Monday, September 7, 2026

အလုပ်သမားဆေးရုံကြီး (မန္တလေး) တွင် အာမခံအလုပ်သမားလူနာများအတွက် Ultrasound စက်အသစ် တပ်ဆင်ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိ

 



မန္တလေး စက်တင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် အလုပ်သမားဆေးရုံကြီး (မန္တလေး) ၌ အာမခံအလုပ်သမားလူနာများအတွက် Ultrasound စက်အသစ်တပ်ဆင်ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါဆေးရုံကုသဆောင်များတွင် ဆေးရုံတက်ရောက်နေသော အာမခံအလုပ်သမားလူနာများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှု၊ Ultrasound စက်ဖြင့် ရောဂါရှာဖွေပေးနေမှုနှင့် ကျောက်ကပ်သွေးသန့်စင်ဌာနတွင် လူနာများအား ကျောက်ကပ်သွေးသန့်စင်ပေးနေမှုတို့ကို ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးပြီး အလှူငွေများ ထောက်ပံ့လှူဒါန်း၍ ဆေးရုံအစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။

ယမန်နေ့ကလည်း မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ကင်မရာမှန်ဘီလူးစက်ရုံ Burst Transmission Co., Ltd သို့ သွားရောက်၍ စက်ရုံမှ တာဝန်ရှိသူများ၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး စက်ရုံရှိ အကျုံးဝင်အာမခံအလုပ်သမားများကို အလုပ်သမားဆေးရုံကြီးများမှ အထူးကုဆရာဝန်များက ရွေ့လျားဆေးကုသယာဉ်ဖြင့် စက်ရုံအရောက် လိုအပ်သောဆေးဝါးကုသမှုပေးခြင်း၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းနှင့် ECG စက်ဖြင့် နှလုံးစစ်ဆေးပေးခြင်းတို့ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ပြင်ဦးလွင်မြို့ လူမှုဖူလုံရေးအဖွဲ့ မြို့နယ်လူမှုဖူလုံရေးဆေးခန်း (ပြင်ဦးလွင်) ၌ ဆေးခန်းအဆောက်အအုံပြင်ဆင်ထိန်းသိမ်းထားရှိမှု၊ ဆေးစတိုတွင် ဆေးဝါးများထိန်းသိမ်းထားရှိမှု၊ ဆေးပစ္စည်းကိရိယာများနှင့် ဆေးဝါးများရရှိသုံးစွဲမှုနှင့် အာမခံအလုပ်သမားလူနာများ ဆေးဝါးပြတ်လပ်မှုမရှိစေရေး စီစဉ်ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

မန္တလေးတိုင်းဒေသကြီးတွင် အကျုံးဝင်အာမခံအလုပ်သမား ၁၂၇၂၇၆ ဦးရှိပြီး အဆိုပါအာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အလုပ်သမားဆေးရုံကြီး (မန္တလေး)၊ မြို့နယ် လူမှုဖူလုံရေးဆေးခန်းခြောက်ခု၊ ဌာနကြီးဆေးခန်းငါးခု၊ စာချုပ်ဆေးခန်းခြောက်ခုတို့ ဖွင့်လှစ်၍ ကျန်းမာရေးဝန်ဆောင်မှုဆောင်ရွက်ပေးလျက်ရှိ သည့်အပြင် ရွေ့လျားဆေးကုသယာဉ် (MMU) ဖြင့် ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခြင်းနှင့် အာမခံအလုပ်သမားများ စိုက်ထုတ်ကုန်ကျခဲ့သည့် ဆေးဖိုးကုန်ကျငွေများအတွက် ဆေးဖိုးပြန်လည်ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကာ ၂၀၂၆ ခုနှစ် ဧပြီလမှ ဩဂုတ်လအထိ ဆေးဖိုးကုန်ကျငွေ ကျပ်သန်းပေါင်း ၁၀၅ ဒသမ ၃၃၇ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment