ရန်ကုန် စက်တင်ဘာ ၁၀
M League 2026 U-20 အမှတ်ပေး ဘောလုံးပြိုင်ပွဲ၏ ဒုတိယအကျော့ အပတ်စဉ် (၁၄) ပွဲစဉ်များကို ယနေ့ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ရတနာပုံအသင်းက Galaxy အသင်းကို တစ်ဂိုး - ဂိုးမရှိဖြင့်လည်းကောင်း၊ ရန်ကုန်ယူနိုက်တက်အသင်းက ဒဂုံစတားယူနိုက်တက်အသင်းကို တစ်ဂိုး - ဂိုးမရှိဖြင့်လည်းကောင်း အနိုင်ရရှိခဲ့သည်။
ဗဟန်းအားကစားကွင်း၌
ယှဉ်ပြိုင်ကစားခဲ့သည့် အဆင့် (၇) နေရာမှ ရတနာပုံအသင်းနှင့် အဆင့် (၈) နေရာမှ Galaxy
အသင်းပွဲစဉ်တွင် ပထမပိုင်း၌ အပြန်အလှန် တိုက်စစ်ဆင်ကစားခဲ့သော်လည်း ဂိုးမရှိ သရေကျခဲ့သည်။
ထို့နောက် ဒုတိယပိုင်းပွဲချိန် ၆၅ မိနစ်တွင် စိုးမောင်မောင်က ရတနာပုံအသင်းအတွက် အနိုင်ဂိုးကို
သွင်းယူပေးခဲ့သဖြင့် Galaxy အသင်း ချေပဂိုးပြန်လည်ရရှိရေး ထိုးဖောက်ကစားခဲ့သော်လည်း
ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ပွဲပြီးဆုံးချိန်တွင် ရတနာပုံအသင်းကို တစ်ဂိုး - ဂိုးမရှိဖြင့်
ရှုံးနိမ့်ခဲ့သည်။
YUSC ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့်
ပွဲစဉ်သည် အဆင့် (၃) နေရာမှ ရန်ကုန်ယူနိုက်တက်အသင်းနှင့် အဆင့် (၂) နေရာမှ ဒဂုံစတားယူနိုက်တက်အသင်းတို့
တွေ့ဆုံမှုဖြစ်ပြီး နှစ်သင်းစလုံးသည် အသစ်ခေါ်ယူထားသည့် ကစားသမားအချို့ကို ပွဲထုတ်ကာ
အပြန်အလှန် ဖိအားပေးကစားခဲ့ကြသည်။
ရန်ကုန်ယူနိုက်တက်အသင်းအတွက်
ဦးဆောင်ဂိုးကို ပထမပိုင်း ပွဲချိန် ၂၁ မိနစ်တွင် ကျော်ညီညီက သွင်းယူပေးခဲ့သည်။ ထို့နောက်
ဒဂုံစတားယူနိုက်တက်အသင်းမှ ချေပဂိုးရရှိရန် အစွမ်းကုန်ကြိုးပမ်းခဲ့သော်လည်း ရန်ကုန်ယူနိုက်တက်
ခံစစ်နှင့် ဂိုးသမားတို့၏ လက်စွမ်းပြကာကွယ်မှုများကြောင့် ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက
တစ်ဂိုး -ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါပွဲစဉ်၏ အကောင်းဆုံးကစားသမားဆုကို
လက်စွမ်းပြကာကွယ်မှုများ ပြုလုပ်နိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်ဂိုးသမား ဇင်မင်းဇော်က
ရရှိခဲ့သည်။
M League 2026
U-20 ဒုတိယအကျော့ အပတ်စဉ် (၁၄) ဒုတိယနေ့ပွဲစဉ်များကို စက်တင်ဘာ ၁၁ ရက်တွင် ရှမ်းယူနိုက်တက်နှင့်
FALCON အသင်း (ဗဟန်းကွင်း)၊ သစ္စာအားမာန်နှင့် ဟံသာဝတီယူနိုက်တက်အသင်း (YUSC ကွင်း)
တို့တွင် ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
နေမျိုး၊ ဓာတ်ပုံ-MNL

No comments:
Post a Comment