Thursday, September 10, 2026

PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ FPV suicide drone များဖြင့် တိုက်ခိုက်မှုအား လုံခြုံရေးတပ်ဖွဲ့များက ဟန့်တားနိုင်ခဲ့

 နေပြည်တော် စက်တင်ဘာ ၁၀

PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ပျက်စီးစေရန်၊ အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်၊ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများ၊ စာသင်ကျောင်းများ၊ ဆေးရုံများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း၊ ရှော့တိုက်ဒုံးများဖြင့် အဝေးမှပစ်ခတ်ခြင်း၊ Drone များ အသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများကို ယုတ်မာရိုင်းစိုင်းစွာ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များက ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ အများပြည်သူ အသုံးပြုလျက်ရှိသည့် တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် အနီးဝန်ကျင်နေရာများသို့ FPV Suicide Drone (၆) စင်းဖြင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ရာ လေကြောင်းလုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် ထောက်လှမ်းသိရှိခဲ့ပြီး အဆိုပါ Drone ယာဉ်များအား Drone ရန်ကာကွယ်ရေးအစီအမံများဖြင့် ဟန့်တားနိုင်ခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက အများပြည်သူများ အန္တရာယ်ကင်းရှင်းစေရန်အတွက် Drone ယာဉ်များတွင် ပါရှိသည့် ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများအား စနစ်တကျ သက်မဲ့ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ထိုသို့ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ်အချို့ ခေတ္တရပ်ဆိုင်းခဲ့ရပြီး ဖြစ်စဉ်တွင် လူ၊ ယာဉ်နှင့် လေယာဉ်ပြေးလမ်းများ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရှိရသည်။

ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော အများပြည်သူသွားလာရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် များစွာအထောက်အကူပြုသော လေကြောင်းပို့ဆောင်ရေးဖြစ်သည့် လေယာဉ်ကွင်းအား ရည်ရွယ်ချက်ရှိစွာဖြင့် တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်ပြီး ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် စက်ဆုပ်ရွံရှာစွာ ဝိုင်းဝန်းကန့်ကွက်ရှုတ်ချလျက်ရှိသည်။ ထို့ကြောင့် ယခုကဲ့သို့ အဖျက်အမှောက်လုပ်ရပ်များအား ရက်စက်ယုတ်မာစွာ ဆောင်ရွက်ခဲ့ကြသည့် အကြမ်းဖက်သမားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment