Sunday, October 25, 2026

ပြည်သူကြားမှ ပြည်သူ့ကိုယ်စားလှယ်များ

 



မောင်အောင်

“အားလုံးပဲ မင်္ဂလာပါခင်ဗျာ”

“မင်္ဂလာပါ”

ဘကြီးအောင်တို့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဇေယျာသီရိမြို့နယ် သာစည်ကျေးရွာအုပ်စု အောင်သာကျေးရွာမှ ဦးဇော်ဦး၏ ပဲပုပ်စိုက်ခင်းကို လာရောက်လေ့လာခြင်းဖြစ်ပါသည်။

ဘကြီးအောင်တို့အဖွဲ့တွင် ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက် ရေးကော်မတီအဖွဲ့ဝင် ၁၃ ဦး ပါရှိသည်။ ပဲပုပ်စိုက်ခင်းဘေးတွင် ယာယီမဏ္ဍပ်ထိုးထားပြီး မဏ္ဍပ်အတွင်း၌ ကျေးရွာသူ ကျေးရွာသား ၉၀-၁၀၀ ခန့် ရောက်ရှိနေရာယူထားပြီးဖြစ်သဖြင့် ဘကြီးအောင်တို့အဖွဲ့ကို ကြိုဆိုခေါ်ယူလာခဲ့သည်။ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူးက ဘကြီးအောင်တို့အဖွဲ့ကို နေရာချထားပေးပြီးသည့်အခါ ရွာသူ ရွာသားများအား ဘကြီးအောင်က နှုတ်ခွန်းဆက်လိုက်ရာ ရွာသူ ရွာသား များက တုံ့ပြန်နှုတ်ခွန်းဆက်ကြခြင်း ဖြစ်ပါသည်။

“ကျွန်တော်တို့အဖွဲ့ကတော့ ပြည်သူ့လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ကျိုက်လတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဘကြီးအောင်ဖြစ်ပါတယ်ခင်ဗျ။ ကျိုက်လတ်မြို့ကတော့ ဧရာဝတီတိုင်းဒေသကြီး မြစ်ဝကျွန်းပေါ်ဒေသက ဖြစ်ပါတယ်။ ကျန်တဲ့လွှတ်တော် ကိုယ်စားလှယ်တွေလည်း တစ်ဦးချင်း မိတ်ဆက်ကြမှာဖြစ်ပါတယ်။”

ဘကြီးအောင် မိတ်ဆက်ပြီးတော့ ကျန်လွှတ်တော်ကိုယ်စားလှယ်များကလည်း မိတ်ဆက်ကြသည်။

“ကျွန်တော်ကတော့ ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့က လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းလင်းပါ။ ကျွန်တော်တို့ မိုးနဲမှာလည်း ပဲပုပ်အများ ကြီး စိုက်ပါတယ်။ ဒီကစိုက်တာနဲ့ ကျွန်တော်တို့ဆီကစိုက်တာ ဘယ်လိုကွာခြားသလဲဆိုတာ သိချင်တာကြောင့် လိုက်ပြီးလေ့လာတာပါ”

ဦးစိုင်းထွန်းလင်း၏ အသံက ရှမ်းသံဝဲသည်။ သူ့အမူအရာက အေးဆေးတည်ငြိမ်သဖြင့် ရွာသူရွာသားများက စိတ်ဝင်စားကြသည်။

“ကျွန်တော်ကတော့ ကချင်ပြည်နယ် ခေါင်လန်ဖူးမဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးဆင်ဆုန်းပါ။ ခေါင်လန်ဖူးဆိုတာက မြစ်ကြီးနား မြောက်ဘက်က ပူတာအိုရဲ့မြောက်ဘက် မှာရှိပါတယ်။ ကျွန်တော်တို့ဆီမှာ မြေပြန့်မရှိပါဘူး။ ပဲပုပ်စိုက်ဖို့ခက်ပါတယ်။ စိုက်တော့စိုက်တယ်။ နည်းနည်း ပဲစိုက်လို့ရပါတယ်။ ဒီမှာလို တစ်ကွင်း တစ်ဆက်တစ်စပ်တည်း စိုက်လို့မရပါဘူး”

ဦးဆင်ဆုန်းကလည်း ကချင်သံဝဲဝဲ ဖြင့် မိတ်ဆက်ရာ ရွာသူ ရွာသားအားလုံး စိတ်ဝင်စားကြသည်။ ဦးဆင်ဆုန်း မိတ်ဆက်ပြီးတော့ မြစ်ကြီးနားမှ ဦးညွန့်ဝင်း၊ သနပ်ပင်မြို့မှ ဦးအောင်ဇော်လင်း၊ ဘိုကလေးမှ ဦးစန်းမောင် အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များက မိမိဒေသကို မိတ်ဆက်ရင်း ပဲပုပ် စိုက်ပျိုးရေးနှင့်ပတ်သက်၍ မိမိဒေသ အတွေ့အကြုံကို ရှင်းလင်းဆွေးနွေးကြ သည်။

ဗီနိုင်းကားချပ်ဖြင့် ရှင်းလင်းပြောကြား

လွှတ်တော်ကိုယ်စားလှယ်များ မိတ်ဆက်ပြီးသည့်အခါ စိုက်ပျိုးရေး မြို့နယ်ဦးစီးမှူးက လက်ရှိပဲပုပ်စိုက်ခင်း အကြောင်းကို ဗီနိုင်းကားချပ်ဖြင့် ရှင်းလင်းပြောကြားသည်။ ထို့နောက်မှ စိုက်ခင်းပိုင်ရှင် ဦးဇော်ဦးက ၎င်း၏ စိုက်ခင်းနှင့်ပတ်သက်၍ ထပ်မံရှင်းလင်း တင်ပြပါသည်။

“ကျွန်တော့်ပဲပုပ်စိုက်ခင်းက လက်ရှိအကွက်အမှတ် (၁၅၂၂ ) နဲ့ ( ၁၅၂၄)မှာ စိုက်ထားတာပါ။ စုစုပေါင်းစိုက်ဧက ၄၀ ရှိပါတယ်။ နောက်ငါးဧက ထပ်စိုက်ပြီးရင် တော့ ၄၅ ဧကဖြစ်မှာပါ။ မျိုးကတော့ ရေဆင်း ၁၅ မျိုးဖြစ်ပါတယ်။ စိုက်တဲ့ စနစ်ကတော့ အခုလွှတ်တော်ကိုယ်စား လှယ်ကြီးများ မြင်တွေ့တဲ့အတိုင်း အတန်းလိုက်စိုက်တာဖြစ်ပြီး တစ်တန်းနဲ့ တစ်တန်းကြား ၁၈ လက်မ၊ တစ်ပင် နဲ့တစ်ပင်ကြား လေးလက်မဖြစ်ပါတယ်။ အခုလိုအတန်းလိုက် စိုက်တာကြောင့် ပေါင်းလိုက်ရလွယ်ကူပြီး အပင်ဖြစ်ထွန်းမှု ပိုကောင်းပါတယ်။ အထွက်နှုန်းကောင်းပါတယ်။ အခုလက်ရှိစိုက်ထားတဲ့အကွက်က စိုက်သက် ရက် ၂၀ လောက် ရှိသွားပါပြီ။ မြင်တဲ့အတိုင်း အပင်ဖြစ်ထွန်းမှု ကောင်းပါတယ်။ နောက်ပြီး တော့ ကွင်းထဲဆင်းပြီး ကြည့်စေချင်ပါ တယ်”

ဦးဇော်ဦးက ကွင်းထဲဆင်းကြည့်ရန် ဖိတ်ခေါ်လိုက်သည်။

“ကွင်းထဲဆင်းမကြည့်ခင် ကျွန်တော်တို့အဖွဲ့တွေ ရောက်တုန်းရောက်ခိုက် ရွာသူရွာသားတွေကလည်း သိချင်တာ၊ မေးချင်တာရှိရင် မေးနိုင်တဲ့အကြောင်း ပြောလိုပါတယ်”

စကားလမ်းဖွင့်ပေး

ဘကြီးအောင်က ရွာသားများကိုရော သူနှင့်အတူပါလာသည့် အဖွဲ့များကိုပါ စကားလမ်းဖွင့်ပေးလိုက်သည်။ သည်တော့လည်း လည်ကတုံးကော်လံ အဖြူ၊ တိုက်ပုံအညိုဝတ်ထားသည့် အဘတစ်ယောက်က ထလာပြီးမေးသည်။

“ကျုပ်ပြောချင်တာကတော့ ကိုယ့်မြို့အတွက်၊ ကိုယ့်ရပ်ရွာအတွက် အလုပ်လုပ် နေကြတဲ့လူတွေ ဖြစ်တဲ့အတွက် အားကိုးပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ရုပ်မြင်သံကြားမှာလည်း ကိုယ့်မြို့ရွာ စာသင်ကျောင်းဆောက်ပေးဖို့ ဆေးရုံ၊ ဆေးပေးခန်းဆောက်ပေးဖို့ တင်ပြတာတွေကြားရတော့ ဝမ်းသာကြည်နူးမိပါ တယ်”

ဒီပုဂ္ဂိုလ်ကတော့ ရုပ်မြင်သံကြားကြည့်ပြီး သတင်းစာဖတ်ပုံရပါသည်။ သူ၏တင်ပြချက်များက စနစ်တကျရှိသည်။

“အခု ကျုပ်တို့လယ်သမားတွေ ခံစား နေရတာလေး နည်းနည်းပြောပြချင်ပါတယ်။ ကျွန်တော်တို့ သီးနှံစိုက်တဲ့အခါမှာ မျိုးဖိုးက ဈေးကြီးပါတယ်။ သွင်းအားစုဖြစ်တဲ့ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး အားလုံးဈေးကြီးတယ်။ ဒါ့အပြင် လူငှားခကလည်း ဈေးကြီးတယ်။ အဲဒီတော့ ခြုံပြီးပြောရင် စိုက်စရိတ်က အရင်နဲ့မတူဘဲ အများကြီးမြင့်လာတယ်။ ဒါပေမဲ့ သီးနှံထွက်လာရင် ဝယ်မယ့်သူမရှိဘူး။ ဈေးမရဘူး။ အဲဒီတော့ အကြွေးလည်း ပေးစရာရှိ၊ စားဖို့ကလည်း လိုအပ်တော့ ကျုပ်တို့ရတဲ့ဈေးနဲ့ ထုတ်ပြီးရောင်းရတယ်။ ကျုပ်တို့ရောင်းပြီး နှစ်လလောက်ကြာတော့ ကိုယ်ပြန်ပြီးဝယ်စားတဲ့အခါ ဈေးကအဆမတန် ပြန်ပြီးကြီးနေတယ်။ အဲဒီတော့ ကျွန်တော်တို့ စိုက်ပျိုးရတဲ့သူတွေ တောင်သူတွေမှာ အတော်လေး အကျပ်အတည်းတွေ့ကြတယ်။ ဆရာတို့အနေနဲ့ ကျွန်တော်တို့ရဲ့ အကျပ်အတည်း၊ ကျွန်တော်တို့ရဲ့ အဲဒီဒုက္ခကို စဉ်းစားဖြေရှင်းပေးကြဖို့ ကျွန်တော်တင်ပြချင်တာပါ”

သူ့စကားအဆုံးတွင် ရွာသူရွာသားများက ဝမ်းသာအားရ လက်ခုပ်တီးအားပေးကြသည်။ သူ့အခက်အခဲကို တင်ပြတော့လည်း ဘကြီးအောင် မနေသာပါ။

“အခု ဦးကြီးတင်ပြသွားတဲ့ကိစ္စ လက်ရှိစိုက်ပျိုးနေတဲ့သူတွေ အမှန်တကယ် ကြုံတွေ့နေရတယ်ဆိုတာ ကျွန်တော်တို့လက်ခံပါတယ်။ ကျွန်တော်တို့ ဒီအဖွဲ့ထဲမှာကိုက လွှတ်တော် ကိုယ်စားလှယ်ဆိုပေမယ့် ကိုယ်တိုင် စိုက်ပျိုးနေတဲ့သူတွေ ပါပါတယ်။ ဒါ့ကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အချက်အလက်တွေ စုဆောင်းနေတာပါ။ အခုလိုတင်ပြပေးတဲ့ အတွက်လည်း ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ အဲဒီတော့အချက်အလက် တိတိကျကျနဲ့ ဘာသီးနှံစိုက်ရင် တစ်ဧကမျိုးဘယ်လောက်ထည့်ရတယ်။ မျိုးဖိုးကဘယ်လောက်ကျတယ်။ စိုက်စရိတ်က ဘယ်လောက်ကုန်တယ်။ သွင်းအားစု ဘယ်လောက်ကုန်တယ်။ အဲဒီသီးနှံစိုက်တော့ ပျမ်းမျှဘယ်လောက်ထွက်တယ်။ ပြန်ရောင်းတဲ့အချိန်ကြရင် ဘယ်ဈေးရတယ်။ အဲဒီတော့ စိုက်ပျိုးတဲ့တောင်သူ မှာ အကျိုးအမြတ်ဘယ်လိုနည်းတယ် ဆိုတာကို တွက်ချက်ပြီး ကျွန်တော်တို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက စီမံခန့်ခွဲရမယ်။ လုပ်ရမှာဖြစ်ပါတယ်။ အဲဒါကို စာလေးနဲ့တိတိကျကျရေးပြီး ကျွန်တော်တို့ဆီပို့ပေးပါ။ ကျွန်တော်တို့ ဆက်လက် ဆောင်ရွက်ပေးပါမယ်။

“ ကျွန်တော်တို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဆိုတာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ပေးကြဖို့ ရွေးချယ်ထားတာဖြစ်ပါတယ်။ အခုလို ပြည်သူတွေနဲ့တွေ့တဲ့အခါမှာ ရင်းရင်း နှီးနှီး ပွင့်ပွင့်လင်းလင်း တင်ပြပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ နောင်လည်း ထပ်မံတွေ့ဆုံပြီး လိုအပ်ချက်တွေကို ကူညီဖြည့်ဆည်းပေးပါ့မယ်လို့ ပြောကြားလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်”

ဘကြီးအောင်က စကားပြောကြားပြီး ရွာသားများကို ကြည့်လိုက်သည်။ ရွာသားများက ကျေနပ်အားရစွာဖြင့် လက်ခုပ်တီး၍ ဩဘာပေးကြသည်။

ဘကြီးအောင် ယုံကြည်ပါသည်။ ပြည်သူ့ကိုယ်စားလှယ်များနှင့် ပြည်သူတို့ အမြဲတမ်းထိတွေ့ပေါင်းစပ်ရန် လိုအပ်လှသည်။ ထိတွေ့ပေါင်းစပ်မှသာ ပြည်သူ့ကိုယ်စားလှယ်အစစ်အမှန် ဖြစ်ကြမည်အမှန်ပါ။ ။

No comments:

Post a Comment