မနှင်းဝေနိုင်
(၂၇)ကြိမ်မြောက် အဆို၊ အက၊ အရေး၊အတီးပြိုင်ပွဲကြီးကို ယနေ့တွင် နေပြည်တော်ရှိ သတ်မှတ်နေရာအသီးသီး၌ ဆက်လက်ကျင်းပခဲ့ပြီး သက်ဆိုင်ရာကဏ္ဍအလိုက်ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင်များအား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည် -
(မွန်ပြည်နယ်ကိုယ်စားပြု) အရေးပြိုင်ပွဲအဆင့်မြင့်ပညာ
အရေးပြိုင်ပွဲဝင်တာ ကျွန်မအတွက် ပွဲဦးထွက်ပထမဆုံးပြိုင်ပွဲဖြစ်ပါတယ်။ ပထမဆုံးယှဉ်ပြိုင်တာဆိုတော့ အနည်းနဲ့အများတော့ အခက်အခဲရှိပေမယ့် ကိုယ်ရဲ့ခံစားချက်ကိုသီချင်းမှာပုံဖော်ရေးသားရတဲ့အတွက် အားရကျေနပ်မှုရှိပါတယ်။ အကောင်းဆုံးယှဉ်ပြိုင်ခဲ့တဲ့အတွက် အကောင်းဆုံး ရမယ်လို့မျှော်မှန်းပါတယ်။ ကိုယ့်ရဲ့ရိုးရာယဉ်ကျေးမှုတွေကို မပျောက်ပျက်အောင် ကိုယ်ကိုယ်တိုင်ကစပြီး ထိန်းသိမ်းဖို့လိုသလို မိဘတွေအနေနဲ့လည်း ကိုယ့်ရဲ့သားငယ်သမီးငယ်လေးတွေကို ငယ်စဉ်ကတည်းက သင်ကြားပေးဖို့လိုပါတယ်။ ဒါမှသာကျွန်မတို့နိုင်ငံရဲ့ယဉ်ကျေးမှုဟာ အဓွန့်ရှည်တည်တံ့နေမှာဖြစ်ပါတယ်။ ကျွန်မကိုသင်ကြားပြသပေးခဲ့တဲ့ ဆရာသမားတွေကိုလည်း ကျေးဇူးတင်ပါတယ်။
မရွှန်းလဲ့မိုး
မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု အဆင့်မြင့်ပညာအဆင့် ဒုံမင်းပြိုင်ပွဲဝင်
ဒုံမင်းပညာကို ၂၀၂၂ ခုနှစ်ကတည်းက စတင်လေ့လာဆည်းပူးခဲ့တာပါ။ အဖေက စန္ဒရားပညာရှင်ဖြစ်ပြီး အဘိုးကတော့ ဒုံမင်းပညာရှင် ဖြစ်ပါတယ်။ ကျောင်းမှာလည်း စန္ဒရားမေဂျာယူထားပါတယ်။ စန္ဒရားနဲ့ ဒုံမင်းက note တွေတူတယ်၊ လက်ကွက်တွေတူတယ်။ အဲဒါဆိုတော့ လေ့လာရတာမြန်တယ်။ တအားသင်ယူရတာမရှိပါဘူး။ သဘောပေါက် လွယ်တယ်။ လေ့ကျင့်ရေးစခန်းမှာတော့ တစ်လလောက် လေ့ကျင့်ခဲ့ရတယ်။ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွေကို အရင်ကလည်း ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ အရင်ကတော့ ဒုံမင်းနဲ့မဟုတ်ပါဘူး။ အခုတစ်ကြိမ်မှ ဒုံမင်းနဲ့ယှဉ်ပြိုင်တာဖြစ်ပါတယ်။ အရင်က ကျေးလက်ယိမ်းအကနဲ့ ရွှေတံဆိပ်၊ ငွေတံဆိပ်တွေလည်းရခဲ့ပါတယ်။ အခုလိုမျိုးပြိုင်ပွဲတွေကျင်းပ ပေးတာကောင်းပါတယ်။ မြန်မာနိုင်ငံရဲ့ ရိုးရာအမွေအနှစ်လည်း ဖြစ်တယ်။ မြန်မာ့ယဉ်ကျေးမှုကို မပျောက်ပျက်အောင် ထိန်းသိမ်းပေးရာ လည်းရောက်ပါတယ်။ ဒုံမင်းကတီးတဲ့လူရှားသွားပါပြီ။ ဒီလိုပြိုင်ပွဲတွေ လုပ်ပေးမှ လာပြိုင်တဲ့လူလည်းရှိတယ်။ ကိုယ့်ရဲ့အနုပညာအမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းရာလည်း ရောက်ပါတယ်။
မသက်မာအေး
အခြေခံပညာ(၁၅-၂၀) အတီး (ဒုံမင်း) ပြိုင်ပွဲဝင်
ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှာ လာရောက်ယှဉ်ပြိုင်တာ ငါးကြိမ်ရှိပါပြီ။ အရင်ကတော့ အဆိုပြိုင်ပွဲတွေမှာ ဝင်ရောက်ပြီးတော့ ယှဉ်ပြိုင်ခဲ့တာပါ။ ဆုတံဆိပ်တွေလည်း ရရှိခဲ့ပါတယ်။ ဒုံမင်း(အတီး)ပြိုင်ပွဲမှာ ယှဉ်ပြိုင်တာကတော့ သုံးကြိမ်မြောက်ပါ။ (၂၆)ကြိမ်မြောက် အခြေခံပညာ (၁၀-၁၅) အတီး (ဒုံမင်း)ပြိုင်ပွဲမှာ ငွေတံဆိပ်ရရှိခဲ့ပါတယ်။ ဒုံမင်းပညာကို တကယ်နှစ်သက်ပါတယ်။ ဝါသနာပါလွန်းလို့ ဒီအဆင့်ထိရောက်အောင် ကြိုးစား ခဲ့ပါတယ်။ မျိုးဆက်သစ်တွေအနေနဲ့ အနုပညာအပေါ်မှာ ပေါ့ဆတဲ့စိတ်နဲ့ မယူဆစေချင်ပါဘူး။ ဗဟိုအဆင့်ပြိုင်ပွဲကြီး ဝင်ရောက်ယှဉ်ပြိုင် နိုင်ဖို့အတွက် ဘယ်လောက်ထိကြိုးစားခဲ့ရတယ်ဆိုတာကို ပြိုင်ပွဲဝင်တွေသာ အသိဆုံးဖြစ်ပါတယ်။ အခုလိုပြိုင်ပွဲကြီးကို ကျင်းပပေးတဲ့ တာဝန်ရှိသူများအားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။
မဇွန်မိုးစံ
ဆိုင်းတစ်ဦးချင်းပြိုင်ပွဲ (အခြေခံပညာ ၁၀-၁၅) ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု
(၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊အရေး၊ အတီးပြိုင်ပွဲကြီးမှာ မြမန်းဂီရိသီချင်းနဲ့ယှဉ်ပြိုင်ခဲ့ပါတယ်။ အမှားအယွင်းမရှိ တီးခတ်ယှဉ်ပြိုင်ဖျော်ဖြေခဲ့ပါတယ်။ ပြိုင်ပွဲဝင်နေတယ်ဆိုတဲ့ စိတ်ခံစားချက်မျိုးထက် အနုပညာကို တန်ဖိုးထားပြီး ရသကိုခံစားကာ တီးခတ်ခဲ့တာဖြစ်ပါတယ်။ ကျွန်မအနေနဲ့ (၂၆) ကြိမ်မြောက် ပြိုင်ပွဲကြီးမှာ ဒုတိယဆုရရှိထားပါတယ်။ ကျွန်မအသက် ငါးနှစ်ကတည်းက ဆိုင်းပညာကို စတင်သင်ယူခဲ့ပါတယ်။ ကျွန်မဘဝအသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုဆိုလည်း မှန်ပါတယ်။ အသက်ခုနစ်နှစ်ကစပြီး ဆိုင်းမင်းသမီးလေး ဇွန်မိုးစံဆိုပြီး ဗလာဆိုင်းခေါင်းဆောင်အနေနဲ့ တီးခတ်ပြီး အသက်မွေးဝမ်းကျောင်းပြုပါတယ်။ ဒီပြိုင်ပွဲကြီးကိုကျင်းပပေးတဲ့ နိုင်ငံတော်အကြီးအကဲကို အထူးကျေးဇူးတင်ရှိပါတယ်။ လာမယ့်နှစ်မှာလည်း ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။
မကောင်းကင်ဗိုလ်
ပတ္တလားပြိုင်ပွဲ (အခြေခံပညာ ၁၅-၂၀) မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု
ကျွန်မက Grade -11 တက်ရောက်နေပါတယ်။ အစကအတန်းပညာရေးကြောင့် မပြိုင်တော့ဘူး နားလိုက်မယ်ဆိုပြီး ဆုံးဖြတ်ထားပြီးမှ အနုပညာဗီဇကတားမရတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ဖို့ ဆိုင်းပညာကို အချိန်သုံးလလေ့ကျင့်တဲ့အချိန်မှာ အတန်းပညာရေးဘက်ကိုလည်း လစ်ဟင်းမှုမရှိရလေအောင် ကြိုးစားသင်ယူခဲ့ရပါတယ်။ ကျွန်မအသက် ငါးနှစ်ကတည်းက ဆိုင်းပညာကို လေ့လာ ဆည်းပူးခဲ့တာ ဖြစ်ပါတယ်။
(၂၅) ကြိမ်မြောက်မှာ ရွှေတံဆိပ်ဆုဆွတ်ခူးထားပါတယ်။ (၂၆) ကြိမ်မှာတော့ ငွေတံဆိပ်ရခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီနှစ်ရွှေတံဆိပ်ဆု ပြန်လည်ရရှိရမယ်ဆိုတဲ့ခံယူချက်နဲ့ အစွမ်းကုန်လက်စွမ်းပြ တီးခတ်ယှဉ်ပြိုင်ထားပါတယ်။ ကျွန်မအနေနဲ့ နောင်နှစ်ပေါင်းများစွာအထိ မြန်မာ့ယဉ်ကျေးမှုအနုပညာတွေကို တန်ဖိုးထားထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်။ မျိုးဆက်သစ်လူငယ်လေးတွေကိုလည်း သင်ပြ၊ ပို့ချပေးဖို့အထိ ခံယူထားပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။
စိုင်းကိုကို
အိုးစည်ပြိုင်ပွဲ ဝါသနာရှင် ဒုတိယတန်း မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု
ကျွန်တော့်အနေနဲ့ ပြီးခဲ့တဲ့နှစ်က ရွှေတံဆိပ်ဆုရရှိခဲ့ပါတယ်။ ကျွန်တော့်ဆရာ ဦးကိုနိုင်ဆီကပညာသင်ယူပြီး ဘယ်ညာတံတောင်တွေ လှိုင်လှိုင်သုံးပြီး မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အကောင်းဆုံးယှဉ်ပြိုင်ခဲ့ပါတယ်။ ပြိုင်ဘက်တိုင်းဒေသကြီးနဲ့ ပြည်နယ်က အိုးစည်အဖွဲ့သားတွေကလည်း ကောင်းကောင်းလက်စွမ်းပြတီးခတ်ကြတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
အိုးစည်၊ ဒိုးပတ်ပညာကိုသင်ယူတဲ့အခါ ဇွဲကောင်းဖို့တော့ လိုပါတယ်။ လွယ်ပြီးတီးရတဲ့အတွက် အလွန်ပင်ပန်းပါတယ်။ ဒီပင်ပန်းမှု တွေကိုလည်း သည်းခံနိုင်ရမယ်။ စိတ်ဝင်စားမှုလည်းရှိရမယ်။ ဝါသနာလည်းပါရမယ်။ အဲဒီအချက်တွေ မပြည့်စုံဘူးဆိုရင် အိုးစည်တီးခတ်နိုင်ဖို့မလွယ်ပါဘူး။ ဒါကြောင့်ယဉ်ကျေးမှုအမွေတွေ မပျောက်ပျက်ရအောင် ကျွန်တော်တို့ကနေတစ်ဆင့် နောက်မျိုးဆက်သစ် လူငယ်တွေကို အိတ်သွန်ဖာမှောက် လက်ဆင့်ကမ်းသင်ပြပေးသွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲကြီးကျင်းပပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
မောင်လှစိုး
အဆင့်မြင့်ပညာအဆင့်မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု အတီး(မယ်ဒလင်)
ပြိုင်ပွဲဝင်
အခုပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်တာကတော့ လေးကြိမ်မြောက်ရှိပါပြီ။ မယ်ဒလင်အပြင် ဆိုင်းအဖွဲ့လိုက်၊ အိုးစည်အဖွဲ့လိုက်ပြိုင်ပွဲတွေ မှာလည်း ယှဉ်ပြိုင်ဖူးပါတယ်။ ဆုတံဆိပ်တွေလည်း ရရှိခဲ့ဖူးပါတယ်။ (၂၆)ကြိမ်မြောက်မှာ မယ်ဒလင်နဲ့ ငွေတံဆိပ်ရခဲ့ပါတယ်။ ဝါသနာပါတာကတော့ အဆိုကိုပါ။ အခုမယ်ဒလင်ပြိုင်ပွဲဝင်ဖို့အတွက် ကြိုတင်ပြင်ဆင် ချိန်တော့ သိပ်မရခဲ့ပါဘူး။ ဒါပေမယ့်လည်း ကြိုးစားပြီးတော့ယှဉ်ပြိုင် ခဲ့ပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းတာဆိုလို့ အခုလို အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွေမှာပဲတွေ့ရတာပါ။ ဘာပဲဖြစ်ဖြစ် မြန်မာ့ရိုးရာ အမွေအနှစ်တွေကို ပြန်လည်ဖော်ထုတ်ပေးတဲ့ပွဲကြီးဖြစ်လို့ အများကြီးဂုဏ်ယူပါတယ်။ အခုလိုကျင်းပပေးတဲ့အတွက် ဝမ်းလည်းသာပါတယ်။
မန္တလေးတိုင်းဒေသကြီး ကဗျာလွတ်အကအဖွဲ့(အခြေခံပညာ ၁၀-၁၅)
ကျွန်မတို့က မနှစ်က ကျေးလက်ယိမ်းမှာ ယှဉ်ပြိုင်ခဲ့ပါတယ်။ ကျွန်မတို့ အဖွဲ့မှာ Grade 6, 7 , 8 တို့နဲ့ ဖွဲ့စည်းထားပါတယ်။ နှစ်လကျော်လောက် လေ့ကျင့်ခဲ့ပြီး အခုယှဉ်ပြိုင်တဲ့အခါမှာလည်း ကျေနပ်အားရမှုရှိပါတယ်။ ကျွန်မတို့အဖွဲ့အနေနဲ့ ဒီထက်ပိုပြီးတော့ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းသွားပါမယ်။ အခုလိုလာရောက်ယှဉ်ပြိုင်ရတဲ့ အတွက်လည်း အများကြီးဝမ်းသာရပါတယ်။
တွေ့ဆုံမေးမြန်းနှင့်ဓာတ်ပုံ-ဟိန်းဇော်မင်း








No comments:
Post a Comment