Saturday, October 10, 2026

တတိယအကြိမ်အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကျင်းပ

 



အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကာအကွယ်ပေးရေးဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေး

နေပြည်တော် အောက်တိုဘာ ၉

တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂၀၉ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၁၉၈ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၄) ဦးဝင်းတင့်၏ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသော ဘုန်းတော်ကြီးကျောင်းတိုက် အဆောက်အအုံများနှင့် သီလရှင်ကျောင်းတိုက် အဆောက်အအုံများကို နိုင်ငံတော်အစိုးရမှ ပြန်လည်ပြုပြင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလင်းအောင်က စစ်ကိုင်းမြို့နယ်တွင် ထိခိုက်ပျက်စီးခဲ့သည့် ဘုရားစေတီ ၃၇ ဆူအနက် ဝါးချက်ကျေးရွာရှိ ဆင်မဝပ်စေတီ၊ လောကထွဋ်တင် ရန်အောင်မြင်ဘုရား၊ မင်းလှစေတီ၊ ပုဂံရပ်ရှိ ရှင်ပင်အံ့ဆင်းစေတီနှင့် ရွှေမင်းဝံရပ်ကွက်ရှိ ကမ္ဘာ့ငြိမ်းချမ်းရေးစေတီစသည့် ဘုရား၊ စေတီငါးဆူကို ပြန်လည်ပြုပြင်ပြီးစီးပြီဖြစ်ပါကြောင်း၊ ရှေးဟောင်းဘုရား၊ စေတီ ၁၁၈ ဆူအနက် သီတဂူဆရာတော်ကြီး အမှူးပြုသည့် ဆရာတော်များနှင့် အလှူရှင်များ၏ လှူဒါန်းမှုနှင့် ပြုပြင်ပြီး ၁၉ ဆူ၊ ပြုပြင်ဆဲ ၁၇ ဆူဖြစ်ပြီး ပြုပြင်ရန်ကျန် ၈၂ ဆူဖြစ်ပါကြောင်း၊ ရှေးဟောင်းဘုရားများဖြစ်ကြသော ပျူကံစေတီအုပ်စု ဘုရားခုနစ်ဆူ၊ လောကမှန်ကင်းလိုဏ်ဂူနှင့် မိပေါက်ကြီးစေတီတို့ကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပြုပြင်ထိန်းသိမ်းရန်အတွက် ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက လျာထားပြီးဖြစ်ပါကြောင်း၊ ဘုန်းတော်ကြီးကျောင်း ၆၉၄ ကျောင်းနှင့် သီလရှင်ကျောင်း ၃၇၇ ကျောင်းကို ပြန်လည်ပြုပြင်နိုင်ရေး အလှူရှင်ရှာဖွေလျက်ရှိပါကြောင်း။

စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျောင်းအဆောက်အအုံများ ပြုပြင်မပြီးမီ ရဟန်း၊ သာမဏေနှင့် သီလရှင်များ အဆင်ပြေစွာ သီတင်းသုံးနိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပေးပို့လှူဒါန်းသည့် Prefabricated House အလုံး ၂၂၀ ကို သာသနာရေးဝန်ကြီးဌာန၏စီမံမှုဖြင့် ပို့ဆောင်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများက ဘုန်းကြီးကျောင်း ၁၁၀ နှင့် သီလရှင်ကျောင်း ၉၇ ကျောင်းတို့သို့ ၂၀၂၆ ခုနှစ် မေ ၂၁ ရက်မှစ၍ ပို့ဆောင်တပ်ဆင်ပေးခဲ့ရာ ၂၀၂၆ ခုနှစ် ဇူလိုင် ၂၄ ရက်တွင် သက်ဆိုင်ရာ ကျောင်းတိုက်အသီးသီးတွင် တပ်ဆင်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ သို့ပါ၍ စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ဘုန်းတော်ကြီးကျောင်းတိုက် အဆောက်အအုံများနှင့် သီလရှင်ကျောင်းတိုက် အဆောက်အအုံများကို ပြုပြင်ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါကြောင်းနှင့် သက်ဆိုင်ရာ ကျောင်းတိုက်များသို့ အလှူရှင်များ ပေါ်ပေါက်လှူဒါန်းလာမှသာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။

မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၆) ဒေါ်အေးချမ်းမုံ၏ ယာယီနေရပ်စွန့်ခွာနေကြရသည့်  ပြည်သူများအနက် အသက် (၁၈) နှစ်ပြည့်၍ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) အသစ် လျှောက်ထားရန် လိုအပ်သူများနှင့် မိမိတို့၏ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းတို့ကြောင့် ပြန်လည်လဲလှယ်လျှောက်ထားရန် လိုအပ်သူများအား မိမိတို့ရောက်ရှိနေသည့် ဒေသများတွင် အလွယ်တကူ လျှောက်ထားထုတ်ယူနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် မည်သို့သော အစီအစဉ်များချမှတ်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မည်ကဲ့သို့ ထိရောက်စွာ အကောင်အထည်ဖော်  ဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်းက မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/ ၆)ဖြင့် နေထိုင်ခဲ့သော ယာယီနေရပ်စွန့်ခွာ ပြည်သူများက နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီးခြင်း၊ ပျောက်ဆုံးခြင်း၊ အသက် (၁၈) နှစ်ပြည့်၍ လဲလှယ်လိုခြင်း၊ အသက် (၁၀) နှစ်၊ (၁၈) နှစ်ပြည့်လာသည့် သားသမီးများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်ပြုလုပ်လိုခြင်း စသည့်အကြောင်းအမျိုးမျိုးဖြင့် လက်ရှိနေထိုင်ရာ ဒေသတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားပါက e-ID Server အတွင်း ဖြည့်သွင်းထားသည့် ၎င်းတို့၏ အိမ်ထောင်စု လူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား နံပါတ် မှန်/ မမှန်၊ ကိုယ်ရေးအချက်အလက် မှန်/ မမှန် ဦးစွာတိုက်ဆိုင်စိစစ်ပြီး မှန်ကန်ပါက နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ထုတ်ပေးလျက်ရှိပါကြောင်း။

အကယ်၍ လျှောက်ထားသူသည် တိုင်းရင်းသားဖြစ်ပြီး ယာယီနေရပ်စွန့်ခွာလာသည့် မြို့နယ်တွင်လည်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူဖြစ်ပါက မူလနေထိုင်ရာဒေသတွင် နေထိုင်မှု ရှိ/ မရှိအား သက်ဆိုင်ရာမြို့နယ် လဝကရုံးသို့ ချိတ်ဆက်စစ်ဆေး၍ မူလနေထိုင်သည့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ “နေထိုင်ခဲ့သည်မှာ မှန်ကန်ကြောင်း ထောက်ခံချက်” ရယူပြီး လက်ရှိနေထိုင်သည့် မြို့နယ်မှ မြို့နယ်လဝက၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ပါဝင်သော မြို့နယ်နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးလုပ်ငန်း စိစစ်ကြီးကြပ်ရေးအဖွဲ့ ၅ ဦးကော်မတီဖြင့် စိစစ်၍ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားမဟုတ်သည့် ဥပဒေအရ နိုင်ငံသားအဆုံးအဖြတ်ခံယူရမည့်သူများကိုလည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ပြီး အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ဧည့်နိုင်ငံသားလက်မှတ်နှင့် စိစစ်ရေးကတ်ပြား၊ နိုင်ငံသားပြုခွင့်လက်မှတ်နှင့် စိစစ်ရေးကတ်ပြားတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

မူလဒေသမှ ယာယီနေရပ်စွန့်ခွာလာသည့် ပြည်သူများအတွက် ၎င်းတို့ရောက်ရှိနေထိုင်ရာ မြို့နယ်အသီးသီးတွင် အိမ်ထောင်စုလူဦးရေ စာရင်းဆိုင်ရာလုပ်ငန်းများဖြစ်သည့် မွေးဖွား၍ အိမ်ထောင်စုလူဦးရေစာရင်းတွင် အမည်စာရင်းထည့်သွင်းခြင်း၊ သေဆုံး၍ အမည်စာရင်း ပယ်ဖျက်ခြင်း၊ ပြောင်းဝင်ခြင်း၊ ပြောင်းထွက်ခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်း ပျောက်ဆုံး/ ပျက်စီး၍ မိတ္တူထုတ်ပေးခြင်းတို့ကိုလည်းကောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ ပျက်စီး/ လဲလှယ်/ မိတ္တူထုတ်ပေးခြင်းတို့ကိုလည်းကောင်း ဆောင်ရွက်ပေးလျက်ရှိရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်မှ ၂၀၂၆ ခုနှစ် ဩဂုတ် ၁၆ ရက်အထိ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဆောင်ရွက်ပေးခဲ့ပါကြောင်း။

ယခုအစိုးရလက်ထက်တွင် ရက်ပေါင်း (၁၀၀) စီမံချက်ဖြင့် အသက် (၁၈) နှစ် ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းကို မြို့နယ်လဝကရုံးများ၌လည်းကောင်း၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းများ၌ ပညာသင်ကြားနေသည့် ကျောင်းသား/ ကျောင်းသူများအား အသက် (၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရန်အတွက် လမင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းဖြင့်လည်းကောင်း ဆောင်ရွက်ပေးခဲ့ပြီး ရက်ပေါင်း (၁၀၀) ကာလအလွန်တွင်လည်း လမင်းစီမံချက်ဖြင့် မြို့နယ်လဝကရုံးများ၌ အိမ်ထောင်စု လူဦးရေစာရင်းဆိုင်ရာလုပ်ငန်းများနှင့် အသက် (၁၀) နှစ်၊ (၁၈) နှစ်ပြည့်လာသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း၊ လဲလှယ်ပေးခြင်း၊ ပျောက်ဆုံး/ ပျက်စီးသဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ရာ စတင်ဆောင်ရွက်သည့် ၂၀၂၆ ခုနှစ် ဧပြီ ၂၀ ရက်မှ ၂၀၂၆ ဩဂုတ် ၁၆ ရက်အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၀၁၇၉၆၃) ကတ်ထုတ်ပေးခဲ့ပြီး UID ကောက်ယူမှုအနေဖြင့် (၁၁၄၃၇၉၄) ဦး ဆောင်ရွက်ပေးခဲ့ပါကြောင်း ဖြေကြားသည်။

ရှမ်းပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) ဒေါ်မာလာဆန်း၏ ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် အင်းငယ်ကျေးရွာအုပ်စုအတွင်းရှိ လျှပ်စစ်မီးရရှိရန် ကျန်ရှိနေသော ကျေးရွာ (၃) ရွာတွင် လျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် အင်းငယ်ကျေးရွာအုပ်စု ညောင်ပင်ဝိုင်းကျေးရွာ၊ ပြင်သာကျေးရွာနှင့် ရွှေပုထိုးကျေးရွာ သုံးရွာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ၆၆/ ၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ပင်းတယဓာတ်အားခွဲရုံ၏ ၁၁ ကေဗွီ ထိုးပံ့ဖီဒါဓာတ်အားလိုင်းမှချိတ်ဆက်၍ ဓာတ်အားဖြန့်ဖြူးပေးရမည်ဖြစ်ပါကြောင်း။

သို့ပါ၍ ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် အင်းငယ်ကျေးရွာအုပ်စု ညောင်ပင်ဝိုင်းကျေးရွာ၊ ပြင်သာကျေးရွာနှင့် ရွှေပုထိုးကျေးရွာ သုံးရွာ ဓာတ်အားရရှိရေးအတွက် ၁၁ ကေဗွီဓာတ်အားလိုင်း၊ ၁၁/ ၀ ဒသမ ၄ ကေဗွီ ထရန်စဖော်မာနှင့် ၄၀၀ ဗို့လိုင်း တည်ဆောက်ခြင်းလုပ်ငန်းများအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှစတင်၍ ရှမ်းပြည်နယ်အစိုးရ ငွေလုံးငွေရင်းရန်ပုံငွေတွင် ဘဏ္ဍာနှစ်အလိုက် လျာထားသွားမည်ဖြစ်ပြီး ဘဏ္ဍာငွေခွင့်ပြုရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ကရင်ပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၉) စောမြတ်ထွဋ်ဝင်း (ခ) ကိုဆွိ၏ ကရင်ပြည်နယ်၊ လှိုင်းဘွဲနှင့် ဖာပွန်မြို့နယ်ကြား သံလွင်မြစ်ပေါ်တွင် တည်ဆောက်ရန် ရည်ရွယ်ထားသော ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းကြီးအား ပြန်လည်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအေးကျော်က စီမံကိန်းအကောင်အထည်ဖော်ရေးအတွက် စူးစမ်းလေ့လာမှု ဆက်လက်ပြုလုပ်ခဲ့ရာ တမံအောက်ခြေတွင် ထုံးကျောက်လိုဏ်များ တွေ့ရှိမှုနှင့်စပ်လျဉ်း၍ ကုမ္ပဏီများမှ ၂၀၁၁ ခုနှစ် ဇူလိုင် ၂၇ ရက်တွင် တင်ပြလာခဲ့ပါကြောင်း၊ ကုမ္ပဏီများဘက်မှ Karst အတွက် စူးစမ်းလေ့လာမှု ပြုလုပ်ပြီးမှသာ စီမံကိန်းကုန်ကျစရိတ်များ တွက်ချက်တင်ပြနိုင်မည်ဖြစ်ပါကြောင်း ၂၀၁၃ ခုနှစ် ဇွန် ၅ ရက်တွင် ပြန်လည်တင်ပြခဲ့ပါကြောင်း၊ စီမံကိန်း၏ လုပ်ငန်းတိုးတက်မှုအစီရင်ခံစာအား ၂၀၁၄ ခုနှစ် ဇူလိုင် ၁၆ ရက်တွင် တင်ပြခဲ့ပြီး ယင်းနောက်ပိုင်း ကုမ္ပဏီများအနေဖြင့် စီမံကိန်းဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ ဌာနသို့ သီးခြားဆက်သွယ်ဆောင်ရွက်ခြင်းမရှိပါကြောင်းနှင့် စီမံကိန်းအကောင်အထည်ဖော်ရန်မှာ စီမံကိန်းနေရာသို့ ဝင်ထွက်သွားလာနိုင်သည့်နေ့တွင် စူးစမ်းလေ့လာမှုလုပ်ငန်းများကို ပြန်လည်ဆောင်ရွက်ပြီး ဖြစ်မြောက်နိုင်စွမ်းလေ့လာမှု အစီရင်ခံစာတင်ပြနိုင်သည့် နောက်ပိုင်းမှသာ သိရှိနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၄) ဦးအောင်ကျော်မင်း၏ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့၏ အလျင်အမြန်တိုးတက်လာသည့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို အချိန်မီဖြည့်ဆည်းနိုင်ရန်အတွက် တည်ဆောက်လျက်ရှိသော မအူပင်-ကျိုက်လတ် 66 KVA ဓာတ်အားလိုင်းသွယ်တန်းခြင်း၊ 66 KV ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းများအား နှစ်တိုအတွင်း အချိန်မီ အမြန်ဆုံးပြီးစီးရန် လိုအပ်နေပါသဖြင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှစ၍ လုံလောက်သည့် ရန်ပုံငွေများအား တိုးမြှင့်ချထားပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအေးကျော်က ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့အား ၂၃၀ ကေဗွီ ကျိုက်လတ်ပင်မ ဓာတ်အားခွဲရုံမှ ၃၃ ကေဗွီ ကျိုက်လတ် - မအူပင် ဓာတ်အား လိုင်း ၂၂ ဒသမ ၃ မိုင်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ အဆိုပါဓာတ်အားလိုင်းတွင် ကြံ့ခိုင်မှုအားနည်းလာခြင်းနှင့် အရွယ်အစားသေးငယ်သည့် ACSR 70 mm2 ကြိုးများပါဝင်နေသဖြင့် ဝန်အားသုံးစွဲမှုများသည့် အချိန်များတွင် ဝန်အားမနိုင်နင်းမှုနှင့် ဗို့အားကျဆင်းမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း။

မအူပင်မြို့သည် ခရိုင်မြို့ဖြစ်ပြီး ဓာတ်အားသုံးစွဲမှုများပြားခြင်းနှင့် နောင်တွင် အကောင်အထည်ဖော်မည့် စက်မှုဇုန်နှင့် ဓာတ်အားတိုးတက်သုံးစွဲမှုများ ရှိလာမည်ဖြစ်ခြင်းတို့ကြောင့် ၃၃ ကေဗွီ အစား ၆၆ ကေဗွီဖြင့် ဓာတ်အားဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ၆၆ ကေဗွီ ကျိုက်လတ်-မအူပင်ဓာတ်အားလိုင်း ၂၂ ဒသမ ၃ မိုင်အား 12 M Concrete H-Pole Suspension Type နှင့် ACSR 477 MCM ဖြင့် တည်ဆောက်ရန် စုစုပေါင်းခန့်မှန်းကုန်ကျစရိတ် ငွေကျပ် ၆၅၁၂ ဒသမ ၈၄၈ သန်း ကုန်ကျမည်ဖြစ်ပြီး Survey တိုင်းတာခြင်းနှင့် ပထမအဆင့် ပစ္စည်းဝယ်ယူခြင်းများအတွက် ပြည်ထောင်စုရန်ပုံငွေဖြင့် ၂ဝ၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၇၈၄၆၀၀ သန်းနှင့် ၂ဝ၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၄၂၁ ဒသမ ၅၂၈ သန်းအား နှစ်အလိုက်လျာထား၍ ဆောင်ရွက်လျက်ရှိပါကြောင်း။

ကျန်ပစ္စည်းဝယ်ယူခြင်းနှင့် ဓာတ်အားလိုင်း အပြီးတည်ဆောက်ခြင်းအား ၂၀၂၇ - ၂၀၂၈ ဘဏ္ဍာရေး နှစ်တွင် ပြည်ထောင်စုဘတ်ဂျတ်ဖြင့် ဆက်လက်လျာထား၍ ရန်ပုံငွေခွင့်ပြုရရှိမှုအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၆၆ ကေဗွီ မအူပင်ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းအား ၂၀၂၈ -၂၀၂၉ ဘဏ္ဍာရေးနှစ်မှစတင်၍ ပြည်ထောင်စုဘတ်ဂျက်ဖြင့် ရန်ပုံငွေခွင့်ပြုရရှိမှုအရ ဆက်လက်လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၆) ဒေါက်တာကျော်ထွန်း၏ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်တွင် လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိနိုင်စေရေးအတွက် ၂၃ဝ ကေဗွီ နမ့်စန်-မိုင်းပျဉ်း-ကျိုင်းတုံ မဟာဓာတ်အားလိုင်းမှ တစ်ဆင့် မိုင်းဖြတ်မြို့နယ်သို့ မဟာဓာတ်အားလိုင်း ချိတ်ဆက်သွယ်တန်းခြင်း၊ ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းများ စီမံကိန်းချမှတ်ဆောင်ရွက်မည့်ကာလနှင့် စီမံကိန်း စတင်ဆောင်ရွက်နိုင်မည့် ဘဏ္ဍာရေးနှစ်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအေးကျော်က ၂၀၂၀ ပြည့်နှစ်တွင် ၂၃၀ ကေဗွီ နမ့်စန်-မိုင်းပျဉ်း-ကျိုင်းတုံ မဟာဓာတ်အားလိုင်း၊ ၂၃၀ ကေဗွီ မိုင်းပျဉ်းပင်မဓာတ်အားခွဲရုံနှင့် ၂၃၀ ကေဗွီ ကျိုင်းတုံပင်မဓာတ်အားခွဲရုံများအား တည်ဆောက်အကောင်အထည်ဖော်၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း) သို့ နိုင်ငံတော်ဓာတ်အားစနစ် စတင်ရောက်ရှိခဲ့ပါကြောင်း။

ရှမ်းပြည်နယ် တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့သည် နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ဓာတ်အားရရှိပြီးဖြစ်သည့် ကျိုင်းတုံမြို့မှ ၅၁ မိုင် ကွာဝေးပါကြောင်း၊ မိုင်းဖြတ်မြို့နယ်နှင့် အနီးပတ်ဝန်းကျင်ဒေသများသို့ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးနိုင်ရေးအတွက် ၆၆ကေဗွီ ကျိုင်းတုံ- မိုင်းဖြတ် ဓာတ်အားလိုင်း မိုင် ၄၀ နှင့် ၆၆/ ၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ မိုင်းဖြတ်ဓာတ်အားခွဲရုံ စီမံကိန်းအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေတွင် လျာထားသွားမည်ဖြစ်ပြီး ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ စတင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်နှင့် ကိုရီးယားလွှတ်တော် ချစ်ကြည်ရင်းနှီးရေးအသင်းဖွဲ့စည်းရန် လွှတ်တော်၏သဘောထားရယူရာ လွှတ်တော်က သဘောတူသဖြင့် မြန်မာ-ကိုရီးယားလွှတ်တော် ချစ်ကြည်ရင်းနှီးရေးအသင်းများ ဖွဲ့စည်းမည်ဖြစ်ကြောင်း ကြေညာသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက မြန်မာ-ကိုရီးယား လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းတွင် ဥက္ကဋ္ဌအဖြစ် ပဲခူးတိုင်းဒေသကြီးကိုယ်စားလှယ်အမှတ် (၇) ဦးဇင်မင်းထက်နှင့် အတွင်းရေးမှူးအဖြစ် ဗိုလ်မှူးဇော်ဝင်းထွဋ်တို့အပါအဝင် အဖွဲ့ဝင် ၇ ဦးတို့၏ အမည်စာရင်းများကို လွှတ်တော်၏ အတည်ပြုချက်ရယူရာ အတည်ပြုသဖြင့် အမျိုးသားလွှတ်တော်နှင့် ကိုရီးယားလွှတ်တော် ချစ်ကြည်ရင်းနှီးရေး အသင်းဖွဲ့စည်းခြင်းနှင့် အသင်းတွင်ပါဝင်သည့်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်တို့၏အမည်စာရင်းကို အတည်ပြုကြောင်း ကြေညာသည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော် ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီအမည်ပြင်ဆင်ခြင်းကို အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ရယူသည်။

ယင်းနောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကာအကွယ်ပေးရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၀) ဦးသန်းအေး (ခ) ဦးတင်ဦးက အဆိုပြုဥပဒေ အခန်း (၁) ပုဒ်မ ၂ ပုဒ်မခွဲ (က)ကို ဥပဒေကြမ်းကော်မတီက အဆိုပြုပြဋ္ဌာန်းချက်အတိုင်းဟု လက်ခံထားရာ မိမိအနေဖြင့် ၎င်းမှာအဓိပ္ပာယ်ဖွင့်ဆိုချက် မမည်ဘဲမူလစာသား၊ မူလအဓိပ္ပာယ်သာဖြစ်နေပါကြောင်း၊ ယင်းအပိုဒ်အား အထူးရှင်းလင်းရန် မလိုအပ်၍ ပယ်ဖျက်သင့်ပါကြောင်း၊ ထည့်သွင်းထားမည်ဆိုပါကလည်း ပီပြင်ရှင်းလင်းသော ဖွင့်ဆိုချက်တစ်ရပ် အသစ်ရေးသင့်ပါကြောင်း၊ အဆိုပြုဥပဒေ အခန်း (၁) ပုဒ်မ ၂ ပုဒ်မခွဲ (ခ) ကို ဥပဒေကြမ်းကော်မတီက ဝန်ဆောင်မှုလုပ်ငန်းနောက်တွင် အခြားလုပ်ငန်းကို ထပ်ဖြည့်ထားရာ အခြားလုပ်ငန်းဆိုသည်မှာ ရှင်းရှင်းလင်းလင်းမရှိပါကြောင်း၊ အဆိုပြုပြဋ္ဌာန်းချက်အတိုင်း ဆက်ထားခြင်းဖြင့် လုံလောက်ပြည့်စုံသည်ဟု ယူဆပါကြောင်း။

အဆိုပြုဥပဒေကြမ်း အခန်း ၇ ၊ ပုဒ်မ ၁၃ ပါ ရန်ပုံငွေ စီမံခန့်ခွဲရေးအဖွဲ့ကို ဗဟိုကော်မတီ၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းရမည်ဟု ဖော်ပြထားခြင်းသည် မြန်မာစာဖြင့် လိုရင်းအဓိပ္ပာယ်ကို ကျစ်လျစ်သိပ်သည်းရှင်းလင်းစွာ ရေးသားထားခြင်းအပေါ် ဗဟိုကော်မတီ၏သဘောတူချက်ရယူပြီး သတ်မှတ်ချက်နှင့်အညီဟူသော စကားရပ်ဖြင့် ထပ်မံအကျယ်ချဲ့ ဖြည့်စွက်ရန်မလိုတော့ဟု ယူဆပါကြောင်း၊ အဆိုပြုဥပဒေကြမ်း အခန်း ၇ ၊ ပုဒ်မ ၁၃ ၊ ပုဒ်မခွဲ (ဇ)တွင် ပြဋ္ဌာန်းထားသော သာမန်ချေးငွေ၊ အတိုးနှုန်းသက်သာသောချေးငွေ၊ အတိုးမဲ့ချေးငွေများ ရရှိရန်နှင့် ပြန်လည်ပေးဆပ်ရန် မလိုသောအကူအညီငွေများ ထောက်ပံ့ပေးနိုင်ရန် ချေးငွေဆိုင်ရာ၊ သတင်းအချက်အလက်ဆိုင်ရာ ဌာနကို တည်ထောင်ခြင်းအပိုဒ်တွင် ကော်မတီမှ ပြန်လည်ပေးဆပ်ရန် မလိုသော အကူအညီငွေများ ထောက်ပံ့ပေးချေနိုင်ရေး စကားရပ်များကိုဖြုတ်ပယ်ရန် ဥပဒေကြမ်းကော်မတီ၏ သဘောထားမှတ်ချက်ကို သဘောမတူပါကြောင်း၊ ဥပဒေကြမ်း၏ ရည်ရွယ်ချက် ၆ ရပ်နှင့် အခြေခံမူ ၉ ချက်အရ အကျုံးဝင်နိုင်မည့် အသေးစား စီးပွားရေးလုပ်ငန်းများ၌ ပြန်လည်ပေးဆပ်ရန်မလိုသော ငွေကြေးအကူအညီပေးရေး လုပ်ငန်းများလိုအပ်လာနိုင်သဖြင့် ဤစကားရပ်များကို အဆိုပြုပြဋ္ဌာန်းပါအတိုင်း ပြန်ထားသင့်ပါကြောင်း ဆွေးနွေးသည်။

စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၉) ဒေါ်သိင်္ဂီဝင်းရွှေက အခန်း (၁) ပုဒ်မ (၂)၊ ပုဒ်မခွဲ (ည)ပါ၊ အေဂျင်စီ၏ အဓိပ္ပာယ်ဖော်ပြချက်ကို “အေဂျင်စီဆိုသည်မှာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီတို့၏ မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ရသည့် အဖွဲ့အစည်းကိုခေါ်သည်” ဟုပြင်ဆင်ရန် သင့်/ မသင့် အကြံပြုတင်ပြအပ်ပါကြောင်း၊ အင်္ဂလိပ်စာအရေးအသား ဖြည့်စွက်ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အခန်း (၆) ပုဒ်မ (၁၁) ၊ ပုဒ်မခွဲ ဌ၊ ဏ၊ ဗ၊ ဘ၊ အခန်း (၁၂) ပုဒ်မ ၂၃၊ ပုဒ်မခွဲ (င)၊ အခန်း (၁၆) ခေါင်းစဉ်များတွင် မူလအဆိုပြု ပြဋ္ဌာန်းချက်များတွင် ပါဝင်သည့် အင်္ဂလိပ်စာလုံးဖြင့် သုံးနှုန်းထားရှိမှုများကို ဥပဒေကြမ်း ကော်မတီ၏ပြင်ဆင်ချက်တွင် ပယ်ဖျက်ထားသည်ကို တွေ့ရှိရပါကြောင်း၊ သို့သော် အခန်း (၁) ပုဒ်မ (၂) ပုဒ်မခွဲ (ဖ) တွင်မူ အင်္ဂလိပ်စာလုံးဖြင့် ဖြည့်စွက်သုံးနှုန်းထားသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဥပဒေကြမ်းတစ်ခုလုံးတွင် အင်္ဂလိပ်စာလုံးပါသည့် စကားရပ်များကို ပယ်ဖျက်ရန် (သို့မဟုတ်) ထည့်သွင်းမည်ဆိုလျှင်လည်း အဓိပ္ပာယ်ပိုမိုလေးနက်စေရန် မူလပြဋ္ဌာန်းချက်များအတိုင်း ထားရှိရန် အကြံပြုတင်ပြအပ်ပါကြောင်း။

အခန်း (၃) အခြေခံမူများ၊ ပုဒ်မ (၄) ပုဒ်မခွဲ (ဆ)၏ မူလအဆိုပြု ပြဋ္ဌာန်းချက်အပေါ် ဥပဒေကြမ်းကော်မတီမှ “နှင့်သက်ဆိုင်သော” စကားရပ်ကို ဖြည့်စွက်ထားရာ စကားလုံး နေရာအထားအသိုကြောင့် ပြင်ဆင်ချက်အဓိပ္ပာယ်မပေါ်လွင်ဘဲ ဖြစ်နေသည့်အတွက် “အလုပ်အကိုင်အခွင့်အလမ်းများနှင့် သက်ဆိုင်သည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးခြင်းနှင့် လုပ်ငန်းခွင်သင်တန်း ဖွံ့ဖြိုးတိုးတက်လာစေရေး စီမံဆောင်ရွက်ခြင်း”ဟု ဖော်ပြလျှင် ပိုမိုဆီလျော်မှန်ကန်မည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။

စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၁) ဦးပြည့်ဖြိုးစံက အခန်း ၅၊ ပုဒ်မ ၇ (က) ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက် နံပါတ် ၃ တွင် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးဟု ရေးသားထားသည့်အပြင် ဘေးတွင်လည်း အဖွဲ့ဝင်များဟု ဖော်ပြထားသောကြောင့် အများကိန်းများဖြစ်ခဲ့ပါက  ဝန်ကြီးများဟု ဖော်ပြသင့်ပါကြောင်း၊ အသစ်ဖြည့်စွက်ချက် နံပါတ် ၅ တွင် “သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးအဖွဲ့ဝင်များ ဌာနများမှ ဒုတိယဝန်ကြီးများ”ဟု စကားလုံးများ ရောထွေးနေသဖြင့် စာသားကို ပိုမိုချောမွေ့အောင် ပြင်ဆင်လိုက်ပါက အဆင်ပြေမည်ဟု ထင်မြင်မိပါကြောင်း၊ အလားတူ ဥပဒေပုဒ်မ ၁၁ ပုဒ်မခွဲငယ် (ဖ) တွင်လည်း ရှေ့ကစကားပျိုးမရှိဘဲ “ကြီးထွားလာစေရေး”ဟူ၍ အဆက်အစပ်မရှိဖြစ်နေပါသဖြင့် ဆိုလိုရင်းအဓိပ္ပာယ်တစ်ခုခု သက်ရောက်စေမည့် စာညွှန်းတစ်ခုကို ရှေ့ကထည့်လိုက်ပါက ပိုမိုဆီလျော်မည်ဟု ယူဆမိပါကြောင်း။

ဥပဒေ ပုဒ်မ ၂၇ (က)တွင် စွန့်ဦးတီထွင်မှုနှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ်လိုအပ်သည့် “အခွန်လျှော့ပေါ့ ကောက်ခံခြင်း” ကို ပယ်ဖျက်ထားသကဲ့သို့ ဥပဒေ ပုဒ်မ ၂၈ (က)တွင်လည်း အစပျိုး စီးပွားရေးလုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရန် မူကြမ်းတွင်ပါသည့် “လုပ်ငန်းစတင်သည့်နေ့မှ (၃) နှစ်အထိ အခွန်ကင်းလွတ်ခွင့်ပေးခြင်း”အား ဥပဒေကြမ်းကော်မတီက ပယ်ဖျက်ထားသည်ကို တွေ့ရပါကြောင်း၊ နိုင်ငံသားများ လုပ်ငန်းစတင်ရာတွင် ဝန်မပိစေရန်နှင့် စေတနာအပြည့်နှင့် အကာအကွယ်ပေးနိုင်ရန်အတွက် ဥပဒေကြမ်းကော်မတီအနေဖြင့် ယင်းအချက်များကို ပြန်လည်စဉ်းစားပြီး မူရင်းဥပဒေမူကြမ်းပါ အခွန်ကင်းလွတ်ခွင့်နှင့် လျှော့ပေါ့ခွင့်များကို အခွန်ဥပဒေများနှင့်ညှိနှိုင်းပြီး ပြန်လည်ထည့်သွင်းပေးပါရန် တောင်းဆိုပါကြောင်း ဆွေးနွေးသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနာဆောင်ရွက်ရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁၁) ဒေါ်ဇင်ပပဦးက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများကို စတုတ္ထအကြိမ် ပြင်ဆင်သည့်နည်းဥပဒေများကို အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။         

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများကို စတုတ္ထအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲအလိုက် အသေးစိတ်ဖော်ပြပြီး အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဆက်လက်၍ တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးနဝမနေ့ကို အောက်တိုဘာ ၁၂ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းအဖွဲ့

No comments:

Post a Comment