Sunday, September 6, 2026

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လေမင်ဟုန်နှင့် တွေ့ဆုံဆွေးနွေး

 

နေပြည်တော် စက်တင်ဘာ ၅

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၌ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် မစ္စတာ လေမင်ဟုန်နှင့် ယနေ့မွန်းလွဲပိုင်းတွင် ဟနွိုင်းမြို့ရှိ အစိုးရအဖွဲ့ရုံး၊ Grand Hall ၌ တွေ့ဆုံဆွေးနွေးသည်။





ဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဗီယက်နမ်နိုင်ငံ အစိုးရအဖွဲ့ရုံးသို့ ရောက်ရှိလာရာ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်က ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်နှင့်အတူ ဗီယက်နမ်နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်က အဆွေတော် သမ္မတကြီး ဦးဆောင်သည့် ယခုခရီးစဉ်သည် နှစ်နိုင်ငံအကြား နိုင်ငံရေး ယုံကြည်မှုနှင့် ကဏ္ဍစုံမှ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းလာစေမည်ဖြစ်ပြီး ရှေ့ဆက်မည့် အနာဂတ်ကာလများတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ဘုံအကျိုးစီးပွားဖြစ်ထွန်းမှုများကို အဆင့်သစ်တစ်ခုသို့ မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ကြုံတွေ့နေရသည့် အခက်အခဲများကို စာနာနားလည်သဘောပေါက်ပါကြောင်းနှင့် မြန်မာနိုင်ငံအစိုးရ၏ ပြည်တွင်းတည်ငြိမ်အေးချမ်းမှုရရှိရေး ကြိုးပမ်းဆောင်ရွက်နေမှုများ၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူနေမှုဘဝမြှင့်တင်ရေး၊ နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများအကြား ဆက်ဆံမှုမြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများအပေါ် ထောက်ခံအားပေးလျက်ရှိပါကြောင်း၊ ဗီယက်နမ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် အမြဲအလေးထားပါကြောင်း၊ COVID-19 ကပ်ရောဂါအပါအဝင် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရချိန်တွင် အပြန်အလှန် ကူညီပေးခဲ့မှုများနှင့် အခက်အခဲများကြားမှ ဗီယက်နမ်စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင် ဆက်လက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်ရေး အားပေးကူညီပေးခဲ့မှုများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ လက်ရှိအချိန်တွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများနှင့် ဆက်ဆံမှုများ တိုးမြှင့်လာလျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ပြီး အဆွေတော် သမ္မတကြီး၏ ယခုခရီးစဉ်သည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ခိုင်မာစေမည်ဟု ယုံကြည်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတက ပြန်လည်ပြောကြားရာတွင် ဧပြီလတွင် ကျင်းပခဲ့သည့် ဗီယက်နမ်နိုင်ငံ၏ (၁၆) ကြိမ်မြောက် အမျိုးသားလွှတ်တော်တွင် အဆွေတော်အနေဖြင့် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခန့်အပ်ခံရမှုအပေါ် လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် သမိုင်းကြောင်းအရ ချစ်ကြည်ရင်းနှီးသည့် နိုင်ငံများဖြစ်ကြပြီး နှစ်ဖက်ခေါင်းဆောင်များ အဆက်ဆက်အနေဖြင့်လည်း ခရီးစဉ်များ အပြန်အလှန်သွားရောက်ခဲ့ကြကာ ချစ်ကြည်ရင်းနှီးပြီး ယုံကြည်ရသည့် ဆက်ဆံရေးကို အစဉ်အဆက် ထိန်းသိမ်းခဲ့ကြသည်ကို တွေ့ရှိရပါကြောင်း။

မိမိတို့အစိုးရလက်ထက်တွင် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ပြန်လည်မြှင့်တင်ခြင်း၊ အဆင့်မြင့်ခရီးစဉ်များ အပြန်အလှန်သွားရောက်ခြင်းနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကော်မရှင် (JC) အပါအဝင် ရပ်ဆိုင်းလျက်ရှိသည့် နှစ်နိုင်ငံယန္တရားများကို ပြန်လည်စတင်ခြင်းတို့နှင့်အတူ နှစ်နိုင်ငံဆက်ဆံရေးသည် အရှိန်အဟုန်ဖြင့် ပြန်လည်တိုးတက်လျက်ရှိကြောင်း၊ မိမိ၏ ယခုခရီးစဉ်သည်လည်း မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံဆက်ဆံရေးတွင် စာမျက်နှာသစ်တစ်ရပ် ဖွင့်လှစ်နိုင်ခြင်း၏ ပြယုဂ်ဖြစ်ပါကြောင်း၊ ယခုခရီးစဉ်အတွင်း အဆွေတော်နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန်ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်သည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ယခုအချိန်သည် ဗီယက်နမ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် အရေးကြီးသည့် နိုင်ငံရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဝါဒများ ချမှတ်ဆောင်ရွက်နေသည့် အချိန်ဖြစ်သဖြင့် နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုးဖြစ်ထွန်းမည့် ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများ ဖော်ထုတ်ရန် စာမျက်နှာသစ်တစ်ရပ် ဖွင့်လှစ်နိုင်ရေး အကောင်းဆုံးအချိန်ဖြစ်ပါကြောင်း။

မိမိတို့အစိုးရအနေဖြင့် စတင်တာဝန်ယူချိန်ကစပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးဟူသည့် ဦးစားပေးရည်မှန်းချက်နှစ်ရပ်ကို ဖော်ဆောင်လျက်ရှိပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ သယ်ယူပို့ဆောင်ရေး၊ လမ်း၊ တံတားအဆင့်မြှင့်တင်ရေး၊ ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး စသည့်ကဏ္ဍများကို အဓိကထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေး လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ်ပြီး ရိုးရှင်းသည့် စည်းမျဉ်းစည်းကမ်းများဖြင့် စီးပွားရေးလုပ်ငန်းများ လွယ်ကူလျှင်မြန်စွာဖြင့် အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒွိုင်မွိုင်း (Doi Moi) စီးပွားရေး ပြုပြင်ပြောင်းလဲမှု မူဝါဒကို နှစ်ပေါင်း ၄၀ ခန့် အကောင်အထည်ဖော်ပြီးနောက် ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးလျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမှုများအတွက် ဂုဏ်ယူပါကြောင်းနှင့် ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့်ပတ်သက်သည့် အတွေ့အကြုံများကိုလည်း မျှဝေပေးစေလိုပါကြောင်း။

ယခုကဲ့သို့ နှစ်နိုင်ငံ အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခွင့်ရသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်းနှင့် ယနေ့ တွေ့ဆုံမှုမှတစ်ဆင့် ရလဒ်ကောင်းများကို လက်တွေ့ကျကျ အကောင်ထည်ဖော်ဆောင်ရွက်သွားနိုင်ရန်နှင့် နောင်အနာဂတ်တွင်လည်း လက်ရှိပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှု အရှိန်အဟုန်များကို ပိုမိုခိုင်မာအောင် ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြန်လည်ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်တို့သည် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ၊ နှစ်နိုင်ငံဆက်ဆံမှုတိုးမြှင့်နိုင်မည့် အခြေအနေများ၊ အစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း၊ ပြည်သူများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍ၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ၊ လူမှုရေးနှင့် အမျိုးသမီးရေးရာကဏ္ဍ၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုကဏ္ဍ၊ ဆက်သွယ်ရေးနည်းပညာဆိုင်ရာ ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးတွင် ဘက်မျှပြီး ဟန်ချက်ညီသည့် ဆက်ဆံရေးကို တည်ဆောက်သွားမည်ဖြစ်ပြီး ဗီယက်နမ်နိုင်ငံအပါအဝင် ဒေသတွင်း မိတ်ဘက်နိုင်ငံများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည့် အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်တို့သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် ဟနွိုင်းမြို့ရှိ အစိုးရအဖွဲ့ရုံးမှ ပြန်လည်ထွက်ခွာရာ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်က ရင်းနှီးနွေးထွေးစွာဖြင့် လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment