Saturday, September 12, 2026

မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် သတင်းရေးသားမှုစွမ်းဆောင်ရည်မြှင့်တင်နိုင်ရေး News and News Article Writing သင်တန်းဆင်းပွဲကျင်းပ

 



နေပြည်တော် စက်တင်ဘာ ၁၁

မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် သတင်းရေးသားမှုစွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးအတွက် News and News Article Writing သင်တန်းကို နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁၁ ရက်အထိ ဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းကို မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ IndiaTechnical and Economic Cooperation (ITEC) Programme အရ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သတင်းနှင့် သတင်းဆောင်းပါးရေးသားနည်း အတတ်ပညာများ၊ တန်ပြန်သတင်းရေးသားနည်း၊ သတင်းခွဲခြမ်းစိတ်ဖြာသုံးသပ်နည်း၊ အွန်လိုင်းသတင်းရေးသားနည်းနှင့် သတင်းအကျဉ်းချုပ်ရေးသားနည်းများကို စာတွေ့လက်တွေ့ သင်ကြားပို့ချကာ ပြန်ကြားရေးဝန်ကြီးဌာနမှ သင်တန်းသား သင်တန်းသူ ၃၀ တက်ရောက်ကြသည်။

အဆိုပါသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက ယခုသင်တန်းသည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများမှ ရရှိလာသည့် ရလဒ်ကောင်းတစ်ခုဖြစ်ပြီး နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အောင်မြင်သော မှတ်တိုင်တစ်ခုဖြစ်ကြောင်း။

သတင်းသမားများ၏ ကျွမ်းကျင်မှု၊ တာဝန်ယူမှုနှင့် မီဒီယာကျင့်ဝတ်လိုက်နာမှုတို့သည် နိုင်ငံတော်အစိုးရ၏ မူဝါဒများနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ချက်များကို ပြည်သူများထံ တိကျမှန်ကန်စွာ အသိပေးနိုင်ရေးအတွက် အရေးပါလျက်ရှိကြောင်း၊ ထို့ကြောင့် သတင်းအချက်အလက်များကို မှန်ကန်စွာ စိစစ်အတည်ပြုနိုင်ခြင်း၊ သတင်းတန်ဖိုးခွဲခြမ်း သုံးသပ်နိုင်ခြင်း၊ တိကျမှန်ကန်၍ ယုံကြည်စိတ်ချရသော သတင်းများကို ဘက်မလိုက်ဘဲ မီဒီယာကျင့်ဝတ်နှင့်အညီ ရေးသားတင်ပြနိုင်ခြင်းတို့ကို အစဉ်အမြဲအလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur က သင်တန်းဆင်းအမှာစကားပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သင်တန်းနည်းပြများအတွက် အမှတ်တရလက်ဆောင်များ ပေးအပ်ပြီး သင်တန်းသား သင်တန်းသူများအတွက် သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။

ယင်းနောက် အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများအတွက် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

သတင်းစဉ်

No comments:

Post a Comment