နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြည်တွင်းတည်ငြိမ်အေးချမ်းမှု ရှိရန်လိုသည်။ လက်ရှိအခြေအနေတွင် ပြည်တွင်းရှိ ဒေသအများအပြားတွင်ဖြစ်ပေါ်လျက်ရှိသည့် မတည်မငြိမ်မှုများနှင့်အကြမ်းဖက် အဖျက်လုပ်ရပ်များကြောင့် နိုင်ငံ၏ကုန်ထုတ်လုပ်ငန်းများကိုထိခိုက်စေပြီး နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နှေးကွေးစေသည်။
“နိုင်ငံရေးအရမတည်ငြိမ်မှုများနှင့် အဖျက်အမှောင့်လုပ်ရပ်များကြောင့် လုံခြုံရေးထိခိုက်လာကာ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကိုအားနည်းလာစေခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်လက်နက်ကိုင်များ၏ လုပ်ရပ်များကြောင့် လမ်းတံတားနှင့်အခြားအခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ပြုပြင်တည်ဆောက်ရာတွင် နိုင်ငံတော်မှဘဏ္ဍာငွေများ၊ လူ့စွမ်းအားနှင့်အချိန်များကို ထပ်မံအသုံးပြုရခြင်းကြောင့် မူလရည်မှန်းထားသည့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း”ဟူ၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား လိုအပ်သည်များ လမ်းညွှန်မှာကြားရာတွင် ပြောကြားခဲ့သည်။
နိုင်ငံတစ်ဝန်းရှိ ဒေသအများအပြားတို့တွင် မတည်ငြိမ်မှုများနှင့်အဖျက်အမှောင့်လုပ်ရပ်များကြောင့်ဖြစ်ပေါ်လာသော လုံခြုံမှုမရှိသည့် အခြေအနေများက ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများကို များစွာ ထိခိုက်စေသည်။ ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ပစ္စည်းထုတ်လုပ်ရေး၊ ရောင်းဝယ်ဖောက်ကားရေး၊ ကူးသန်းသွားလာရေး စသည်တို့အပေါ် တိုက်ရိုက်ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည်။ တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံမှုရှိသည့် အခြေအနေများတွင်သာ ဖွံ့ဖြိုးတိုးတက်နိုင်သည့် ဝန်ဆောင်မှုလုပ်ငန်းများသည်လည်း ဒေသတည်ငြိမ်အေးချမ်းမှုမရှိသည့်အခါတွင်ရပ်ဆိုင်းသွားကြရပြီး တစ်ခုနှင့်တစ်ခုဆက်စပ်ဖြစ်ပေါ်နေသည့် ဒေသ၏ စီးပွားရေးဂေဟစနစ်မှာ ပျက်စီးသွားရသည်။
အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများ၏ အဖျက်လုပ်ရပ်များက ဒေသတည်ငြိမ်အေးချမ်းမှုနှင့်ဖွံ့ဖြိုးတိုးတက်မှုကိုရော နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ပျက်စီးဆုံးရှုံးစေသည်။ နိုင်ငံတစ်ဝန်းလုံးတွင် ငွေကုန်ကြေးကျခံကာ အချိန်ယူတည်ဆောက်ထားခဲ့ရသည့် လမ်တံတားများနှင့် အခြေခံအဆောက်အအုံများစွာတို့မှာ အကြမ်းဖက်အဖျက်သမားတို့၏လက်ချက်ဖြင့် မိနစ်ပိုင်းအတွင်းပျက်စီးခဲ့ကြရာ ဒေသခံပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်အရေးများစွာတို့အတွက် ထိခိုက်နစ်နာမှုများစွာ ဖြစ်ပေါ်စေသည်။ နိုင်ငံတော်အဖို့လည်း အဆိုပါပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ပြုပြင်တည်ဆောက်ရခြင်းကြောင့် ဘဏ္ဍာငွေ၊ လူ့စွမ်းအားနှင့် အချိန်ကဲ့သို့သော အဖိုးတန်အရင်းအမြစ်များကို တည်ဆောက်မှုအသစ်များအတွက် သုံးစွဲမှုမပြုနိုင်တော့ဘဲ ဖွံ့ဖြိုးတိုးတက်မှုကိုနှောင့်နှေးမှု ဖြစ်စေသည်။
“အဆိုပါအခြေအနေသည် ‘သမင်မွေးရင်းကျားစားရင်း’ ဖြစ်နေသကဲ့သို့ တည်ဆောက်ခြင်း၊ ဖျက်ဆီးခံရခြင်း၊ ပြန်လည်တည်ဆောက်ခြင်းစသည်ဖြင့် လည်ပတ်နေရသဖြင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပေါ် များစွာထိခိုက် နှောင့်နှေးမှုများ ဖြစ်ပေါ်စေလျက်ရှိကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကိုလည်း အရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန် အကန့်အသတ်များ ဖြစ်ပေါ်လျက်ရှိကြောင်း” နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။ နိုင်ငံမတည်ငြိမ်မှုများက နိုင်ငံ၏ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှုများကို ထိခိုက်စေသလို လမ်းတံတားအခြေခံအဆောက်အအုံများ တိုးတက်ဖြစ်ပေါ်မှုအပေါ်တွင်လည်း နှောင့်နှေးကြန့်ကြာစေခြင်းပင်ဖြစ်သည်။ တစ်နည်းအားဖြင့် ပြည်တွင်း တည်ငြိမ်အေးချမ်းမှုမရှိခြင်းက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသူနိုင်ငံသားများ၏ လူမှုစီးပွားဘဝများမြင့်မားကောင်းမွန်ရေးတို့အပေါ် ထိခိုက်နစ်နာဆုံးရှုံးမှုများစွာဖြစ်ပေါ်စေခြင်းဖြစ်သည်။
အချက်အချာတည်နေရာ၊ သယံဇာတအရင်းအမြစ်များ ပိုင်ဆိုင်မှုစသည်တို့အရ အလားအလာကောင်းများစွာ ရှိနေသည့် မိမိတို့၏နိုင်ငံမှာ နိုင်ငံသားတစ်ဦးချင်းအသားတင်ထုတ်လုပ်မှုတန်ဖိုးအရ ဒေသတွင်းနိုင်ငံများတွင် အနိမ့်ဆုံးသို့ရောက်ရှိနေရခြင်းမှာ နိုင်ငံရေးမတည်ငြိမ်မှုနှင့် ပြည်တွင်းအကြမ်းဖက်သောင်းကျန်းမှုများကြောင့်ပင်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို မျှော်မှန်းမည်ဆိုပါက ပြည်တွင်းတည်ငြိမ်အေးချမ်းမှုနှင့် ရေရှည်တည်တံ့မည့် ငြိမ်းချမ်းမှုတို့မှာ မရှိမဖြစ်လိုအပ်ချက်များပင်ဖြစ်သည်။ ပြည်တွင်း၌ ရှိနေကြသည့် မြန်မာနိုင်ငံသား၊ တိုင်းရင်းသားပြည်သူများအားလုံးတို့၏ ပကတိရိုးသားသည့် တူညီသောဆန္ဒများမှာ နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းရေးနှင့်ခေတ်မီဖွံ့ဖြိုးသာယာဝပြောရေးပင်ဖြစ်ရာ နိုင်ငံတော်အစိုးရနှင့် ပြည်သူတစ်ရပ်လုံး စည်းလုံးညီညွတ်စွာ အတူတကွဆောင်ရွက်ကြရပါမည့်အကြောင်း။ ။

No comments:
Post a Comment