Sunday, September 6, 2026

ရာသီဥတုကောင်းမွန်ဖို့ သန့်ရှင်းသောလေဖန်တီးစို့ (Clean Air for Climate Action)

 

ဒေါက်တာတင်အောင်ဝင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

လေထုညစ်ညမ်းမှု

လေထုညစ်ညမ်းမှုသည် မီးဖိုချောင်အတွင်း ချက်ပြုတ်ခြင်းနှင့် နွေးထွေးမှုရရှိရန် မီးစတင်အသုံးပြုခဲ့သည့် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက လူသားတို့နှင့်အတူ ဒွန်တွဲပါလာခဲ့ခြင်းဖြစ်ပါသည်။ စက်မှုတော်လှန်ရေးကာလအတွင်း ကျောက်မီးသွေးကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခြင်းကြောင့် မြို့ပြလေထုညစ်ညမ်းမှု ဆိုးရွားစွာဖြစ်ပေါ်ခဲ့ပြီး ၂၀ ရာစုနောက်ပိုင်းတွင် စက်မှုထွန်းကားလာမှုနှင့်အတူ ပိုမိုတိုးပွားလာခဲ့ပါသည်။ လေထုညစ်ညမ်းမှုသည် ထွက်ရှိရာ အရင်းအမြစ်များအနီးရှိဒေသများကို သိသာစွာ သက်ရောက်မှုရှိသည့်အပြင် ဝေးကွာသော နေရာဒေသများသို့လည်း ပျံ့နှံ့ရောက်ရှိသွားနိုင်ပါသည်။ လေတိုက်ခတ်မှုကဲ့သို့သော လေထုအခြေအနေများသည် လေထုညစ်ညမ်းမှုပျံ့နှံ့ခြင်းကို သက်ရောက်မှုရှိပြီး အပြောင်းအလဲများစွာရှိနိုင်ပါသည်။ လေပြင်းများတိုက်ခတ်ခြင်းသည် လေထုညစ်ညမ်းမှုကို အဝေးသို့ ရောက်ရှိစေနိုင်ပြီး လေငြိမ်နေသည့်အခြေအနေများသည် လေထုညစ်ညမ်းမှုများကို စုပုံလာစေနိုင်ပါသည်။





မီးခိုးမြူညစ်ညမ်းမှု (Smog) ၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သော မြေပြင်အနီးရှိ အိုဇုန်းဓာတ်ငွေ့ (Tropospheric Ozone) သည် လူသားတို့၏ ကျန်းမာရေးကို ထိခိုက်စေပြီး သီးနှံများနှင့် ဂေဟစနစ်များကိုလည်း ပျက်စီးစေပါသည်။ အခြားဖန်လုံအိမ်ဓာတ်ငွေ့များနှင့် လေထုညစ်ညမ်းစေသော ဒြပ်ပစ္စည်းအများစုနှင့်မတူဘဲ အိုဇုန်းသည် လေထုထဲသို့ တိုက်ရိုက်စွန့်ထုတ်ခြင်းမျိုးမဟုတ်ပါ။ ထိုသို့မဟုတ်ဘဲ ၎င်းသည် နေရောင်ခြည်ရှိချိန်တွင် လေထုထဲ၌ရှိနှင့်ပြီးသား ရှေ့ပြေး ညစ်ညမ်းဒြပ်ပစ္စည်းများအကြား ဓာတုဓာတ်ပြုမှုများမှတစ်ဆင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ ၎င်း၏ ရှေ့ပြေးဒြပ်ပစ္စည်းများဖြစ်သည့် နိုက်ထရိုဂျင်အောက်ဆိုက်များ၊ မီသိန်း၊ ကာဗွန်မိုနောက်ဆိုက်နှင့် အငွေ့ပြန်လွယ်သော အော်ဂဲနစ်ဒြပ်ပေါင်းများသည် သဘာဝအလျောက် ထွက်ရှိမှုမှလည်းကောင်း လူသားတို့၏ လုပ်ဆောင်မှုများမှလည်းကောင်း အသီးသီးဖြစ်ပေါ်လာကြပါသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ချက်ပြုတ်ခြင်း၊ အပူပေးခြင်းနှင့် အလင်းရောင်ပေးခြင်းတို့အတွက် သစ်သားနှင့် ကျောက်မီးသွေးကဲ့သို့သော လောင်စာများကို မှီခိုအားထားရခြင်း၊ ထို့အပြင် အလင်းရောင်အတွက် ရေနံဆီကို အသုံးပြုခြင်းတို့သည် အိမ်တွင်းလေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေပါသည်။ ကန္တာရများနှင့်နီးစပ်သော အာဖရိကနှင့် အာရှအနောက်ပိုင်းဒေသအချို့တွင် လေတိုက်ခတ်မှုကြောင့် လွင့်ပါလာသော ဖုန်မှုန့်များသည်လည်း လေထုညစ်ညမ်းမှု၏ အဓိကရင်းမြစ်တစ်ခုဖြစ်ပါသည်။

ကမ္ဘာ့အပူချိန်မြင့်တက်လာခြင်းသည် ကမ္ဘာတစ်ဝန်းတွင် တောမီးလောင်ကျွမ်းမှုအကြိမ်ရေကို ပိုမိုများပြားလာစေပြီး အမှုန်အမွှားများမှတစ်ဆင့် လေထုညစ်ညမ်းမှုကို ပိုမိုဖြစ်ပေါ်လာစေပါသည်။

လေထုညစ်ညမ်းမှုတွင် နယ်နိမိတ်မရှိပါ။ လေထုညစ်ညမ်းစေသောအရာများသည် မူလစတင်ဖြစ်ပွားသည့် နေရာတွင်တင်မကဘဲ နယ်စပ်ဖြတ်ကျော်ပျံ့နှံ့သွားနိုင်ပြီး အိမ်နီးချင်းနိုင်ငံများ၏ လေထုအရည်အသွေးနှင့် ဂေဟစနစ်များကိုပါ ထိခိုက်စေနိုင်ပါသည်။

လေထုညစ်ညမ်းမှုသည် လူသားတို့၏ ကျန်းမာရေးကိုသာ ခြိမ်းခြောက်နေရုံသာမက ရာသီဥတုပြောင်းလဲမှုကို ပိုမိုဖြစ်ပေါ်စေခြင်း။ စားရေရိက္ခာဖူလုံမှုကို ထိခိုက်စေခြင်းနှင့် မြို့ပြနေပြည်သူများ၏ ဘေးကင်းလုံခြုံမှုအား ထိခိုက်စေခြင်းတို့ကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်။

လေထုညစ်ညမ်းမှုအန္တရာယ်

လေထုညစ်ညမ်းမှုသည် ကမ္ဘာတစ်ဝန်းတွင် လူသားတို့၏ကျန်းမာရေးအပေါ် အကြီးမားဆုံးခြိမ်းခြောက်လာသော ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ခုဖြစ်လာပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်သူများနှင့် အထူးသဖြင့် အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများကဲ့သို့ ထိခိုက်လွယ်သူများကို ပိုမိုဆိုးရွားစွာသက်ရောက်မှုရှိစေပါသည်။

ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်၏ လေ့လာဆန်းစစ်တွေ့ရှိမှုများအရ လေထုညစ်ညမ်းမှုသည် နှစ်စဉ် လူပေါင်းရှစ်သန်းကျော် အရွယ်မတိုင်မီ သေဆုံးနေရခြင်း၏ အဓိကအကြောင်းရင်းဖြစ်ပါကြောင်း၊ ၂ဝ၂၁ ခုနှစ်အတွင်း ပြင်ပလေထုထဲရှိ အမှုန်အမွှားများကြောင့် လူဦးရေ ၄ ဒသမ ၇ သန်းခန့် သေဆုံးခဲ့ရပြီး အနောက်အာရှနှင့် အာဖရိကဒေသတို့တွင် သေဆုံးမှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့ပါကြောင်း၊ လူဦးရေ ၂ ဒသမ ၄ ဘီလီယံခန့်သည် ချက်ပြုတ်ရန်နှင့် အပူပေးရန်အတွက် လေထုညစ်ညမ်းစေသော လောင်စာများကို အသုံးပြုနေကြပြီး အိမ်တွင်းလေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် အချိန်မတိုင်မီသေဆုံးသူ ၃ ဒသမ ၂ သန်းခန့်ရှိကြောင်း လေ့လာသိရှိရပါသည်။

ဝန်းကျင်လေထုအတွင်း PM2.5 ပါဝင်မှုမြင့်မားသော လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပွားရသည့် အသေအပျောက်အများဆုံးရောဂါများမှာ လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများနှင့် ကင်ဆာရောဂါတို့ဖြစ်ကြပါသည်။ ထို့အပြင် အလွန်သေးငယ်သောအမှုန်အမွှားများ မြင့်မားစွာပါဝင်မှုသည် ဆီးချိုရောဂါကဲ့သို့သော အခြားရောဂါများကိုလည်း ဖြစ်ပွားစေနိုင်ပြီး ကလေးသူငယ်များ၏ ဦးနှောက်ဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေကာ စိတ်ကျန်းမာရေးပြဿနာများကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်။

မြေပြင်အနီးရှိ အိုဇုန်းဓာတ်ငွေ့ကို ရှူရှိုက်မိခြင်းသည် အဆုတ်ကိုရောင်ရမ်းစေပြီး ကျန်းမာရေးပြဿနာအမျိုးမျိုးကိုလည်း ဖြစ်စေနိုင်ပါသည်။ အိုဇုန်းကြောင့် ညစ်ညမ်းနေသောလေထုကို ရေရှည်ထိတွေ့ရှူရှိုက်မိခြင်းကြောင့် နှစ်စဉ် လူပေါင်း ငါးသိန်းနီးပါးခန့်မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများဖြင့် အချိန်မတိုင်မီ သေဆုံးနေရသည်ဟု ခန့်မှန်းထားပါသည်။ အထူးသဖြင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် အဆုတ် (သို့မဟုတ်) နှလုံးရောဂါအခံရှိသူများသည် အိုဇုန်း၏ ဘေးထွက်ဆိုးကျိုးများကို ပိုမိုခံစားရလွယ်သောကြောင့် ကျန်းမာရေးအပေါ် ထိခိုက်နိုင်ခြေပိုမိုမြင့်မားပါသည်။

အလွန်သေးငယ်သော အမှုန်အမွှားများပါဝင်သည့် ညစ်ညမ်းနေသော ပြင်ပလေထုကို ထိတွေ့ရှူရှိုက်ရခြင်းသည် ကမ္ဘာပေါ်တွင် သွေးတိုးရောဂါပြီးလျှင် အရွယ်မတိုင်မီသေဆုံးစေသည့် ဒုတိယမြောက် အကြီးမားဆုံးအန္တရာယ်တစ်ခုဖြစ်ပါသည်။ ဝင်ငွေနည်းပါးသော သို့မဟုတ် ဝင်ငွေ အလယ်အလတ်ရှိသော နိုင်ငံများတွင် နေထိုင်သူများသည် ဝင်ငွေမြင့်မားသောနိုင်ငံများတွင် နေထိုင်သူများထက် လေထုညစ်ညမ်းမှုကို ၁ ဆမှ ၄ ဆအထိ ပိုမိုထိတွေ့နေရပါသည်။ ကလေးသူငယ်များသည် သဘာဝအလျောက် ထိခိုက်လွယ်သည့် ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် ထိတွေ့မှုအခြေအနေတို့ကြောင့် လေထုညစ်ညမ်းမှု၏ ကျန်းမာရေးဆိုင်ရာဆိုးကျိုးများကို ပိုမိုခံစားရလွယ်ပါသည်။ ကမ္ဘာတစ်ဝန်း မွေးကင်းစကလေး သေဆုံးမှု၏ ၂၆ ရာခိုင်နှုန်းမှာ လေထုညစ်ညမ်းမှုနှင့် ထိတွေ့ရခြင်းကြောင့်ဖြစ်ပါသည်။

လေထုညစ်ညမ်းမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့၏ ဆက်စပ်မှု

လေထုညစ်ညမ်းစေသော အဓိကဓာတ်ငွေ့အားလုံးသည် ရာသီဥတုအပေါ် သက်ရောက်မှုရှိပြီး အများစုမှာ မှန်လုံအိမ်ဓာတ်ငွေ့များနှင့် အရင်းအမြစ်တူညီကြသောကြောင့် လေထုညစ်ညမ်းမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့သည် ဆက်စပ်နေကြပါသည်။ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်ရှိ လေထုအရည်အသွေးကို ကောင်းမွန်နေစေရေး ဆောင်ရွက်ခြင်းသည် ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများကို ရရှိစေနိုင်မည်ဖြစ်ပါသည်။

ရာသီဥတုပြောင်းလဲမှုနှင့် လေထုညစ်ညမ်းမှုကို ပေါင်းစပ်ဖြေရှင်းဆောင်ရွက်ခြင်းသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူထု၏ ကျန်းမာကြံ့ခိုင်မှုတို့ကို ဖန်တီးပေးနိုင်မည့်အပြင် ကျွန်ုပ်တို့လူသားတိုင်းအတွက် မရှိမဖြစ်လိုအပ်သော ကောင်းမွန်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော သန့်ရှင်းသည့်လေထုရရှိနိုင်ရေးကိုလည်း ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပါသည်။

လေထုညစ်ညမ်းမှုသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတစ်ခုသာမကဘဲ ပြည်သူ့ကျန်းမာရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စိန်ခေါ်မှုတစ်ခုလည်းဖြစ်ပါသည်။ လေ့လာတွေ့ရှိချက်များအရ လေထုညစ်ညမ်းစေသည့် အရင်းအမြစ်အများစုသည် ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းများနှင့် တိုက်ရိုက်ထပ်တူကျနေသောကြောင့် လေထုညစ်ညမ်းမှုကို လျှော့ချခြင်းနှင့် ရာသီဥတုပြောင်းလဲမှုကို လျော့ပါးသက်သာစေခြင်းတို့မှ ပူးတွဲအကျိုးကျေးဇူးများ (Co-benefits) ကို ရရှိလာနိုင်မည်ဖြစ်ပါသည်။ ရုပ်ကြွင်းလောင်စာများ လောင်ကျွမ်းခြင်းနှင့် မီသိန်း၊ အမည်းရောင်ကာဗွန် (Black Carbon) ကဲ့သို့သော ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေသော ညစ်ညမ်းစေသည့် သက်တမ်းတိုဒြပ်ပစ္စည်းများ (short-lived climate pollutants) သည် ကျန်းမာရေးနှင့် ရာသီဥတုဆိုင်ရာ အကျပ်အတည်းများ နှစ်ခုစလုံးကို ဖြစ်ပေါ်စေသည့် အဓိကအကြောင်းရင်းများဖြစ်ကြပါသည်။ လေထုညစ်ညမ်းမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့သည် တစ်ခုနှင့်တစ်ခုပေါင်းစပ်ပြီး ပိုမိုဆိုးရွားစေသည့် ဘေးအန္တရာယ်များအဖြစ်လည်း ပိုမိုနားလည်သဘောပေါက်လာကြပါသည်။ အပူချိန်ပိုမိုမြင့်မားလာခြင်းသည် မြေပြင်အနီး အိုဇုန်းလွှာဖြစ်ပေါ်စေသည့် လေထုဆိုင်ရာ ဓာတုဗေဒဓာတ်ပြုမှုများကို ပိုမိုမြန်ဆန်စေပြီး ရာသီဥတုပြောင်းလဲမှုကြောင့် မကြာခဏဖြစ်ပွားလာသည့် အပူလှိုင်းဖြတ်ခြင်းနှင့် လေထုငြိမ်သက် ပိတ်မိခြင်းဖြစ်စဉ်များသည် ညစ်ညမ်းပစ္စည်းများကို မြေပြင်အနီးတွင် ပိတ်လှောင်ထားကာ ဝန်းကျင်လေထုအရည်အသွေးကို ပိုမိုဆိုးရွားစေပါသည်။ ထို့ကြောင့် အဆိုပါစိန်ခေါ်မှုများကို သီးခြားပြဿနာများအဖြစ်မမှတ်ယူဘဲ အတူတကွပေါင်းစပ်ဖြေရှင်းဆောင်ရွက်ခြင်းသည် လူသားတို့၏ ကျန်းမာရေး၊ ရာသီဥတု၊ သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေးဆိုင်ရာ ပူးတွဲအကျိုးကျေးဇူးများကို အပြည့်အဝဖော်ဆောင်နိုင်ရန်အတွက် အဓိကသော့ချက်ဖြစ်ပါသည်။

လေထုညစ်ညမ်းမှုနှင့်ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း လေထုညစ်ညမ်းမှု၏ အန္တရာယ်ရှိသော နောက်ဆက်တွဲဆိုးကျိုးများကို ကြိုတင်ကာကွယ်နိုင်ရန်နှင့် ဖြေရှင်းဆောင်ရွက်နိုင်ရန် ကမ္ဘာ့နိုင်ငံများက ကြိုးပမ်းဆောင်ရွက်လာကြပါသည်။ ကမ္ဘာ့နိုင်ငံများသည် လေထုညစ်ညမ်းမှုအခြေအနေကို စောင့်ကြည့်လေ့လာခြင်း၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အလေ့အကျင့်ကောင်းများနှင့် အတွေ့အကြုံကောင်းများကို မျှဝေခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် ဖြေရှင်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်လာကြပါသည်။

ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများအနက် လေထုညစ်ညမ်းမှုပြဿနာသည် ဦးစားပေးအနေဖြင့် ကမ္ဘာပေါ်တွင် အစဉ်တစိုက် ရေရှည်ဖြေရှင်းဆောင်ရွက်သွားရမည့် အဓိကစိန်ခေါ်မှုတစ်ခုဖြစ်လာနေပြီဖြစ်ကြောင်းကို လေ့လာတွေ့ရှိလာရသောကြောင့် ၂၀၁၉ ခုနှစ် မတ်လတွင်ကျင်းပခဲ့သည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ ပတ်ဝန်းကျင်ညီလာခံက လေထုညစ်ညမ်းမှုပြဿနာကို အလျင်အမြန် အရေးယူဖြေရှင်းဆောင်ရွက်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပါသည်။

၂၀၂၁ ခုနှစ်တွင် လေထုညစ်ညမ်းမှုဆိုင်ရာ သက်ရောက်မှုများ၏ အထောက်အထားများ ပိုမိုများပြားလာမှုကို တုံ့ပြန်သည့်အနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် PM2.5 နှစ်စဉ် ပျမ်းမျှလေထု အရည်အသွေး လမ်းညွှန်ချက်ပမာဏကို တစ်ကုဗမီတာလျှင် ၅ မိုက်ခရိုဂရမ် (5 µg/ m3) အဖြစ် ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။ ယင်းပမာဏအောက်တွင် ထိခိုက်မှုအနည်းငယ်မျှသာ တွေ့ရှိရသဖြင့် ဤပမာဏသည် သန့်ရှင်းသောလေထုကို ကိုယ်စားပြုပါသည်။ အဆိုပါပြင်ဆင်ချက်သည် ၂၀၀၅ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ခဲ့သော လမ်းညွှန်ချက်ပမာဏဖြစ်သည့် ၁၀ မိုက်ခရိုဂရမ် (10 µg/ m) ထက် တစ်ဝက်မျှ လျှော့ချလိုက်ခြင်းဖြစ်ပါသည်။ အဆိုပါလမ်းညွှန်ချက်ပမာဏသို့ရောက်ရှိရန် ဆောင်ရွက်ရာတွင် WHO သည် အဆင့်ဆင့်ဆောင်ရွက်ရမည့် ကြားကာလအတွက် ရည်မှန်းချက်များ (Interim Targets) အနေဖြင့် လေထုညစ်ညမ်းပစ္စည်း ပါဝင်မှုပမာဏများကိုလည်း သတ်မှတ်ပေးထားပါသည်။ အဆိုပါကြားကာလအတွက် ရည်မှန်းချက်များသည် လေထုညစ်ညမ်းမှုမြင့်မားသည့် ဒေသများအတွက် ရည်ရွယ်ခြင်းဖြစ်ပြီး အဆိုပါဒေသရှိ အစိုးရများအနေဖြင့် သတ်မှတ်ထားသော အချိန်ကာလအတွင်း လေထုညစ်ညမ်းမှုလျှော့ချရေးလုပ်ငန်းများကို လက်တွေ့ကျကျဆောင်ရွက်နိုင်ရန်ဖြစ်ပါသည်။

လေထုညစ်ညမ်းမှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများ မြန်မာနိုင်ငံအနေဖြင့်လည်း ကမ္ဘာ့နိုင်ငံများနည်းတူ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေထုညစ်ညမ်းမှုအပါအဝင် ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုများကို ကာကွယ်နိုင်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို အလေးထားဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို ကဏ္ဍအသီးသီးတွင် ပေါင်းစပ်ဆောင်ရွက်နိုင်ရေးအတွက် ဦးတည်ကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေကို ၂၀၁၂ ခုနှစ်တွင်လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းဥပဒေများကို ၂၀၁၄ ခုနှစ်တွင်လည်းကောင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်များကို ၂၀၁၅ ခုနှစ်တွင်လည်းကောင်း အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။ ၂၀၁၉ ခုနှစ်တွင် အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ၊ မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်တို့ကိုလည်းကောင်း၊ ၂ဝ၂ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံအမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀) ကိုလည်းကောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် လေထုညစ်ညမ်းမှုထိန်းချုပ်ရေးအပါအဝင် ရာသီဥတုပြောင်းလဲလာမှုအပေါ် ကမ္ဘာ့နိုင်ငံများနှင့်အတူ ပူးပေါင်းဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း၊ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၊ ပဲရစ်သဘောတူညီချက်၊ ဘာဆယ်ကွန်ဗင်းရှင်း၊ စတော့ဟုမ်းကွန်ဗင်းရှင်းနှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ဆိုင်ရာ အာဆီယံသဘောတူညီချက်များတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ပြီး ကမ္ဘာ့နိုင်ငံများနှင့်အတူ လက်တွဲကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံအတွင်း လေထုညစ်ညမ်းမှုကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အဓိကမြို့ကြီးများတွင် ဝန်းကျင်လေထုအရည်အသွေးကို ပုံမှန်တိုင်းတာပြီး လေ့လာဆန်းစစ်လျက်ရှိပါသည်။ တိုင်းတာရရှိသည့် လေထုအရည်အသွေးဆိုင်ရာ အချက်အလက်များကို နိုင်ငံပိုင်သတင်းစာများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ Facebook Page နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ Facebook Page တို့တွင် လစဉ်သတင်းထုတ်ပြန်ပေးလျက်ရှိပါသည်။ ထို့အပြင် အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်များကို ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီး စက်မှုလုပ်ငန်းများမှ ထွက်ရှိလာသော ထုတ်လွှတ်အခိုးအငွေ့များကြောင့် လေထုညစ်ညမ်းမှုမဖြစ်ပေါ်စေရန် လမ်းညွှန်ချက်များနှင့်အညီ လိုက်နာစေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။

သန့်ရှင်းသောလေထုရရှိရေးနှင့် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးတို့ကို ပေါင်းစပ်ဆောင်ရွက်ခြင်း

သန့်ရှင်းသောလေထုရရှိရေးနှင့် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးကို ပေါင်းစပ်ဆောင်ရွက်ရာတွင်

-       စွမ်းအင်ကဏ္ဍတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို သုံးစွဲခြင်း၊ စွမ်းအင်ကို အကျိုးရှိ ထိရောက်စွာသုံးစွဲခြင်း၊ လေထုအရည်အသွေးကို ထိခိုက်မှုအနည်းဆုံးဖြစ်စေနိုင်သော သန့်ရှင်းသည့်စွမ်းအင်များကို ပိုမိုအသုံးပြုလာစေရေး ဆောင်ရွက်ခြင်း၊

-       သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် လျှပ်စစ်သုံးယာဉ်အသုံးပြုမှုကို မြှင့်တင်ခြင်း၊ အများပြည်သူအသုံးပြုနိုင်သော သယ်ယူပို့ဆောင်ရေးစနစ်များ ပိုမိုတိုးတက်လာအောင် ဆောင်ရွက်ခြင်း၊

-       စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍတွင် စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများအား မီးရှို့ဖျက်ဆီးမှုများကို တားဆီးခြင်းနှင့် မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချနိုင်ရေး ဆောင်ရွက်ခြင်း၊

-       သစ်တောကဏ္ဍတွင် သစ်တောပြုန်းတီးမှု လျော့နည်းလာအောင် ဆောင်ရွက်ခြင်း၊ သစ်ပင်များကို ပိုမိုစိုက်ပျိုးခြင်းနှင့် သစ်တောများကို စနစ်တကျထိန်းသိမ်းခြင်း၊

-       စက်မှုနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကဏ္ဍတွင် စက်ရုံများမှ ထုတ်လွှတ် အခိုးအငွေ့ထွက်ရှိမှုများကို စနစ်တကျကြပ်မတ်ဆောင်ရွက်ခြင်းနှင့် စွန့်ပစ်ပစ္စည်းများကို ပတ်ဝန်းကျင်မထိခိုက်စေသော နည်းလမ်းများနှင့်အညီ စနစ်တကျစီမံခန့်ခွဲခြင်း၊

-       ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေး လုပ်ငန်းများကို သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများတွင် ထည့်သွင်းပေါင်းစပ်ဆောင်ရွက်ခြင်း၊ လေထုအရည်အသွေးစံချိန်စံညွှန်းများ သတ်မှတ်ခြင်း၊ လေထုအရည်အသွေးကို စဉ်ဆက်မပြတ်စောင့်ကြည့် တိုင်းတာစစ်ဆေးပြီး လေ့လာဆန်းစစ်မှုများဆောင်ရွက်ခြင်း၊ သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ လေထုအရည်အသွေး စံချိန်စံညွှန်းများနှင့်အညီ လိုက်နာဆောင်ရွက်စေရေး ကြပ်မတ်ဆောင်ရွက်ခြင်း၊ ပတ်ဝန်းကျင်အရည်အသွေးဆန်းစစ်ခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေးဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို ကဏ္ဍအလိုက် စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်သွားမှသာ လေထုညစ်ညမ်းမှုကို ကြိုတင်ကာကွယ်ပြီး ပြည်သူများ၏ ကျန်းမာကြံ့ခိုင်မှု၊ ရာသီဥတုကောင်းမွန်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကို ရရှိနိုင်မည်ဖြစ်ပါသည်။

သန့်ရှင်းသောလေထုသည် လူသားများ၏ ကျန်းမာကြံ့ခိုင်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ရာသီဥတုကောင်းမွန်မှုတို့အတွက် အခြေခံကျသောအရာဖြစ်ပါသည်။ ကျွန်ုပ်တို့လူသားတိုင်း သက်ရှည်ကျန်းမာ ပျော်ရွှင်စွာ အသက်ရှင်နေထိုင်နိုင်ရေးအတွက် ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်ရှိ လေထုအရည်အသွေးကို ကောင်းမွန်သန့်ရှင်းနေအောင် ထိန်းသိမ်းဆောင်ရွက်ပြီး ကျွန်ုပ်တို့လူသားများ၏ ကျန်းမာကြံ့ခိုင်မှု၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်ဝန်းကျင်ရေရှည်တည်တံ့မှုတို့ကို မျှော်မှန်းလျက် ကျွန်ုပ်တို့အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်သွားနိုင်ရန် အလေးအနက်ရည်မှန်းပြီး “ရာသီဥတုကောင်းမွန်ဖို့ သန့်ရှင်းသော လေဖန်တီးစို့” ဟု တိုက်တွန်းနှိုးဆော်ရင်း ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသန့်ရှင်းသော လေထုနေ့ (International Day of Clean Air for Blue Skies) အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။ ။

No comments:

Post a Comment