Sunday, October 18, 2026

ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့်တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်


 နေပြည်တော် အောက်တိုဘာ ၁၈

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့်အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံးလုပ်ကိုင်ခဲ့သည့် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံများ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ထပ်မံလုပ်ကိုင်နိုင်ခြင်းမရှိစေရန် အဆိုပါအဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများကို စနစ်တကျဆောင်ရွက်လျက်ရှိသည်။









ထိုသို့ဆောင်ရွက်လျက်ရှိရာ ရွှေကုက္ကိုလ်နယ်မြေဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်ခဲ့သည့် ဖြိုချဖျက်ဆီးရန်ကျန်တရားမဝင်အဆောက်အအုံများအနက် ယာဉ်ယန္တရားများအသုံးပြု၍ ဖြိုချဖျက်ဆီးလျက်ရှိသည့် ၅ ထပ်အဆောက်အအုံတစ်လုံးအားဆက်လက်ဖြိုချဖျက်ဆီးခဲ့ရာ ယနေ့အထိ ၉၀ ရာခိုင်နှုန်းဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း၊ ထပ်မံ၍ ၅ ထပ်အဆောက်အအုံတစ်လုံးအားဖြိုချဖျက်ဆီးမှုမှာ ယနေ့အထိ ၁၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

ရွှေကုက္ကိုလ်နယ်မြေဒုတိယပိုင်းအတွင်းရှိ ဖြိုချဖျက်ဆီးမည့်အဆောက်အအုံ ၆၃ လုံးအနက် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၂၅ လုံး၊ ဖောက်ခွဲ၍ဖြိုချဖျက်ဆီးမည့် အဆောက်အအုံလေးလုံးနှင့် လူနေအိမ်များနှင့်မလွတ်ကင်း၍ လူအင်အားအသုံးပြုကာ တစ်လွှာချင်းဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၃၄ လုံးဟူ၍ အဆောက်အအုံအမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ထားပြီး စနစ်တကျဖြိုချဖျက်ဆီးခြင်းများကိုဆောင်ရွက်လျက်ရှိရာ ဖောက်ခွဲဖြိုချမည့်အဆောက်အအုံလေးလုံးနှင့် ယာဉ်ယန္တရားများဖြင့်ဖြိုချဖျက်ဆီးမည့် အဆောက်အအုံများအနက်တစ်လုံးတို့အား ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း၊ ဖြိုချဖျက်ဆီးရန်ကျန်ရှိသည့်အဆောက်အအုံ ၅၈ လုံးကိုလည်း ဆက်လက်၍ စနစ်တကျဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာလုံးဆိုင်ရာလူမှုစီးပွားနယ်ပယ်နှင့် အမျိုးသားလုံခြုံရေးကိုခြိမ်းခြောက်လာသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများပပျောက်စေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့်ပူးပေါင်းကာ အပြီးတိုင်လုံးဝပပျောက်သွားစေရေး အထူးအလေးထားနှိမ်နင်းလျက်ရှိကြောင်း သတင်းရရှိသည်။

(၁၀၀)

No comments:

Post a Comment