ကေဇက်ဟိန်း (PPIB)
နိုင်ငံတော်အကြီးအကဲအနေနှင့် နိုင်ငံတော်သမ္မတ တာဝန်ယူချိန်မှစတင်ပြီး ဖိတ်ခေါ်ချက်များအရ ပြည်ပခရီးစဉ်များကို ဆက်တိုက်သွားခဲ့ရပါတယ်။ ပြည်ပခရီးစဉ်များကို ပြန်ကြည့်ရင် အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့ဖြစ်ပြီး ယခုဆိုလျှင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံကို သွားရောက်မှာပဲဖြစ်ပါတယ်။ (၆) ကြိမ်မြောက် ပြည်ပခရီးစဉ်လည်းဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲရဲ့ ပြည်ပခရီးစဉ်တွေဟာ ကမ္ဘာ့ဦးဆောင်နိုင်ငံတွေအပြင် အာဆီယံဒေသတွင်း နိုင်ငံများဆီကို သွားရောက်နိုင်ခဲ့တာကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ သွားရောက်ခဲ့သမျှ နိုင်ငံတိုင်းနှင့်လည်း ချစ်ကြည်ရင်းနှီးမှုတွေ ပိုမိုခိုင်မာစေခဲ့တဲ့အပြင် နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်နိုင်မှု အခွင့်အလမ်းတွေကို ဖော်ဆောင်ပိုင်ဆိုင်နိုင်ခဲ့တာကိုလည်း စာဖတ်သူတို့ တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ယခုသွားရောက်တဲ့ ဗီယက်နမ်ခရီးစဉ်ဟာလည်း နှစ်နိုင်ငံအတွက် ပိုမိုရင်းနှီးချစ်ခင်စေပြီး နှစ်ပြည်ထောင်အကျိုးအတွက် အောင်ပန်းဆင်နိုင်ဦးမယ့် ခရီးတစ်ခုဖြစ်လာဦးမှာလည်း မလွဲဧကန်ပင်ဖြစ်ကြောင်း စာရေးသူ ယုံကြည်နေမိပါတယ်။
ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံမှသည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဆီသို့
နိုင်ငံတော်အကြီးအကဲနှင့်ဇနီး
ဦးဆောင်တဲ့ အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းမှာ
နေပြည်တော်လေဆိပ်ကနေ အထူးလေယာဉ်နဲ့ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံကို ထွက်ခွာမှာပဲဖြစ်ပါတယ်။
နေပြည်တော်လေဆိပ်မှာတော့ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့်ဇနီး၊
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့်ဇနီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊
မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးမှ တာဝန်ရှိသူများက လေဆိပ်မှာ ပို့ဆောင်နှုတ်ဆက်ကြပါတယ်။
နိုင်ငံတော်အကြီးအကဲနှင့်ဇနီးက
ပို့ဆောင်နှုတ်ဆက်ကြသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပါသေးတယ်။ စာရေးသူတို့
နိုင်ငံရဲ့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့ရဲ့ တွဲလက်ညီနေမှု၊ စုစည်းအားကောင်းမွန်မှုတို့ကို
မြင်ကွင်းများက သက်သေညွှန်းဆိုလို့နေပါသေးတယ်။ နိုင်ငံတော်အကြီးအကဲနှင့်ဇနီး ဦးဆောင်သော
အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာတဲ့ အထူးလေယာဉ်ဟာ နေပြည်တော်လေဆိပ်ကတစ်ဆင့်
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဆီသို့ ဦးတည်ပျံသန်းခဲ့ပါပြီ။ တိမ်တိုက်များကြားမှာ
တရွေ့ရွေ့ ပျံသန်းရင်း မကြာမီဆင်းသက်မယ့်နေရာကတော့ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ
ဟနွိုင်းမြို့ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်ပဲဖြစ်ပါတယ်။
ဒေသစံတော်ချိန်
၁၂ နာရီခွဲခန့်မှာတော့ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဟနွိုင်းမြို့ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်ကို
ရောက်ရှိခဲ့ပါပြီ။ လေယာဉ်ပေါ်မှ ဆင်းသက်ရာ လမ်းတစ်လျှောက် ကော်ဇောနီခင်းလျက် တစ်ဖက်တစ်ချက်မှာတော့
ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုကာ ခရီးဦးကြိုပြုခဲ့ပါတယ်။ နိုင်ငံတော်အကြီးအကဲနှင့်ဇနီး
ဦးဆောင်တဲ့ အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့ကိုတော့ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ
ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင် သမ္မတရုံးဝန်ကြီး မစ္စတာလဲခိုင်ဟို ဦးဆောင်သော
အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ
မြန်မာသံအမတ်ကြီး ဦးဝေလင်းနှင့်ဇနီး၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်ဇော်မင်းနှင့်တာဝန်ရှိသူများက
ရင်းနှီးနွေးထွေးစွာ ခရီးဦးကြိုပြုကြိုဆိုနှုတ်ဆက်ကြပါတယ်။
Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်
အဆောက်အအုံရှေ့မှာတော့ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအလံများကို စိုက်ထူပြီး ကြိုဆိုထားပုံကလည်း
နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်တည်တံ့ရေးကို ဖော်ညွန်းနေခြင်းသာ။ စာရေးသူတို့
မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံဆက်ဆံရေးကို အကျဉ်းမျှ လေ့လာကြည့်ကြရအောင်ပါ။
မြန်မာ- ဗီယက်နမ်နှစ်နိုင်ငံ၏သံတမန်ခရီး
မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့ရဲ့
သံတမန်ခရီး ဟာ ၂၈-၅-၁၉၇၅ ခုနှစ်မှာ စတင်ခဲ့တာပဲဖြစ်ပါတယ်။ သံတမန်ဆက်ဆံရေး မထူထောင်မီကပင်
နှစ်နိုင်ငံကြား ကူးလူးဆက်ဆံမှုများရှိခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ ၄-၁-၁၉၄၈ ရက်နေ့မှာ
ကျင်းပတဲ့ ပထမဆုံးလွတ်လပ်ရေးနေ့ အခမ်းနားကို ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီး
Dr. Pham Ngoc Thach ကိုယ်တိုင်တက်ရောက်ခဲ့ပါသေးတယ်။
ဆိုရလျှင် မြန်မာနိုင်ငံရဲ့
လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာကတည်းက နှစ်နိုင်ငံဟာ နိုင်ငံရေး၊ ကာကွယ်ရေး၊ သံတမန်ရေးစတဲ့
ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေရှိခဲ့တာကို သမိုင်းမှတ်တမ်းများမှာ လေ့လာတွေ့ရှိရပါတယ်။
နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်မှုတွေ ဘာတွေရှိခဲ့သလဲ၊ ဆက်လက်လေ့လာကြည့်ရအောင်ပါ။
မြန်မာ-ဗီယက်နမ်
နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကော်မရှင်အစည်းအဝေးများ၊ နှစ်နိုင်ငံမူဝါဒရေးရာ
ညှိနှိုင်းအစည်းအဝေးများ၊ နှစ်နိုင်ငံလုပ်ငန်းအဆင့် အလွတ်သဘောဆွေးနွေးပွဲများ၊ နှစ်နိုင်ငံကုန်သွယ်မှု
ပူးတွဲကော်မတီအစည်းအဝေးများကိုလည်း အမြဲမပြတ်ဆောင်ရွက်လျက်ရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။
နှစ်နိုင်ငံခေါင်းဆောင်များရဲ့ အပြန်အလှန်ခရီးစဉ်များကို ပြန်ပြောင်းကြည့်လျှင်လည်း
ပါလီမန်ဒီမိုကရေစီ အစိုးရကာလ၊ ပါတီစုံဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ၊ ပါတီစုံဒီမိုကရေစီကာလများမှ
ယနေ့ထက်တိုင် နှစ်နိုင်ငံခေါင်းဆောင်များရဲ့ အပြန်အလှန်ခရီးစဉ်များကို တွေ့မြင်ခဲ့ရပါတယ်။
ပူးပေါင်းဆောင်ရွက်မှုများအနေနဲ့ကတော့
ကာကွယ်ရေးနှင့်လုံခြုံရေးကဏ္ဍ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကဏ္ဍ၊ ငွေကြေးနှင့်
ဘဏ်လုပ်ငန်း၊ သစ်တော၊ သတ္တုနှင့်သယံဇာတလုပ်ငန်း၊ လျှပ်စစ်နှင့် စွမ်းအင်လုပ်ငန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့
တူးဖော်ရေးလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊
စီးပွားရေးနှင့်ကုန်သွယ်မှုလုပ်ငန်း၊ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊
ရေထွက်ပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၊
နည်းပညာပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း၊ ပညာရေးကဏ္ဍစတဲ့ ကဏ္ဍစုံမှာ ဦးစားပေးပူးပေါင်းဆောင်ရွက်သွားဖို့
သဘောတူညီမှုပြုလုပ်ထားတာကိုလည်း တွေ့ရပါတယ်။ ဆိုရလျှင် ဗီယက်နမ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့
သတ္တမမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိပါတယ်။
ဗီယက်နမ်နိုင်ငံသမိုင်းအကျဉ်း
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဟာ
အရှေ့တောင်အာရှတွင် တည်ရှိပြီး အင်ဒိုချိုင်းနားကျွန်းဆွယ်၏ အရှေ့ဘက်စွန်းမှာ တည်ရှိပါတယ်။
လူဦးရေနှင့် သန်းခေါင်စာရင်းအချက်အလက်များအရ ကမ္ဘာပေါ်မှာ ၁၆ ခုမြောက်၊ အာရှမှာ အဋ္ဌမမြောက်
လူဦးရေအများဆုံးနိုင်ငံပဲဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံဟာ သူတို့သမိုင်းစဉ်တစ်လျှောက်
ကြိုးစားရုန်းကန်လွန့်လူးရင်း စီးပွားရေးကဏ္ဍမှာ ကမ္ဘာပေါ်၌ တိုးတက်မှုနှုန်းအမြင့်ဆုံးနိုင်ငံအဖြစ်
စာရင်းဝင်ခဲ့တဲ့နိုင်ငံလည်းဖြစ်ပါတယ်။
ယဉ်ကျေးမှုအရလည်း
လူသားဆန်မှုနှင့် သဟဇာတဖြစ်မှုတို့ကို အလေးအနက်ထားကြပြီး မိသားစုနှင့် အသိုင်းအဝိုင်းတို့ရဲ့တန်ဖိုးကို
အလွန်ပဲစောင့်ထိန်းကြပါတယ်။ စာပေယဉ်ကျေးမှုအရလည်း ရိုးရာစာပေကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။
ဗီယက်နမ်စာပေဟာ ရာစုနှစ်နှင့်ချီတဲ့ သမိုင်းကြောင်းကို ပိုင်ဆိုင်ထားပါတယ်။ ဗီယက်နမ်နိုင်ငံဟာ
အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်ကြီးသုံးရပ်ကို ခိုင်မာစွာတည်ဆောက်ရင်း
ခေတ်မီဖွံ့ဖြိုးတိုးတက်ခြင်းဆီသို့ လှမ်းတက်လျက်ရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း
လေ့လာသိရှိခဲ့ရပါတယ်။
ဟနွိုင်းမြို့အကြောင်း
သိကောင်းစရာ
ဟနွိုင်းမြို့ဟာ
နိုင်ငံရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေးအတွက် ဗဟိုချက်မတစ်ခုဖြစ်ပါတယ်။ စီးပွားရေး၊ ယဉ်ကျေးမှု၊
သိပ္ပံနှင့်နည်းပညာ၊ ဆန်းသစ်တီထွင်မှုနှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်
အရေးပါတဲ့ မြို့တစ်မြို့လည်းဖြစ်ပါတယ်။ လူဦးရေ ရှစ်သန်းကျော်ရှိတဲ့ ဟနွိုင်းမြို့ဟာ
မြို့ပြအခြေခံအဆောက်အုံများနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဆက်လက်အရှိန်အဟုန်မြှင့်
ဆောင်ရွက်လျက်ရှိတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
ဟနွိုင်းမြို့ရဲ့
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ စက်မှုလုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊
ခရီးသွားလုပ်ငန်း၊ နည်းပညာကဏ္ဍတွေ အဓိကပါဝင်ပါတယ်။ အဆင့်မြင့်နည်းပညာဇုန်တွေ၊ မြို့ပြအခြေခံအဆောက်အအုံစီမံကိန်းတွေကို
အကောင်အထည်ဖော်ဆောင်လျက်ရှိတဲ့အပြင် လမ်း၊ တံတား၊ မြို့ပြရထား၊ ရေသန့်နှင့် ရေဆိုးသန့်စင်ရေး၊
အများပြည်သူသုံးနေရာများနှင့် မြို့ပြစိမ်းလန်းဧရိယာများ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း
အလေးအနက်ထား ဖော်ဆောင်လျက်ရှိပါတယ်။
မြို့ပြစီမံခန့်ခွဲမှုနှင့်
သန့်ရှင်းသပ်ရပ်မှုအပိုင်းမှာလည်း ဟနွိုင်းမြို့ဟာ လမ်းများ၊ ပန်းခြံများ၊ ရေကန်များ၊
အများပြည်သူသုံးနေရာများကို စနစ်တကျဖော်ဆောင်ပြီး ထိန်းသိမ်းထားတာကို တွေ့ရပါတယ်။ ရေဆိုးရေသန့်နှင့်
အမှိုက်စီမံခန့်ခွဲရေးလို ပတ်ဝန်းကျင်ဆိုင်ရာ အခြေခံအဆောက်အအုံစီမံကိန်းများ ဆောင်ရွက်နေတာကိုလည်း
လေ့လာတွေ့ရှိခဲ့ရပါတယ်။
ယဉ်ကျေးမှုအရ ဟနွိုင်းမြို့ဟာ
ဗီယက်နမ်နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှု၊ သမိုင်းအမွေအနှစ်များ၊ ခေတ်မီမြို့ပြဘဝများ ပေါင်းစပ်တည်ရှိထားတဲ့
မြို့တစ်မြို့လို့ ဆိုရမှာပါပဲ။ Old Quarter , Hoan Kiem Lake နှင့် သမိုင်းဝင်အဆောက်အအုံတွေ၊
ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်နေရာများဟာ ဟနွိုင်းမြို့ရဲ့ ထင်ရှားသော လက္ခဏာများပဲဖြစ်ပါတယ်။
ရိုးရာအစားအစာ၊ လက်မှုပညာနဲ့ ဒေသခံများရဲ့ လူမှုဘဝများကလည်း မြို့ပြရဲ့ ယဉ်ကျေးမှုပုံရိပ်ကို
ပိုမိုထင်ရှားစေပါတယ်။ ဆိုရလျှင် ဟနွိုင်းမြို့သည် သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို
ထိန်းသိမ်းထားနိုင်တဲ့ မြို့တစ်မြို့ဖြစ်သလို ခေတ်မီအခြေခံအဆောက်အအုံတွေ၊ စီးပွားရေးနှင့်
နည်းပညာကဏ္ဍများ တစ်ပြိုင်နက် တိုးတက်အောင်ဆောင်ရွက်နေတဲ့ နိုင်ငံရဲ့ အရေးပါသော မြို့ပြဗဟိုချက်အဖြစ်
တည်ရှိနေကြောင်း စာရေးသူလေ့လာသိရှိခဲ့ရပါတယ်။ နိုင်ငံတော်အကြီးအကဲရဲ့ ခရီးစဉ်ကို ဆက်လက်လေ့လာကြည့်ကြရအောင်လားဗျာ။
ဟနွိုင်းမှသည်
Hai Phong (ဟိုင်းဖောင်)မြို့ Vinfast မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီသို့ သွားရောက်လေ့လာ
နိုင်ငံတော်အကြီးအကဲဦးဆောင်တဲ့
အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဒေသစံတော်ချိန် မွန်းလွဲပိုင်းမှာ ဟနွိုင်းမြို့မှတစ်ဆင့်
Hai Phong မြို့ရှိ Vinfast မော်တော်ယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီသို့ စတင်သွားရောက်လေ့လာခဲ့ပါတယ်။
စာရေးသူတို့ အထူးယာဉ်တန်းနဲ့
သွားတဲ့နေရာမှာ Hai Phong မြို့သို့ သွားရာလမ်းတစ်လျှောက် လမ်းများဟာ အဆင့်မီပြီး ချောမွေ့ကောင်းမွန်နေတာကိုလည်း
တွေ့မြင်ရပါတယ်။ လမ်းဘေးဘယ် ညာမှာလည်း စိမ်းလန်းတဲ့ စပါးခင်းကြီးတွေ၊ ငှက်ပျောခင်းကြီးများကို
ရှုမျှော်မဆုံးတွေ့မြင်ရပါတယ်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို စက်မှုလယ်ယာစနစ်နဲ့ ဆောင်ရွက်နေပြီး
အချို့သော စပါးခင်းများအနီးမှာ ဗီယက်နမ်ရိုးရာ ကောက်စိုက်သမလေးများကိုလည်း အမှတ်မထင်
တွေ့မြင်လိုက်ရပါသေးတယ်။
စပါးခင်းများကြားမှာလည်း
စနစ်တကျ ဖောက်လုပ်ထားသော ကုန်ထုတ်လမ်းများကိုတွေ့ရပြန်ပါတယ်။ အထူးယာဉ်တန်းသွားနေတဲ့
လမ်းမကြီးဟာ အသွားအပြန် ခြောက်လမ်းသွားလမ်းမကြီးဖြစ်ပြီး လမ်းမကြီးဟာ အဆင့်မီပြီး ချောမွေ့ပြေပြစ်လျက်ရှိတာကိုလည်း
တွေ့မြင်ရပါတယ်။ လမ်းမကြီးထဲမှာ အနှေးယာဉ်များသွားနိုင်ဖို့ လမ်းကိုလည်း ဖောက်လုပ်ပေးထားတာကို
တွေ့မြင်ရပါတယ်။ လမ်းဘေးဘယ်ညာတစ်လျှောက်မှာလည်း လေကာပင်များကိုလည်း စနစ်တကျစိုက်ပျိုးထားရှိပါတယ်။
ခေတ်မီဖွံ့ဖြိုးတိုးတက်မှု ပုံရိပ်တွေနဲ့ ကျေးလက်ရှုခင်းပုံရိပ်တို့ကို ယှဉ်တွဲပြသထားသလို
စာရေးသူခံစားမိပါတယ်။
Hai Phong (ဟိုင်းဖောင်)မြို့ထဲသို့
စတင်ဝင်ရောက်လာခဲ့ပါပြီ။ ပြီးနောက် နိုင်ငံတော်အကြီးအကဲ ဦးဆောင်တဲ့ အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ
Vinfast မော်တော်ယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီကို ရောက်ရှိခဲ့ပါတယ်။ ရောက်ရှိစဉ်မှာတော့
နိုင်ငံတော်အကြီးအကဲကို ဗီယက်နမ်နိုင်ငံရဲ့ အကြီးစားစီးပွားရေးလုပ်ငန်းစု Vingroup
၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Madam DUONG THI HOAN၊ Vinfast ကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက
ရင်းနှီးနွေးထွေးစွာ ခရီးဦးကြိုပြု ကြိုဆိုနှုတ်ဆက်ကြပါတယ်။
တွေ့ဆုံပြီးသည်နှင့်
နိုင်ငံတော်အကြီးအကဲအနေဖြင့် စက်ရုံရဲ့သမိုင်းကြောင်း၊ စက်ရုံမှ မော်တော်ယာဉ်နှင့်
မော်တော်ဆိုင်ကယ် ထုတ်လုပ်နေမှုများ၊ ပြည်တွင်းပြည်ပဈေးကွက်သို့ ထုတ်လုပ်ဖြန့်ဖြူးနေမှုများ၊
ယာဉ်များကို အဆင့်ဆင့်ထုတ်လုပ်မှုတွင် အလိုအလျောက်စနစ်များ၊ စက်ရုပ်နည်းပညာသုံးကာ ဆောင်ရွက်နေမှုများ၊
Vinfast ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်တွေကို ဆွေးနွေးလေ့လာခဲ့ပါသေးတယ်။
Vinfast မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီက ဗီယက်နမ်နိုင်ငံရဲ့ အကြီးစားစီးပွားရေးလုပ်ငန်းစုဖြစ်တဲ့
Vingroup ရဲ့ လုပ်ငန်းများထဲက လျှပ်စစ်မော်တော်ယာဉ်၊ လျှပ်စစ်မော်တော်ဆိုင်ကယ်တွေ အဓိကထုတ်တဲ့
ကုမ္ပဏီပဲဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ စက်ရုံကို စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇွန်လ
၁၄ ရက်မှာ စက်ရုံဖွင့်ကာ ယာဉ်တွေကို စတင်ထုတ်လုပ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ထုတ်လုပ်ရာမှာလည်း
ခေတ်မီနည်းပညာတွေ၊ အလိုအလျောက်စနစ်တွေ၊ စက်ရုပ် နည်းပညာတွေကို အသုံးပြုပြီး ဆောင်ရွက်နေတာကိုလည်း
စာရေးသူတွေ့မြင်ခဲ့ရပါတယ်။
ဒါတင်မကပါဘူး။
Vinfast ဟာ ယာဉ်ထုတ်လုပ်မှုအပြင် ယာဉ်ရဲ့ ဘက်ထရီထုတ်လုပ်မှုကဏ္ဍကိုလည်း ဆောင်ရွက်ပါသေးတယ်။
ပြည်တွင်းမှာသာမက အင်ဒိုနီးရှား၊ အိန္ဒိယနိုင်ငံတို့မှာပါ စက်ရုံများတည်ဆောက်ပြီး ထုတ်လုပ်မှုကို
နိုင်ငံတကာထုတ်လုပ်နိုင်မှုနှင့် ဈေးကွက်ချဲ့ထွင်ထားနိုင်မှုကိုလည်း အံ့မခန်းတွေ့မြင်ခဲ့ရပါတယ်။
Viettel ဆက်သွယ်ရေးကုမ္ပဏီသို့
သွားရောက်လေ့လာ
ဆက်လက်ပြီး နိုင်ငံတော်အကြီးအကဲ
ဦးဆောင်တဲ့ အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ Viettel ဆက်သွယ်ရေးကုမ္ပဏီသို့ သွားရောက်လေ့လာခဲ့ပြန်ပါတယ်။
ကုမ္ပဏီကို ရောက်ရှိတဲ့အခါ နိုင်ငံတော်အကြီးအကဲဦးဆောင်တဲ့ အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့ကို
ဗီယက်နမ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Sr. Lt. Gen. Nguyen Quang Ngoc
၊ Viettel Group ၏ ဥက္ကဋ္ဌ၊ အမှုဆောင်အရာရှိချုပ်နှင့် တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာ
ခရီးဦးကြိုပြုကြိုဆိုနှုတ်ဆက်ကြပါတယ်။
တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို
အခြေခံပြီး Viettel Group အနေဖြင့် Mytel နှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ရေး၊
မြန်မာနိုင်ငံတွင် Mytel ဆက်သွယ်မှုကွန်ရက်ဆိုင်ရာ လုပ်ငန်းများစဉ်ဆက်မပြတ် ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရေးအတွက်
ပူးပေါင်းမှုများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး၊ ဒီဂျစ်တယ်နည်းပညာဆိုင်ရာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊
ဒီဂျစ်တယ်လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးများတွင် Mytel အနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုအလားအလာကောင်းများရှိနေမှု၊
ရတနာပုံဆိုက်ဘာစီးတီးအပါအဝင် မြန်မာနိုင်ငံရဲ့ နည်းပညာအထူးဇုန်များတွင် ဗီယက်နမ်နိုင်ငံအနေဖြင့်
ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ပြီး ဒီဂျစ်တယ်နှင့် နည်းပညာဆိုင်ရာ ပစ္စည်းများထုတ်လုပ်နိုင်မှုနှင့်
ဒီဂျစ်တယ်နှင့် နည်းပညာကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးအနက်ထား ဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံမှုအပြီးမှာတော့
တာဝန်ရှိသူများက နိုင်ငံတော်အကြီးအကဲနှင့် အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့ကို ရင်းနှီးနွေးထွေးစွာ
အထူးယာဉ်တန်းဆီကို လိုက်လံပို့ဆောင်နှုတ်ဆက်ကြပါသေးတယ်။ သည်နောက်မှာတော့ နိုင်ငံတော်အကြီးအကဲ
ဦးဆောင်သော အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ တည်းခိုရာနေရာကို အထူးယာဉ်တန်းနဲ့
ပြန်လည်ထွက်ခွာခဲ့ကြပါတယ်။
နိုင်ငံတော်အကြီးအကဲရဲ့
ပြည်ပခရီးစဉ်တွေကို ကြည့်ရင် သွားရောက်တဲ့နိုင်ငံအလိုက် နိုင်ငံတော်အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊
နိုင်ငံ့စီးပွားတိုးတက်ရေးဆိုတဲ့ ကဏ္ဍပေါ် အဓိကအခြေခံပြီး သွားရောက်တွေ့ဆုံခဲ့တာကို
တွေ့မြင်ရပါတယ်။ ဒါ့အပြင် မိမိတို့နိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုနှင့်
တရားဥပဒေစိုးမိုးမှု ပိုမိုခိုင်မာရေးအတွက်လည်း အချို့သောနိုင်ငံတွေမှာ ထည့်သွင်းဆွေးနွေးပြီး
ပူးပေါင်းဆောင်ရွက်နိုင်မှု အလားအလာကောင်းတွေကို ဖော်ဆောင်ခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။
ယခု ဗီယက်နမ်နိုင်ငံရဲ့ ခရီးစဉ်ပထမရက်မှာတော့ နိုင်ငံတော်စီးပွားရေးကဏ္ဍရဲ့ တစ်စိတ်တစ်ဒေသဖြစ်တဲ့
ပြည်ပရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍကို အမိအရ ကြိုးပမ်းဆွေးနွေးဖော်ဆောင်နိုင်ခဲ့ပြန်ပါတယ်။
မည်သို့ပင်ဆိုပါစေ၊
ဤခရီးစဉ်ဟာလည်း နှစ်နိုင်ငံအတွက် ရင်းနှီးချစ်ခင်မှု ပိုမိုခိုင်မာရေးမှသည် မိမိတို့နိုင်ငံ၏
စီးပွားရေးခိုင်မာမှုအတွက် အောင်ပန်းဆင်နိုင်လိမ့်ဦးမည်ဟု ယုံကြည်နေပါကြောင်း ဟနွိုင်းမြို့က
စာလွှာပါးလိုက်ရပါတော့တယ်။ ။



No comments:
Post a Comment