Wednesday, October 7, 2026

ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဟားခါးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ တွေ့ဆုံပွဲကျင်းပ

 



ဟားခါး အောက်တိုဘာ ၇

ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဟားခါးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများတွေ့ဆုံပွဲကို အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၉ နာရီခွဲက ဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တွေ့ဆုံပွဲတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ဟားခါးတက္ကသိုလ်သည် ဖွဲ့စည်းပုံဇယားအရ ဝန်ထမ်းအင်အားတောင့်တင်းသည့် ဌာနတစ်ခုဖြစ်သော်လည်း အခြေအနေ အကြောင်းကြောင်းကြောင့် ဝန်ထမ်းအင်အားနည်းပါးနေကြောင်း၊ ဟားခါးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများ၏ အခက်အခဲနှင့် ပြည်နယ်အစိုးရထံ တင်ပြလိုသည့်အချက်များ ဆွေးနွေးတင်ပြနိုင်ရေးအတွက် ယခုကဲ့သို့ တွေ့ဆုံပွဲကျင်းပရခြင်း ဖြစ်ကြောင်း၊ ပြီးခဲ့သည့် အပတ်အတွင်း ကမ္ဘာ့ဆရာများနေ့ ကျင်းပပြီး အသက် (၇၀) နှစ်နှင့်အထက် ဆရာကြီး၊ ဆရာမကြီးများကို ကန်တော့လက်ဆောင်များ ပေးအပ်ခဲ့ပါကြောင်း၊ ဆရာ၊ ဆရာမများဟူသည် လက်ရှိတာဝန်ထမ်းဆောင်သည်ဖြစ်စေ၊ အငြိမ်းစားယူသည်ဖြစ်စေ ကြည်ညို လေးစားရပါကြောင်း၊ ဟားခါးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမများနှင့် စီမံခန့်ခွဲရေးဝန်ထမ်းများအနေဖြင့် တစ်ဦးချင်းမိတ်ဆက်ပြီး အခက်အခဲနှင့် တင်ပြလိုသည့် အချက်များကို ပွင့်ပွင့်လင်းလင်းနှင့် လွတ်လွတ်လပ်လပ် တင်ပြကြစေလိုကြောင်းဖြင့်  အမှာစကား ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှက ချင်းပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများကို လေ့လာကြည့်သည့်အခါ မြန်မာစာအားနည်းနေကြသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်၍ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းရှိ ဆရာ၊ ဆရာများအတွက် မွမ်းမံသင်တန်းများ ဟားခါးတက္ကသိုလ်မှ သင်ကြားပို့ချပေးစေလိုကြောင်း တင်ပြဆွေးနွေးသည်။

ထို့နောက် ဟားခါးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းဖေက ဟားခါးတက္ကသိုလ် တည်ထောင်မှု၊ ဟားခါးတက္ကသိုလ်၏ မျှော်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ၊ ဟားခါးတက္ကသိုလ်၏ ကောင်းကင်ဓာတ်ပုံ၊ တက္ကသိုလ်၏ ရုပ်ပိုင်းဆိုင်ရာ၊ ပညာရပ်ပိုင်းဆိုင်ရာနှင့် စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ တင်ပြချက်များကို Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဟားခါးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများက တစ်ဦးချင်းမိတ်ဆက်၍ တင်ပြလိုသည့်အချက်များကို တင်ပြကြပြီး တင်ပြချက်များအပေါ် ဖြေရှင်းဆောင်ရွက်ပေးနိုင်သည့်အချက်များကို စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ လျန်ဇခုပ်၊ ပြည်နယ်ဥပဒေချုပ် ဦးကပ်တလွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်ဇောလင်းတို့က  ပြန်လည်ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ဟားခါးတက္ကသိုလ် ဆရာ ၊ ဆရာမ (၅၃) ဦးနှင့် တက္ကသိုလ်ပါမောက္ခချုပ်အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့မှ ချီးမြှင့်ငွေကျပ် (၆၃) သိန်းအား ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ရာ ဟားခါးတက္ကသိုလ်ပါမောက္ခချုပ်က လက်ခံရယူခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment