Sunday, October 4, 2026

အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာလက်ရွေးစင် ပိုက်ကျော်ခြင်းအားကစားအသင်း တတိယကြေးတံဆိပ်ဆု ထပ်မံဆွတ်ခူး နိုင်ငံအလိုက် အဆင့် (၂၃) တွင် ရပ်တည်လျက်ရှိ

 


နေပြည်တော် အောက်တိုဘာ ၃

ဂျပန်နိုင်ငံ Aichi-Nagoya ၌ ကျင်းပလျက်ရှိသည့် အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်းမှ အုပ်ချုပ်သူနှစ်ဦး၊ နည်းပြနှစ်ဦးနှင့် အမျိုးသားအားကစားသမား ၁၁ ဦး၊ အမျိုးသမီးအားကစားသမား သုံးဦး စုစုပေါင်းအင်အား ၁၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားလေးယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းမှ အားကစားသမားများဖြစ်ကြသည့် ဇော်မင်းခန့်၊ ရှိန်းဝဏ္ဏဇော်၊ ရဲထက်၊ အောင်မျိုးကျော်၊ သက်ပိုင်စိုးနှင့် ဇင်မင်းဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံအတွက် တတိယကြေးတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့သည်။

အမျိုးသားလေးယောက်တွဲ ပြိုင်ပွဲတွင် ဂျပန်အသင်းက ပထမ၊ အင်ဒိုနီးရှားအသင်းက ဒုတိယ၊ မြန်မာအသင်းက တတိယနှင့် အိန္ဒိယအသင်းက ပူးတွဲတတိယဆုများကို ရရှိခဲ့သည်။

မြန်မာအသင်းအနေဖြင့် ၂၀၁၈ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် (၁၈) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်းအားကစားနည်းမှ ကြေးတံဆိပ်တစ်ခု၊ ဝူရှူးအားကစားနည်းမှ ကြေးတံဆိပ်တစ်ခုနှင့် ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၌ ကျင်းပခဲ့သည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်းအားကစားနည်းမှ ရွှေတံဆိပ်တစ်ခု၊ လှေလှော်အားကစားနည်းမှ ကြေးတံဆိပ်နှစ်ခုတို့ကိုသာ ဆွတ်ခူးရရှိခဲ့ပြီး ယခု ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ဂျပန်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲတွင် အားကစားနည်း ၄၃ နည်း ထည့်သွင်းကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ တက်ဂ်ဘော၊ Esports၊ ပိုက်ကျော်ခြင်း၊ ကျွမ်းဘားနှင့် ဘောလုံး (အမျိုးသမီး) စသည့်အားကစားနည်း ငါးနည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တက်ဂ်ဘောအားကစားနည်းမှ ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်တစ်ခု၊ Esports အားကစားနည်းမှ ရွှေတံဆိပ်တစ်ခုနှင့် ပိုက်ကျော်ခြင်းအားကစားနည်းမှ ကြေးတံဆိပ်တစ်ခုတို့ကို မြန်မာနိုင်ငံအတွက် ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူပေးနိုင်ခဲ့သည်။

အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်းက အမျိုးသားလေးယောက်တွဲပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် တတိယကြေးတံဆိပ်ဆု တစ်ခုကို ထိုက်ထိုက်တန်တန် ထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ယနေ့အထိ ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်နှစ်ခု စုစုပေါင်း ဆုတံဆိပ် ငါးခုရရှိထားပြီး ပြိုင်ပွဲဝင်နိုင်ငံ ၄၅ နိုင်ငံအနက် နိုင်ငံအလိုက်အဆင့် ၂၃ တွင် ရပ်တည်နိုင်ခဲ့ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေး နိုင်ခဲ့ပါကြောင်းနှင့် မြန်မာအသင်းသည် ယခင်အာရှအားကစားပြိုင်ပွဲများတွင် ရရှိခဲ့သည့် ဆုတံဆိပ်များထက် သာလွန်၍ အောင်မြင်မှုများ ပိုမိုရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment