နေပြည်တော်
အောက်တိုဘာ
၁၇
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ကြမည့် ဗိုလ်လောင်းများအနေဖြင့် ဘုရား၊ စေတီပုထိုးများနှင့် အထင်ကရနေရာများအား သွားရောက်လေ့လာခြင်းဖြင့် ဘာသာတရားကိုင်းရှိုင်းမှုနှင့် ဒေသန္တရဆိုင်ရာ ဗဟုသုတရရှိစေရန်၊ တပ်မတော်သမိုင်းနှင့် နိုင်ငံချစ်စိတ်၊ တပ်မတော်ချစ်စိတ်များ ရှိစေရန်နှင့် အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်ထက်မြက်စေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၃) မှ အမျိုးသမီးဗိုလ်လောင်းများသည် အုပ်ချုပ်သူများ၊ နည်းပြအရာရှိများနှင့်အတူ နေပြည်တော်အတွင်းရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ဦးစွာ အမျိုးသမီးဗိုလ်လောင်းများသည် အောက်တိုဘာ ၁၆ ရက်တွင် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်၌ တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော် လေ့လာကြရာ ဂေါပကများနှင့် တာဝန်ရှိသူများက ဘုရားကြီး၏သမိုင်းအကျဉ်းကို ရှင်းလင်းပြောကြားပြီး ဗိုလ်လောင်းများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဖြေကြားပေးသည်။ ထို့နောက် ဗိသုကာလက်ရာများဖြင့် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များ၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒအိုင်နှင့် အခြားသာသနိကအဆောက်အအုံများကို ဆက်လက်ဖူးမြော်ကြည်ညိုကြပြီး ဗိုလ်လောင်းများက နဝကမ္မအလှူငွေများ ပေးအပ်လှူဒါန်းကြသည်။ ထို့နောက် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ရတနာဆင်ဖြူတော်များကို ဆင်စာများကျွေး၍ ကုသိုလ်ယူကြသည်။
နေ့လယ်ပိုင်းတွင် ဗိုလ်လောင်းများသည် အုပ်ချုပ်သူများ၊ နည်းပြအရာရှိများနှင့်အတူ ဆာဖာရီဥယျာဉ်၊ နက္ခတ်တာရာပြခန်းနှင့် အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသပြီး ဗိုလ်လောင်းများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးကြသည်။
ယနေ့နံနက်ပိုင်းတွင်လည်း အမျိုးသမီးဗိုလ်လောင်းများသည် အုပ်ချုပ်သူများ၊ နည်းပြ အရာရှိများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ္တသတ္တာဟ မဟာဗောဓိစေတီတော် ဗုဒ္ဓဂယာ (နေပြည်တော်) သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ) စေတီတော်များကို သွားရောက်ဖူးမြော် ကုသိုလ်ယူကြသည်။
ဆက်လက်၍ နေ့လယ်ပိုင်းတွင် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ သွားရောက်၍ မြန်မာ့တပ်မတော် စတင်ဖွဲ့စည်းခဲ့သည့် ဗမာ့လွတ်လပ်ရေးတပ်မတော်မှ အစပြု၍ ခေတ်အဆက်ဆက် တပ်မတော်တွင် အသုံးပြုခဲ့သော စစ်ဝတ်တန်ဆာပလာ အသုံးအဆောင်များ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ပြင်ပပြကွက်များနှင့် ပြတိုက်အတွင်း ပြခန်းဆောင်များ၊ လက်ရုံးတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးများ၏
ပြခန်း၊ ပြကွက်များအလိုက် ခင်းကျင်းပြသထားမှုများကို လေ့လာကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ထို့နောက် နိုင်ငံတော်အတွက် စွန့်လွှတ်စွန့်စားစွာ အသက်ကိုပင် ပေးဆပ်ခဲ့ကြသည့် အမွန်မြတ်ဆုံး တုနှိုင်းဖွယ်ရာမရှိသော ဂုဏ်ဒြပ်များကို ပိုင်ဆိုင်ကြသည့် သူရဲကောင်းတစ်ဦးစီကို မော်ကွန်းတင်ကမ္ပည်း ရေးထိုးထားရှိသည့် အထိမ်းအမှတ်ဗိမာန်တစ်ခုဖြစ်သော သူရဲကောင်းဗိမာန်(နေပြည်တော်)သို့ သွားရောက်ဂါရဝပြုခဲ့ကြကြောင်း သတင်းရရှိသည်။
(၁၀၀)

No comments:
Post a Comment