Friday, October 16, 2026

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ခရိုင်လေးခုအပါအဝင် မိတ္ထီလာ၊ ရမည်းသင်း၊ တောင်ငူခရိုင်တို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စံပြဖြစ်စေရေးဆောင်ရွက်လျက်ရှိ

 


နေပြည်တော် အောက်တိုဘာ ၁၅

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ခရိုင်လေးခုအပါအဝင် မိတ္ထီလာ၊ ရမည်းသင်း၊ တောင်ငူခရိုင်တို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးနှင့် စံပြဖြစ်စေရေး၊ Green/ Clean/ Smart City ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့် စိုက်ပျိုး‌ရေး၊ မွေးမြူရေးကိုအခြေခံ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။

ထို့ပြင် စိုက်ပျိုးရေးအတွက် မျိုးကောင်းမျိုးသန့်၊ သွင်းအားစုများ အချိန်မီပံ့ပိုးနိုင်ရေး၊ တစ်ဧကပန်းတိုင်အထွက်နှုန်းတိုးတက်စေရေး၊ အရင်းအနှီးနှင့် နည်းပညာများရရှိရေး၊ စိုက်ပျိုးရေ လုံလောက်စွာရရှိရေးကို အလေးထားဆောင်ရွက်ရန်၊ စနစ်ကျသော သမဝါယမစနစ်ကို အခြေခံ၍ အစုအဖွဲ့စနစ်၊ စုပေါင်းသမဝါယမစနစ်ကို ဖော်ဆောင်ပြီး မွေးမြူရေးလုပ်ငန်းများကိုလည်း စနစ်တကျစီမံချက်ရေးဆွဲဆောင်ရွက်ရန်နှင့် ဦးစီးဌာနအချင်းချင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များ၊ အခြားဆက်စပ်ဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက်၍ အတူတကွ လက်တွဲအကောင်အထည်ဖော်ကြိုးပမ်းဆောင်ရွက်ကြရန်လည်း ပြည်ထောင်စုဝန်ကြီးက အဆိုပါအစည်းအဝေးတွင် ထည့်သွင်းပြောကြားသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများနှင့် ဒုတိယဝန်ကြီးက လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားသည်။

ယင်းနောက် လယ်ဝေးမြို့နယ် တလုပ်ပင်ကျေးရွာတွင် ဒို့မြန်မာအထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း၏ အသားတိုးနွား ၄၆၂ ကောင် မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး မှန်တောကျေးရွာ၌ မှန်တောစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ အသင်းသား တောင်သူများနှင့် တွေ့ဆုံကာ စနစ်ကျသောသမဝါယမစနစ်ဖြင့် စုပေါင်းစိုက်ပျိုးဆောင်ရွက်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မျိုးကောင်းမျိုးသန့်၊ သွင်းအားစုများ အချိန်မီရရှိရေး မှာကြား၍ အသင်းသားတောင်သူ ၃၅ ဦး၏ စိုက်ဧက ၂၁၈ ဧကတွင် ဧရာမင်းစပါးမျိုး စိုက်ပျိုးထားမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment