Thursday, October 22, 2026

နောင်ချိုမြို့နယ်၌ ငွေကျပ် နှစ်ဘီလီယံကျော်တန်ဖိုးနှင့် ကလောမြို့နယ်၌ ငွေကျပ် သိန်း ၃၆၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

 


နေပြည်တော် အောက်တိုဘာ ၂၁

နောင်ချိုမြို့နယ်တွင် ငွေကျပ် နှစ်ဘီလီယံကျော် တန်ဖိုးနှင့် ကလောမြို့နယ်တွင် ငွေကျပ် သိန်း ၃၆၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိပြီး ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၆ ရက် ညနေ ၆ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ နောင်ချိုမြို့နယ် သာစည်ကျေးရွာအနီးတွင် ကွတ်ခိုင်မြို့မှ ရန်ကုန်မြို့သို့ ချမ်းအေးသာစံမြို့နယ် ဒေးဝင်းအနောက်ရပ်ကွက်နေ သန်းထွန်းအောင် (၄၁)နှစ် မောင်းနှင်ပြီး အောင်ပင်လယ်ရပ်ကွက်နေ အေးမင်းထွေး (၂၁)နှစ် လိုက်ပါလာသော MITSUBISHI FUSO အမျိုးအစားယာဉ်အား စစ်ဆေးရှာဖွေရာ စိတ်ကြွဆေးပြား ၄၅ ဒသမ ၇ သိန်း (တစ်ပြားလျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂ ဒသမ ၂၈၅ ဘီလီယံ) ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ အောက်တိုဘာ ၁၈ ရက် နံနက် ၆ နာရီခွဲတွင် ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများ သယ်ဆောင်ခိုင်းသူ ပြင်ဦးလွင်မြို့ ရေချမ်းအိုးရပ်ကွက်နေ လီဆာ (ခ) ယောလှ (ခ) ရှမ်းလေး (၃၁) နှစ်အား မိုးကုတ်မြို့ မင်းတံတားရပ်ကွက်တွင် LANDCRUISER ယာဉ်တစ်စီး၊ ငွေကျပ်သိန်း ၁၉၀ တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် သန်းထွန်းအောင်၊ အေးမင်းထွေးနှင့် လီဆာ (ခ) ယောလှ (ခ) ရှမ်းလေးတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

အလားတူ အောက်တိုဘာ ၁၉ ရက် နံနက် ၉ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကလောမြို့နယ် အင်းပြင်ရွာနေ ဝင်းဦး (၄၅) နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား ၁၂ သိန်း (တစ်ပြားလျှင် ငွေကျပ် ၃၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ်သိန်း ၃၆၀၀) ဖမ်းဆီးရမိသဖြင့် ဝင်းဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment