင်း ရှိနေရမည်ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းတာဝန် ထမ်းဆောင်ပြီးသည့်အချိန်မှစ၍ မိမိတို့ဒေသမှာရှိသည့် လူငယ်များ၏ စံပြဖြစ်အောင် နေထိုင်သွားကြရမည်ဖြစ်ကြောင်း၊ အမှားနှင့်အမှန်ကို ဝေဖန်ပိုင်းခြားပြီး ရပ်ရွာအေးချမ်းရေးအတွက် အထောက်အကူပြုသူများ ဖြစ်အောင်နေထိုင်သွားကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်တွင် ကြိုးစားအားထုတ်ရာတွင်လည်း တပ်မတော်က သင်ကြားပေးလိုက်သည့် ဇွဲသတ္တိရှိမှု၊ အမိန့်နာခံမှုနှင့် စည်းကမ်းကောင်းမွန်မှုများကို အသုံးပြုပြီး မိမိတို့၏ မိသားစုလူနေမှုဘဝတိုးတက်အောင် အားသွန်ခွန်စိုက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စစ်သည်တော်များ တာဝန်ထမ်းဆောင်နေစဉ်တွင် နောက်ကွယ်ကဆုတောင်းပေးခဲ့သည့် စောင့်မျှော်နေခဲ့သည့် မိသားစုဝင်များကိုအချိန်ပေးပြီး အကောင်းဆုံး အလုပ်အကျွေးပြုစုကြရမည်ဖြစ်ကြောင်း၊ တစ်ကြိမ်စစ်သားဖြစ်ခဲ့ဖူးလျှင် အမြဲတမ်းစစ်သားဖြစ်သည်ဆိုသည့် စကားနှင့်အညီ နိုင်ငံတော်မှာ အရေးပေါ်အခြေအနေတစ်ခုခု ပေါ်ပေါက်လာလျှင် မိမိတို့ထမ်းဆောင်ခဲ့သည့် တာဝန်များကိုသတိရပြီး နိုင်ငံတော်ကလိုအပ်သည့်အချိန်တွင် အသင့်ရှိနေကြသည့် သူရဲကောင်းစစ်သည်တော်များဖြစ်အောင် ကြိုးစားသွားကြရမည်ဖြစ်ကြောင်းနှင့် စစ်သည်တော်များသည် ဘေးအန္တရာယ်ကင်းရှင်းစွာနှင့် မိမိတို့နေရပ်ကိုပြန်လည်ရောက်ရှိပြီး ရည်မှန်းထားသည့်ဘဝပန်းတိုင်များကို အောင်မြင်စွာလျှောက်လှမ်းနိုင်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ဇောက စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ပြုစကားပြောကြားသည်။

ယင်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများအားလည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးက ပြည်သူ့စစ်မှုထမ်းတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ထောက်ပံ့ပစ္စည်းများအားလည်းကောင်း၊ အနောက်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူးက ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ်(ပုံစံ-၁၂)တို့ကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာကြသည့် စစ်သည်တော်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်မှုထမ်းတာဝန်‌ ကျေပွန်စွာထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများနှင့်အတူ နံနက်စာကို အတူတကွသုံးဆောင်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) အစည်းအဝေးခန်းမ၌ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)မှ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံကြသည်။

တွေ့ဆုံစဉ် ကွန်ပျူတာတက္ကသိုလ် (စစ်တွေ) ဒုတိယပါမောက္ခချုပ် ဒေါက်တာဇော်ထွန်းက တက္ကသိုလ်ဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ် ဝန်ကြီးချုပ်က ကွန်ပျူတာတက္ကသိုလ် ဆရာ၊ ဆရာမများနှင့် အရာထမ်းအမှုထမ်းများ၏ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ၏ အင်တာနက်အသုံးပြု၍ ပညာသင်ကြားရေးဆိုင်ရာကိစ္စရပ်များအပေါ် ပြန်လည်ဆွေးနွေးပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွန်ပျူတာအသုံးပြု လက်တွေ့သင်တန်းခန်း၊ ဝန်ထမ်းအိမ်ရာနှင့် တက္ကသိုလ်ဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။ ထိုသို့လှည့်လည်ကြည့်ရှုစဉ် ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် အရိပ်ရပင်များနှင့် လေကာပင်များအား အောက်ခြေရှင်းအလင်းဖွင့်ခြင်းများ ဆောင်ရွက်သွားရန်နှင့် စာသင်ခန်းများ သန့်ရှင်းသာယာလှပရေးတို့ကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း (ပြန်/ဆက်)

No comments:

Post a Comment