အဆင့်မြင့်ဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတက “မြန်မာနှင့် မလေးရှားနိုင်ငံတို့သည် အာဆီယံမိသားစုဝင်နိုင်ငံများဖြစ်ကြပြီး ဒေသတွင်းစီးပွားရေးပေါင်းစည်းမှုနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိကြကြောင်း၊ ထို့အပြင် နှစ်နိုင်ငံစလုံးသည် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၅ နိုင်ငံ ပါဝင်လက်မှတ် ရေးထိုးထားပြီး ကမ္ဘာ့လူဦးရေ၏ ၃၀ ရာခိုင်နှုန်း၊ ကမ္ဘာ့ကုန်ထုတ်လုပ်မှုတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းခန့်နှင့် ကမ္ဘာ့စုစုပေါင်း ကုန်သွယ်မှုပမာဏ၏ ၂၈ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုနေသည့် ဒေသတွင်းဘက်စုံပူးပေါင်းဆောင်ရွက်မှု(RCEP) သဘောတူစာချုပ်တွင်လည်း ပါဝင်လက်မှတ်ရေးထိုးထားကြောင်း၊ ယခုကဲ့သို့ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်နှင့် မူဘောင်များသည် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပေါင်းစည်းမှုကို ပိုမိုမြှင့်တင်နိုင်မည့်အခွင့်အလမ်းများ ဖြစ်သောကြောင့် ထိရောက်ပြီး အကျိုးရှိစွာအသုံးပြုနိုင်ရန်လိုကြောင်း”ပြောကြားသည်။
ယနေ့ကမ္ဘာကြီးသည် စီးပွားရေးနှင့် နည်းပညာတိုးတက်ပြောင်းလဲမှုများ အချိန်နှင့်တစ်ပြေးညီ ဖြစ်ပေါ်နေပြီး ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။ ယခုကဲ့သို့ စိန်ခေါ်မှုများနှင့်အတူ နိုင်ငံများ၏ စီးပွားရေးခံနိုင်ရည်စွမ်းအား(Economic Resilience)ရှိရေးသည်လည်း အရေးကြီးလာသည်။ အဆိုပါအချက်များကြောင့် ဒေသတွင်းနိုင်ငံများအကြား အပြန်အလှန်ယုံကြည်မှု၊ လေးစားမှုနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများသည် ပိုပြီးအရေးပါလာသည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု မူဘောင်များမှတစ်ဆင့် နှစ်နိုင်ငံရေရှည်အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များကို စီးပွားရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲများတွင် အတူတကွ ဆွေးနွေးဖော်ထုတ်ပြီး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရန် ဒေသတွင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများကြားတွင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
မြန်မာနှင့်မလေးရှားနိုင်ငံတို့သည် တူညီသည့်သမိုင်းကြောင်းများရှိပြီး ပထဝီအနေအထားအရ အရှေ့တောင်အာရှကျွန်းဆွယ်ပေါ်၌ အတူတည်ရှိနေသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည်။ ယနေ့အချိန်အခါတွင် နှစ်နိုင်ငံဆက်ဆံရေးသည် နိုင်ငံရေးနှင့် သံတမန်ဆက်ဆံရေးကဏ္ဍများအပြင် စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဆက်သွယ်ရေးနှင့်နည်းပညာ၊ စွမ်းအင်၊ ခရီးသွားလုပ်ငန်း၊ ပညာရေးနှင့်ယဉ်ကျေးမှု စသည့်ကဏ္ဍများအထိ တဖြည်းဖြည်းပိုမိုကျယ်ပြန့်လျက်ရှိသည်။ ထို့ကြောင့် အနာဂတ်တွင် မြန်မာ-မလေးရှား နှစ်နိုင်ငံဆက်ဆံရေးအား ရှိရင်းစွဲချစ်ကြည်ရင်းနှီး မှုများကိုအခြေခံပြီး ပိုမိုခိုင်မာအားကောင်းစေသည့် စီးပွားရေးမိတ်ဖက်ဆက်ဆံရေး တစ်ရပ်အနေဖြင့် တည်ဆောက်သွားရန် အချိန်အခါကောင်းပင်ဖြစ်သည်။
နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအနေဖြင့် လက်ရှိတွင် မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးပါသည့်ကုန်သွယ်ဖက် နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး ပြီးခဲ့သည့်နှစ်တွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် အမေရိကန် ဒေါ်လာ ၁ ဒသမ ၆၆၂ ဘီလီယံရှိပြီး ယခုနှစ်ဩဂုတ်လအထိ ၁ ဒသမ ၀၁ ဘီလီယံကျော်ရှိခဲ့သည်။ မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ ရေထွက်ကုန်များ၊ ရော်ဘာနှင့်ကုန်ကြမ်းများ၊ ချုပ်ပြီးသားအထည်များကို မလေးရှားနိုင်ငံသို့ တင်ပို့လျက်ရှိပြီး မလေးရှားနိုင်ငံမှ စက်သုံးဆီ၊ ချောဆီနှင့် ရေနံထွက်ပစ္စည်းများ၊ စားအုန်းဆီ၊ စားသောက်ကုန်၊ စက်မှုကုန်ချောများ၊ အီလက်ထရောနစ်ပစ္စည်းများနှင့် ပလတ်စတစ်ကုန်ကြမ်းပစ္စည်း၊ ဓာတုကုန်ကြမ်းများနှင့် ဆေးဝါးပစ္စည်းများ စသည်တို့ကို တင်သွင်းလျက်ရှိသည်။
နှစ်နိုင်ငံကုန်သွယ်မှုကိုကြည့်လျှင် ထုတ်ကုန်ပစ္စည်းများသည် အပြန်အလှန် ဖြည့်ဆည်းနိုင်သည့်သဘောရှိသည်။ အထူးသဖြင့် နှစ်နိုင်ငံကုန်သွယ်မှုကို မြှင့်တင်ရာတွင် ကုန်သွယ်မှုပမာဏတိုးမြှင့်နိုင်ရုံသာမက မြန်မာနိုင်ငံမှထွက်ရှိသည့် ကုန်ကြမ်းများနှင့် လယ်ယာ၊ မွေးမြူရေးနှင့် ရေထွက်ကုန်များကို အရည်အသွေး၊ ထုပ်ပိုးမှု၊ အစားအစာဘေးကင်းလုံခြုံမှုနှင့် နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီအောင် ပြောင်းလဲထုတ်လုပ်ပြီး နိုင်ငံတကာဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ရေး ပူးပေါင်းဆောင်ရွက် မှုများ ဖော်ဆောင်နိုင်မည်ဟု ယုံကြည်သည်။
သို့ဖြစ်ရာ မြန်မာ-မလေးရှား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် ရှိရင်းစွဲတိုးတက်ဖြစ်ထွန်းမှုများထက်ကျော်လွန်၍ နှစ်နိုင်ငံနိုင်ငံရေး၊ သံတမန်ဆက်ဆံရေးကဏ္ဍများအပြင် စီးပွားရေး၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု စသည့် ကဏ္ဍအသီးသီးတွင် ပိုမိုအားကောင်းခိုင်မာလာစေသည့် စီးပွားရေးမိတ်ဖက် ဆက်ဆံရေးကဏ္ဍသစ်တစ်ရပ်ကို ပိုမိုတိုးမြှင့်ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။

No comments:
Post a Comment