နေပြည်တော် စက်တင်ဘာ ၅
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှသည် ယနေ့နံနက်ပိုင်းတွင် Van Phuc ပိုးထည်ရွာ (Silk village) သို့ သွားရောက်လေ့လာသည်။
ဦးစွာ Van
Phuc ပိုးထည်ရွာ (Silk village) သို့ ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှအား
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ၏ဇနီး မဒမ်ငိုဖုန်လီနှင့် Van Phuc ပိုးထည်ရွာ
(Silk village) တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာ ခရီးဦးကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ၏ဇနီး
ဒေါ်ကြူကြူလှသည် Van Phuc ပိုးထည်ရွာ (Silk village) အတွင်း လှည့်လည်ကြည့်ရှုလေ့လာရာ
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ၏ဇနီး မဒမ်ငိုဖုန်လီနှင့် Van Phuc ပိုးထည်ရွာ
(Silk village) တာဝန်ရှိသူများက ဗီယက်နမ်ရိုးရာ ပိုးထည်ရက်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍
လိုက်လံရှင်းလင်းပြသကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ၏ဇနီး
ဒေါ်ကြူကြူလှနှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ၏ဇနီး မဒမ်ငိုဖုန်လီတို့သည်
Van Phuc ပိုးထည်ရွာ (Silk village) အတွင်း ခင်းကျင်းပြသထားသည့် ပိုးထည်များအား လိုက်လံကြည့်ရှုလေ့လာခဲ့ကြသည်။
Van Phuc ပိုးထည်ရွာသည်
ဗီယက်နမ်နိုင်ငံ၏ အထင်ရှားဆုံး ရိုးရာပိုးထည်ယက်လုပ်သည့် ကျေးရွာများထဲမှ တစ်ခုဖြစ်ပြီး
အဆိုပါကျေးရွာတွင် ပိုးထည်ယက်လုပ်သည့် ရိုးရာအမွေအနှစ်သည် နှစ်ပေါင်း (၁၀၀၀) ကျော်ရှိခဲ့ပြီး
ဗီယက်နမ်ရိုးရာ ရက်ကန်းလုပ်ငန်း၏ အရေးပါသော ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ် အသိအမှတ်ပြုခံထားရကြောင်း၊
ပိုးမွေးမြူခြင်းမှစတင်၍ ပိုးချည်မျှင်ထုတ်လုပ်ခြင်း၊ ချည်မျှင်ပြင်ဆင်ခြင်း၊ ရိုးရာရက်ကန်းစင်များဖြင့်
ယက်လုပ်ခြင်း၊ အရောင်ဆိုးခြင်းနှင့် နောက်ဆုံးပိုးထည်များအဖြစ် ပြုလုပ်ခြင်းအထိ ပိုးထည်ထုတ်လုပ်မှု၏အဆင့်ဆင့်ကို
လေ့လာနိုင်မည်ဖြစ်သည့်အပြင် ရိုးရာလက်မှုပညာရှင်များ၏ မျိုးဆက်အလိုက် ရက်ကန်းပညာ လက်ဆင့်ကမ်းထိန်းသိမ်းလာပုံ၊
ခရီးသွားလုပ်ငန်းနှင့် ချိတ်ဆက်ဖွံဖြိုးလာပုံတို့ကိုလည်း လေ့လာနိုင်ကြောင်းနှင့် ဗီယက်နမ်
ပိုးထည်လုပ်ငန်း၏ သမိုင်းနှင့် လက်မှုပညာထိန်းသိမ်းခြင်းတို့ကို လေ့လာနိုင်သည့် ယဉ်ကျေးမှုအမွေအနှစ်
အမြင့်မားဆုံးနေရာလည်းဖြစ်ကြောင်း သိရှိရသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတ၏ဇနီး
ဒေါ်ကြူကြူလှအား ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ၏ဇနီး မဒမ်ငိုဖုန်လီက ဗီယက်နမ်ရိုးရာ
ရေနွေးကြမ်းဖြင့် တည်ခင်းဧည့်ခံသည်။ ယင်းနောက် နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှနှင့်
Van Phuc ပိုးထည်ရွာ (Silk village) တာဝန်ရှိသူတို့သည် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး
အဖွဲ့ဝင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ၏ဇနီး
ဒေါ်ကြူကြူလှ ဦးဆောင်သည့် အဖွဲ့ဝင်များသည် Van Phuc ပိုးထည်ရွာ (Silk village) မှ ပြန်လည်ထွက်ခွာရာ
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ၏ဇနီး မဒမ်ငိုဖုန်လီနှင့် Van Phuc ပိုးထည်ရွာ
(Silk village) တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment