Sunday, September 27, 2026

တိုင်းဒေသကြီးနှင့် ပြည်နယ် U-19 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ရှုံးထွက်ကွာတားဖိုင်နယ်ပွဲစဉ်များကျင်းပ

 



ရန်ကုန် စက်တင်ဘာ ၂၆

မြန်မာ့ဘောလုံးအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေး၊ မျိုးဆက်သစ် အမျိုးသမီးဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်မြင့်မားလာ‌စေရေးတို့အတွက် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် U-19 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ သီဟဒီပအားကစားကွင်း၌လည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်း၌လည်းကောင်း၊ စမ်းချောင်းမြို့နယ် ပဒုမ္မာကွင်း၌လည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ YTC လေ့ကျင့်ရေးကွင်း (၁) ရှိ (စက်ဘီးကွင်း) တို့၌လည်းကောင်း ကျင်းပခဲ့သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် U-19 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို သက်ဆိုင်ရာအားကစားကွင်းများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင် ပြည်သူများ တစ်ခဲနက်လာရောက်ကြည့်ရှုအားပေးသည်။

ယနေ့ ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် U-19 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ရှုံးထွက်ကွာတားဖိုင်နယ် ပွဲစဉ်များအဖြစ် သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ YTC လေ့ကျင့်ရေးကွင်း(၁)ရှိ (စက်ဘီးကွင်း) ၌ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို ၁၄ဂိုး-ဂိုး မရှိဖြင့်လည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ် ပဒေသာကွင်း၌ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မွန်ပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ငါးဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊ သန်လျင်မြို့နယ် သီဟဒီပကွင်းတွင် ကရင်ပြည်နယ်အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဒုတိယပိုင်းပွဲပြီးဆုံးချိန်တွင် နှစ်သင်းစလုံးတစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ဖြစ်နေသည့်အတွက် အချိန်ပိုကစားခဲ့ရာ ကရင်ပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်းကို လေးဂိုး-သုံးဂိုးဖြင့်လည်းကောင်း၊ အလားတူ စမ်းချောင်းမြို့နယ် ပဒုမ္မာကွင်း၌ ရှမ်းပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဒုတိယပိုင်းပြီးဆုံးချိန်အထိ တစ်ဖက်သုံးဂိုးစီသရေဖြစ်နေ၍ အချိန်ပိုကစားခဲ့ရာ နှစ်သင်းစလုံးအနိုင်ဂိုးရရှိအောင် ထပ်မံသွင်းယူနိုင်ခြင်းမရှိသည့်အတွက် ပယ်နယ်တီဂိုးရလဒ်အဆုံးအဖြတ်အရ ရှမ်းပြည်နယ်အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ခြောက်ဂိုး-ငါးဂိုးဖြင့်လည်းကောင်း အကြိတ်အနယ် ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

၂၀၂၆ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် ပြိုင်ပွဲ (၁) ရက်နားမည်ဖြစ်ပြီး စက်တင်ဘာ ၂၈ ရက် မွန်းလွဲ ၃ နာရီမှစတင်၍ ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် U-19 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်အဖြစ် တောင်ဥက္ကလာပမြို့နယ်ပဒေသာကွင်း၌ မွန်ပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်း၊ စမ်းချောင်းမြို့နယ် ပဒုမ္မာကွင်း၌ ရှမ်းပြည်နယ်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်၍ အားကစားဝါသနာရှင်မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment