နေပြည်တော် အောက်တိုဘာ ၁၅
တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင်
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး
ဒသမနေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စား လှယ်ဦးရေ ၂၀၉ ဦးရှိသည့်အနက်
ယနေ့အစည်းအဝေး သို့ ၁၉၃ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့်
စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍
မှတ်တမ်းတင်သည်။
ထို့နောက် ကယားပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
အမှတ(၁၀) ဒေါ်နော်ဖလောရင့်ဒယ်နီ၏ ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ပြည်နယ်ပြည်သူ့ဆေးရုံကြီးတွင်
လိုအပ်နေသော စိတ်ကျန်းမာရေးအထူးကုဆရာဝန်နှင့် ကျောက်ကပ်ရောဂါအထူးကုဆရာဝန်တို့အား ခန့်အပ်ပေးရန်
အစီအစဉ် ရှိ၊ မရှိနှင့် ခန့်အပ်နိုင်ခြင်းမရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်းက လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံအုပ်ကြီးနှင့်အတူ
အထူးကုဆရာဝန် ၁၅ ဦး၊ လက်ထောက်ဆရာဝန် ၅ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၁၆၅ ဦး တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊
သမားတော်နှစ်ဦးသည် ဆေးပညာမဟာသိပ္ပံ၊ အထွေထွေသမားတော် ၃ နှစ် သင်တန်းတွင် စိတ်ကျန်းမာရေး၊ ကျောက်ကပ်၊
နှလုံး၊ အသည်း၊ ဦးနှောက်နှင့် အာရုံကြောရောဂါများအတွက် သင်တန်းပေးပြီးဖြစ်၍ ဆီးနှင့်
ကျောက်ကပ်ဆိုင်ရာ ရောဂါဝေဒနာရှင်များကို တာဝန်ယူကုသပေးလျက်ရှိကြောင်း၊ ကျောက်ကပ်သန့်စင်ခြင်းလုပ်ငန်း
ဆောင်ရွက်နိုင်ရန်အတွက် အဆိုပါသမားတော်နှစ်ဦး ကဦးစီးပြီး သင်တန်းဆင်းသူနာပြုများနှင့်
ကျွမ်းကျင်ဝန်ထမ်းများဖြင့် ဆောင်ရွက်ပေးနေပြီဖြစ်ပါကြောင်း၊ ကျွမ်းကျင်ဝန်ထမ်းများ
ထပ်မံမွေးထုတ်ပေးနိုင်ရန်လည်း ဆောင်ရွက်လျက်ရှိပြီး လိုအပ်ချက်အပေါ်တွင် စိစစ်၍ တိုင်းဒေသကြီး/
ပြည်နယ်ဆေးရုံကြီးများတွင် ဦးစားပေး ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း၊ စိတ်ကျန်းမာရေးအထူးကု
ဆရာဝန်တစ်ဦးကို (၂၈-၈-၂၀၂၆) ရက်စွဲပါစာဖြင့် ပြည်သူ့ဆေးရုံကြီး လွိုင်ကော်မြို့သို့
တာဝန်ချထားပြီးဖြစ်ကာ လက်ရှိတွင် တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း ဖြေကြားသည်။
မွန်ပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်
(၁) ဒေါ်ယဉ်မင်းထိုက်၏ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျူချောင်ကျေးလက် ကျန်းမာရေးဌာနအား
ဝန်ထမ်းအိမ်ရာပါဝင်သော စံကိုက်ကျေးလက်ကျန်းမာရေးဌာန အဆောက်အအုံအသစ် တစ်လုံးဆောက်လုပ်ပေးရန်
အစီအစဉ် ရှိ၊ မရှိနှင့်အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်းက ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ
ကျူချောင်ကျေးလက်ကျန်းမာရေးဌာနသည် ကျေးရွာအုပ်စု ၆ စု၊ ကျေးရွာ ၁၃ ရွာ၊ အိမ်ခြေ ၄၆၀၄
အိမ်မှ ဒေသခံပြည်သူ ၂၄၂၁၄ ဦးတို့၏ အခြေခံကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို
အဓိကတာဝန်ယူ ဆောင်ရွက်ပေးနေသောဌာနဖြစ်ကြောင်း၊ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု၊ ကျွမ်းကျင်သူနှင့်
မွေးဖွားမှုနှင့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှုရာခိုင်နှုန်းကောင်းမွန်ပြီး ကျန်းမာရေးဝန်ထမ်းအင်အား
၁၂ ဦးဖြင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်
လူဦးရေ ၂၀၀၀၀ ကျော်ကို ကျန်းမာရေးလွှမ်းခြုံမှု ဆောင်ရွက်ပေးနေသော ကျူချောင်ကျေးလက်
ကျန်းမာရေးဌာနသည် တရားဝင်မြေပိုင်ဆိုင်ခွင့်၊ မြေပုံစံ (၁၀၅/ ၁၀၆) အပါအဝင် စုစုပေါင်းမြေဧရိယာ
၁ ဒသမ ၁၀ ဧက အဆင်သင့်ရှိနေပြီး လက်ရှိစံကိုက်အဆောက်အအုံမဟုတ်ခြင်း၊ ဝန်ထမ်းများနေထိုင်ရန်
ဝန်ထမ်းအိမ်ရာလိုအပ်ခြင်းတို့ကြောင့် စံကိုက်ကျေးလက်ကျန်းမာရေးဌာန အဆောက်အအုံအသစ်ရရှိရေး
၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်ပြီးဖြစ်ကြောင်း ဖြေကြားသည်။
တနင်္သာရီတိုင်းဒေသကြီး
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၉) ဦးဉာဏ်ထွန်း၏ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်
ကျွန်းစုမြို့နယ် မင်းဂုတ်ကျေးရွာအုပ်စု မင်းဂုတ်-ဂျိုးတောင်ရွာလမ်းမ၏ အလယ်မှ ခမောင်းဒိုင်းကွင်းသို့
ဆက်သွယ်ဖောက်လုပ်ထားသော ပေ ၂၅၀၀ ရှိ ကုန်ထုတ်လမ်းအား မြေသားလမ်းမှ ကျောက်ခင်းလမ်းအဖြစ်
အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန်နှင့် ၎င်းကုန်ထုတ်လမ်း အလယ်ရှိ (၁၂ ပေ x ၁၀ ပေ x ၇ ပေ)ရှိ
သံကူကွန်ကရစ် တံတားတစ်ခုကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန်
အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးသိုက်စိုးက ကျွန်းစုမြို့နယ် မင်းဂုတ်ကျေးရွာအုပ်စု မင်းဂုတ်ကျေးရွာ
ကုန်ထုတ်လမ်းသည် အရှည် ၄ ဖာလုံရှိ မြေသားလမ်းဖြစ်ပြီး လက်ရှိလမ်းအကျယ်မှာ ၁၂ ပေ ခန့်ရှိပါကြောင်း၊
လိုအပ်သော လမ်းအကျယ်ရရှိရန်ညှိနှိုင်းပြီး အကြိုအင်ဂျင်နီယာလုပ်ငန်းများ ကွင်းဆင်းတိုင်းတာခြင်း၊
လမ်းဒီဇိုင်းပုံထုတ်ခြင်း၊ အသေးစိတ်ခန့်မှန်းခြေတွက်ချက်ခြင်းများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင်
ဆောင်ရွက်ပြီးဖြစ်ပါကြောင်း။
မြေပြင်စစ်ဆေးချက်အရ
ကုန်ထုတ်လမ်း ၄ ဖာလုံနှင့် Box Culvert ၁ စင်း ဆောင်ရွက်ပေးနိုင်ရန် ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်၊
ပြည်ထောင်စုရန်ပုံငွေတွင် လျာထားသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကုန်ထုတ်လမ်းအဆင့်ကို မြေနီ၊ ကျောက်စရစ်၊
ရိစာအဆင့်သာ ဆောင်ရွက်ပေးနေခြင်းဖြစ်သည့်အတွက် ကျောက်ခင်းလမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါကြောင်း
ရှင်းလင်းဖြေကြားသည်။
ဧရာဝတီတိုင်းဒေသကြီး
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၈) ဦးအောင်တင်မြင့်၏ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်
ကန်ကြီးထောင့်မြို့နယ် ကျူတန်း- ထိန်တပင်-ပေပင်-ကုလားကွင်း ကျေးရွာချင်းဆက်လမ်း ပေ ၂၈၄၀၀ ရှိ ကျေးရွာချင်း
ဆက်လမ်းအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးက ဧရာဝတီတိုင်းဒေသကြီး
ကန်ကြီးထောင့်မြို့နယ်ရှိ ကျူတန်း-ထိန်တပင်-ပေပင်-ကုလားကွင်း ကျေးရွာချင်းဆက်လမ်းသည်
ကွန်ကရစ်လမ်း ၁ မိုင် သုည ဒသမ ၇ ဖာလုံ၊ ကွန်ကရစ်ဘီးလမ်း ၂ မိုင် ၁ ဒသမ ၈ ဖာလုံ၊ ကျောက်လမ်း
၁ မိုင်၊ မြေသားလမ်း ၃ မိုင် သုည ဒသမ ၅၉ ဖာလုံ စုစုပေါင်းလမ်းအရှည် ၇ မိုင် ၃ ဒသမ ၀၉
ဖာလုံရှိပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင်၊ ပြည်ထောင်စုမှစီမံခန့်ခွဲသော
Class-B အဆင့်လမ်းဖြစ်ပါကြောင်း၊ ကျူတန်း-ထိန်တပင်ပြုပြင်ရန် လိုအပ်သောလမ်းပိုင်းကို
၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေ အကန့်အသတ်ဘောင်အတွင်းမှ
ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
ကျောင်းသား ကျောင်းသူများ
စာသင်ကျောင်းသို့သွားလာရန် ထိန်တပင်-ပေပင်ကြား မြေသားလမ်းပိုင်းကို ၂၀၂၈-၂၀၂၉ ဘဏ္ဍာနှစ်တွင်
ကျောက်ချောလမ်း ၄ ဖာလုံ လျာထားတင်ပြသွားမည်ဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍
ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်
(၂) ဒေါ်မာလာဆန်း၏ ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နှင့် အောင်ပန်းမြို့တို့၏
မြို့ပြ/ ကျေးလက်ဒေသများ နွေရာသီတွင် ကြုံတွေ့နေရသည့် သောက်သုံးရေ ပြတ်လပ်မှုပြဿနာကို
ရေရှည်ဖြေရှင်းနိုင်ရန်အတွက် ကလော- အောင်ပန်း ရေပေးဝေရေးစီမံကိန်းအား ပြည်ထောင်စုအစိုးရ၏ရန်ပုံငွေဖြင့်
အထူးဦးစားပေးစီမံကိန်း (Priority Project) ထည့်သွင်းလျက် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ပေးရန်
အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင်က ကလောမြို့သည်
မြို့ပေါ်ရပ်ကွက် ၁၁ ခုရှိပြီး တစ်ရက်ရေလိုအပ်ချက်မှာ ဂါလန် ၇ ဒသမ ၅ သိန်းဖြစ်ကြောင်း၊
လက်ရှိတွင် ရေထွက် ၃ ခုဖြစ်သော ရေအေးကန်ဆည်၊ အင်းပြင်ရေထွက်နှင့် ခနောက်စိမ်းရေထွက်တို့မှ
စုစုပေါင်းတစ်နေ့ရေဂါလန် ၆ ဒသမ ၂ သိန်းကို အိမ်သွယ်ရေတိုင် ၁၉၄၉ တိုင်ဖြင့် ပေးဝေလျက်ရှိပြီး
လွှမ်းခြုံမှုရာခိုင်နှုန်း ၈၂ ရာခိုင်နှုန်းရှိပါကြောင်း။
အောင်ပန်းမြို့သည်
မြို့ပေါ်ရပ်ကွက် ၁၂ ခုရှိပြီး တစ်ရက်ရေလိုအပ်ချက်မှာ ဂါလန် ၇ ဒသမ ၇၅ သိန်း ဖြစ်ကြောင်း၊
လက်ရှိတွင် ငါးကြောင်အိုင်ဆည် ရေထွက်နှင့် နန့်အွန်ရေထွက်တို့မှ ရေဖြန့်ဝေပေးခြင်း
လုပ်ငန်းဆောင်ရွက်လျက်ရှိပြီး တစ်ရက်လျှင် ရေဂါလန် ၄ ဒသမ ၅ သိန်းကို အိမ်သွယ်ရေတိုင်
၁၉၉၂ တိုင်ဖြင့် ပေးဝေလျက်ရှိကာ လွှမ်းခြုံမှုရာခိုင်နှုန်း ၅၈ ရာခိုင်နှုန်းရှိပါကြောင်း။
ကလောမြို့နှင့်
အောင်ပန်းမြို့များသို့ သန့်ရှင်းသောသောက်သုံးရေ ရာနှုန်းပြည့် တိုးချဲ့ပေးဝေနိုင်ရေးလုပ်ငန်းကို
မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှုဖြင့်
ဆောင်ရွက်နိုင်ရန် စိတ်ဝင်စားမှုအဆိုပြုလွှာ Expression Of Interest (EOI) ခေါ်ယူခဲ့ရာ
ONOP AKH Corporation လီမိတက် က EOI အောင်မြင်ခဲ့သဖြင့် စာချုပ်ချုပ်ဆိုနိုင်ရေး စာချုပ် (မူကြမ်း) ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း။
အဆိုပါတိုးချဲ့ရေပေးဝေရေး
လုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကလောမြို့၏ တစ်ရက်ရေလိုအပ်မှု ဂါလန် ၁ ဒသမ ၃ သိန်းနှင့်
အောင်ပန်းမြို့၏ တစ်ရက်ရေလိုအပ်မှု ဂါလန် ၃ ဒသမ ၂၅ သိန်းတို့ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သဖြင့်
ကလောမြို့နှင့် အောင်ပန်းမြို့တို့၏ နွေရာသီတွင် ကြုံတွေ့နေရသည့် သောက်သုံးရေပြတ်လပ်မှုပြဿနာကို
ဖြေရှင်းပေးနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။
တနင်္သာရီတိုင်းဒေသကြီး
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၁) ဦးစိုးကြည်၏ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်
မြိတ်တောင်ရပ်မြို့မ (၁) ရပ်ကွက်ရှိ ချောင်းကမ်းလမ်း၊ ဇီဇဝါလမ်း၊ သစ္စာလမ်းနှင့် မြို့မ
(၂) ရပ်ကွက်ရှိ ခိုင်စံပယ်လမ်း၊ ငွေစိန်ခြယ်လမ်းတို့အား လက်ရှိမြေသားလမ်းများမှ ကွန်ကရစ်လမ်းများအဖြစ်
အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင်စတင်၍ ဆောင်ရွက်ပေးမည်ကို
သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင်က တနင်္သာရီတိုင်းဒေသကြီး
မြိတ်တောင်ရပ် မြို့မ (၁) ရပ်ကွက်ရှိ ချောင်းကမ်းလမ်းသည် အရှည် ပေ ၂၁၀၀ ရှိပြီး ၂၀၂၇-၂၀၂၈
ဘဏ္ဍာရေးနှစ်တွင် ချောင်းကမ်းလမ်းပေအရှည် ၁ဝဝဝ ၊ အကျယ် ၁၂ ပေ၊ ဒု ၇ လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား
ခန့်မှန်းကုန်ကျငွေကျပ် ၁၆၈ ဒသမ ၄၃ သန်းဖြင့် လျာထားခဲ့ပြီး ကျန်ရှိသောအပိုင်းကို နှစ်အလိုက်
အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြို့မ (၁) ရပ်ကွက် ဇီဇဝါလမ်းသည် အလျား
ပေ ၁၃ဝဝ၊ သစ္စာလမ်းသည် အလျား ပေ ၄၅၀ ရှိပြီး ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ဘဏ္ဍာရေးနှစ်အလိုက်
လျာထားတင်ပြသွားမည်ဖြစ်ကြောင်း။
ထို့အတူ မြို့မ
(၂) ရပ်ကွက် ခိုင်စံပယ်လမ်း အရှည်ပေ ၅ဝဝ၊ အကျယ် ၁၂ ပေ၊ ဒု ၇ လက်မနှင့် ငွေစိန်ခြယ်လမ်း
အရှည်ပေ ၄၅၀၊ အကျယ် ၁၂ ပေ၊ ဒု ၇ လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍
လျာထားတင်ပြသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက
မြန်မာ-ဂျပန် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းဖွဲ့စည်းခွင့်ပြုရန် လွှတ်တော်၏
သဘောထားရယူရာ လွှတ်တော်က သဘောတူသဖြင့် မြန်မာ- ဂျပန်လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်း
ဖွဲ့စည်းမည်ဖြစ်ကြောင်း ကြေညာသည်။
ဆက်လက်၍ မြန်မာ-ဂျပန်လွှတ်တော်ချင်း
ချစ်ကြည်ရင်းနှီးရေးအသင်းတွင် ဥက္ကဋ္ဌအဖြစ် မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
အမှတ် (၅) ဦးမောင်မောင်မြင့်နှင့် အတွင်းရေးမှူးအဖြစ် တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး
ဝင်းသိန်းတို့အပါအဝင် အဖွဲ့ဝင်ခုနစ်ဦး၏ အမည်စာရင်းကို လွှတ်တော်၏ အတည်ပြုချက်ရယူရာ
အတည်ပြုသဖြင့် မြန်မာ-ဂျပန်လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းတွင် ပါဝင်မည့်ဥက္ကဋ္ဌ၊
အတွင်းရေးမှူးနှင့် အဖွဲ့ဝင်တို့၏အမည်စာရင်းကို အတည်ပြုကြောင်း ကြေညာသည်။
ထို့နောက် အမျိုးသားလွှတ်တော်
ဥပဒေကြမ်းကော်မတီက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်
အကာအကွယ်ပေးရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊
ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) ဒေါ်နွယ်နွယ်ဦးက ဖတ်ကြားတင်ပြသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကာအကွယ်ပေးရေးဥပဒေကြမ်းကို
တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ သဘောထားရယူ၍ အတည်ပြုသည်။
ဆက်လက်၍ စက်မှုနှင့်
အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကာအကွယ်ပေးရေးဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က တစ်ပိုဒ်ချင်းအလိုက်
အတည်ပြုဆုံးဖြတ်ခြင်း ဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အတွက် အမျိုးသားလွှတ်တော်က အတည်ပြုပေးနိုင်ပါရန်
အဆိုတင်သွင်းရာ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၉) ဒေါ်သိင်္ဂီဝင်းရွှေက
ထောက်ခံဆွေးနွေးသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကာအကွယ်ပေးရေးဥပဒေကြမ်းကို
အတည်ပြုရန် အမျိုးသားလွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်က သဘောတူသဖြင့် ပြင်ဆင်ထားသည့်အတိုင်း အတည်ဖြစ်ကြောင်း ကြေညာသည်။
ယင်းနောက် တတိယအကြိမ်
အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒသမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို
အောက်တိုဘာ ၂၀ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းအဖွဲ့

No comments:
Post a Comment