Sunday, September 27, 2026

ပြည်သူ့ဝန်ဆောင်မှု အရည်အသွေးမြင့်မားရေး

 


သိုက်စိုးထွန်း (နတ်ရွာ)

ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ အရည်အသွေးတိုးတက်မြင့်မားလာစေချင်ရင် နိုင်ငံ့ဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍကို အလေးအနက်ထည့်သွင်းစဉ်းစားကြရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံမှာ အစိုးရတစ်ရပ်ပေါ်ထွန်းလာစေဖို့အတွက် အထွေထွေရွေးကောက်ပွဲတွေ ကျင်းပဆောင်ရွက်ကြပါတယ်။ ပြည်သူလူထုက တင်မြှောက်လိုက်တဲ့ ရွေးကောက်ခံအစိုးရက ပြည်သူ့ရေးရာ မူဝါဒတွေကိုချမှတ်၊ လမ်းညွှန်တယ်။ နိုင်ငံ့ဝန်ထမ်းတွေနဲ့ဖွဲ့စည်းထားတဲ့ ဗျူရိုကရေစီယန္တရားက နိုင်ငံတော်အစိုးရရဲ့ မူဝါဒ၊ လမ်းညွှန်ချက်တွေကို ဥပဒေနဲ့အညီ အကောင်အထည်ဖော်ဆောင်ရွက်ရပါတယ်။

အစိုးရတစ်ရပ်အနေနဲ့ နိုင်ငံတစ်နိုင်ငံကို ဦးဆောင်မောင်းနှင်ရတဲ့အခါမှာ အစိုးရမဖြစ်ခင်ကပေးခဲ့တဲ့ ကတိကဝတ်တွေ၊ တစ်နည်းအားဖြင့် ရွေးကောက်ပွဲကြေညာစာတမ်းမှာဖော်ပြခဲ့တဲ့ အချက်အလက်တွေ၊ မဲဆွယ်စည်းရုံးစဉ်ကာလမှာပေးခဲ့တဲ့ကတိကဝတ်တွေကို မဖြစ်မနေထည့်သွင်းပြီး အကောင်အထည်ဖော်လေ့ရှိကြတယ်။ ဒါမှသာ မဲဆန္ဒရှင်ပြည်သူတွေကလည်း ကတိတည်တဲ့အစိုးရတစ်ရပ်ရယ်လို့ ယုံကြည်လက်ခံပြီး နောက်ထပ်သက်တမ်းတွေအတွက်လည်း ဆက်ပြီးထောက်ခံဆန္ဒမဲပေးကြမှာပါ။

အစိုးရဆိုတာကတော့ ရွေးကောက်ပွဲမှာ ထောက်ခံဆန္ဒမဲအလုံ အလောက်ရလို့ တစ်ပါတီတည်း လွတ်လွတ်ကျွတ်ကျွတ် ဖွဲ့စည်းနိုင်တဲ့ အစိုးရမျိုးလည်းရှိတယ်။ ဒီလိုမဟုတ်ဘဲ အနိုင်ရပါတီကြီး နှစ်ခုပဲဖြစ်ဖြစ်၊ သုံးလေးခုပဲဖြစ်ဖြစ် ညှိနှိုင်းဆွေးနွေးပြီး ညွန့်ပေါင်းအစိုးရပုံစံ ဖွဲ့စည်းကြရတာမျိုးလည်းရှိတယ်။ နောက်ထပ်တစ်မျိုးက ကိုယ့်တစ်ပါတီတည်း လွတ်လွတ်ကျွတ်ကျွတ်အစိုးရဖွဲ့နိုင်ပေမယ့် ညီညွတ်ရေးကိုရှေးရှုပြီး တခြားမိတ်ဖက်ပါတီတွေနဲ့အတူ ညွန့်ပေါင်းအစိုးရ ဆန်ဆန်ဖွဲ့စည်းကြတာမျိုးလည်း ရှိတတ်သေးတယ်။ ညွန့်ပေါင်း အစိုးရဆိုရင်တော့ ပြည်သူ့ရေးရာမူဝါဒချမှတ်ချိန်မှာ ညွန့်ပေါင်းအစိုးရတို့ရဲ့သဘောသဘာဝအတိုင်း အားလုံးတိုင်ပင် ဆွေးနွေးညှိနှိုင်းပြီး ချမှတ်ကြရမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲကတိကဝတ်တွေကို အစိုးရဖြစ်လာချိန်မှာ အကောင်အထည်ဖော်ကြရတာကတော့ အစဉ်အလာပါပဲ။

ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို ဗျူရိုကရေစီယန္တရားကပဲ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်

စောစောကပြောခဲ့တဲ့အတိုင်း အစိုးရတစ်ရပ်က ပြည်သူ့ရေးရာ မူဝါဒတွေကို ချမှတ်၊ အကောင်အထည်ဖော်ရာမှာ အစိုးရအဖွဲ့မှာ ပါဝင်တဲ့ပုဂ္ဂိုလ်တွေက ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်နိုင်တဲ့ပမာဏ အတိုင်းအတာ၊​ အကန့်အသတ်ရှိပါတယ်။ အများအားဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို တာဝန်ယူဆောင်ရွက်နေတဲ့ ဗျူရိုကရေစီယန္တရားကပဲ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြရတာပါ။ မူဝါဒချမှတ်၊ လမ်းညွှန်တဲ့အပိုင်းကို နိုင်ငံတော်အစိုးရကတာဝန်ယူ၊ ချမှတ်လမ်းညွှန်လိုက်တဲ့ မူဝါဒတွေ အကောင်အထည်ဖော်တဲ့အပိုင်းကို ဗျူရိုကရေစီယန္တရားက တာဝန်ယူ၊ ဒီလိုသဘောတရားပါ။ ရထား တစ်စင်းနဲ့ဥပမာတင်ရရင်တော့ အစိုးရက ခေါင်းတွဲနဲ့တူပြီး ဝန်ထမ်းအဖွဲ့အစည်းက နောက်တွဲတွေနဲ့တူတာပေါ့။ ခေါင်းတွဲဆွဲရာနောက်ကို ဖြောင့်ဖြောင့်တန်းတန်း လိုက်ပါကြရမှာပေါ့။

ရွေးကောက်ခံအစိုးရက သက်တမ်းတစ်ခုပြည့်တိုင်းပြည့်တိုင်း ရွေးကောက်ပွဲတစ်ခုပြန်ကျင်းပရတဲ့အတွက် အခါအားလျော်စွာ အပြောင်းအလဲဖြစ်နေတယ်။ လေးနှစ်၊ ငါးနှစ် စသည်အားဖြင့် နိုင်ငံတစ်နိုင်ငံချင်းစီက ကျင့်သုံးတဲ့စနစ်အပေါ်မူတည်ပြီး သက်တမ်းကာလကွာကြတာပေါ့။ တူတာကတော့ သက်တမ်းတစ်ခုပြည့်သွားတိုင်း ရွေးကောက်ပွဲတစ်ခုပြန်ကျင်းပရတဲ့ကိစ္စ။ ရွေးကောက်ပွဲတစ်ပွဲပြီးတိုင်းအစိုးရက အသစ်အသစ်ပြောင်းပြောင်းသွားတာ။ ပါတီတစ်ခုတည်းကပဲ ဆက်တိုက်အနိုင်ရတယ်ဆိုဦးတော့ အစိုးရအဖွဲ့ဝင်တွေက အမြဲတမ်းဒီလူနဲ့ဒီလူ ဆိုတာမျိုးချည်းဖြစ်မနေဘူး။ ဒီမိုကရေစီအစိုးရက အပြောင်းအလဲအမြဲရှိနေတယ်ဆိုပေမယ့် ဗျူရိုကရေစီယန္တရားကျတော့ ဒီလိုမဟုတ်တော့ဘူး။ အငြိမ်းစားမယူမချင်း၊ နုတ်ထွက်မှုမပြုမချင်း၊ ထုတ်ပယ်မှုမခံရမချင်း ဒီယန္တရားထဲမှာတည်မြဲနေတယ်။ အစိုးရပြောင်းသွားပေမယ့် ဝန်ထမ်းယန္တရားက မပြောင်းဘူးပေါ့။

ဗျူရိုကရေစီယန္တရားကအမြဲရှိပြီး တက်လာတဲ့အစိုးရကချမှတ်လိုက်တဲ့ ပြည်သူ့ရေးရာမူဝါဒတွေကို အကောင်အထည်ဖော်ဖို့တာဝန်ရှိနေတာပါ။ ကာကွယ်ရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး စသည်အားဖြင့် ကဏ္ဍအားလုံးအတွက် အကောင်အထည်ဖော်ဖို့သူ့ဌာန၊ သူ့အဖွဲ့အစည်းနဲ့သူ တာဝန်ပိုင်းခြားသတ်မှတ်ထားတဲ့အတိုင်း အကောင်အထည်ဖော်ဖို့ တာဝန်ရှိနေကြတာပါ။

အကောင်အထည်ဖော်တဲ့အပိုင်းကို ဗျူရိုကရေစီယန္တရားက တာဝန်ယူရတယ်ဆိုပေမယ့်လည်း သူ့ချည်းသက်သက်လွှတ်ထားလို့တော့ မရနိုင်ပြန်ဘူး။ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေတွေကို ထိန်းကျောင်းကြပ်မတ်ပေးဖို့ လိုအပ်ပါတယ်။ အများအားဖြင့်တော့ နိုင်ငံတော်အစိုးရဘက်ကပဲ ဖြစ်ဖြစ်၊ ပြည်သူလူထုကပဲဖြစ်ဖြစ် ဗျူရိုကရေစီယန္တရားရဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေအပေါ်မှာ အားမလိုအားမရဖြစ်တတ်ကြတာပါပဲ။ အားမရတဲ့ကိစ္စကတော့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ အရည်အသွေးနဲ့ပတ်သက်ပြီး ဖြစ်တတ်ကြတာပါ။ မျှော်မှန်းထားတဲ့ အရည်အသွေးနဲ့ လက်တွေ့ သိမြင်ခံစားရတဲ့အရည်အသွေး၊ ဒီနှစ်ခုကြားမှာ ကွာဟချက်ကြီးမားလာတဲ့အခါ အားမရတဲ့စိတ်တွေ ဖြစ်လာတတ်ကြတာပါပဲ။

နိုင်ငံတော်အစိုးရဘက်ကပဲဖြစ်ဖြစ်၊​ ပြည်သူလူထုဘက်ကပဲဖြစ်ဖြစ် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ အရည်အသွေးကို မြှင့်တင်လိုတဲ့ဆန္ဒရှိကြတယ်။ ဆန္ဒရှိပေမယ့် လက်တွေ့အကောင်အထည်ဖော်ရာမှာတော့ နက်နဲကျယ်ပြန့်နေတတ်ပါတယ်။ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် ကိုယ်လုပ်ချင်တာတစ်ခုခုကို ကောက်ကာငင်ကာထလုပ်လိုက်ရသလိုတော့ မလွယ်ဘူးပေါ့။

သိကြတဲ့အတိုင်း ဗျူရိုကရေစီယန္တရားမှာက ဝန်ကြီးဌာန၊ အဖွဲ့အစည်း၊ ဦးစီးဌာန၊ လုပ်ငန်းစသည်အားဖြင့် အဖွဲ့အစည်းတွေအများ ကြီးရှိနေကြတာ။ ဒီအဖွဲ့အစည်းတွေကလည်း နိုင်ငံတော်အဆင့်၊ ဒေသန္တရအဆင့်၊ အခြေခံအဆင့် စသည်အားဖြင့် အလွှာပေါင်းစုံရှိနေသလို ဝန်ထမ်းဦးရေအားဖြင့်လည်း အများကြီးရှိနေကြတာ။ ဒီလိုအများကြီးရှိနေကြတဲ့ ဗျူရိုကရေစီယန္တရားကို အစိုးရတာဝန်ရှိသူတွေအနေနဲ့ တစ်ဦးချင်း တစ်ယောက်ချင်းကို အသေးစိတ်လိုက်ပြီးညွှန်ကြားနေဖို့ မလွယ်ပါဘူး။ တစ်ဦးချင်းဆီမှာ သူ့ဘာသာရပ်နဲ့သူ၊ သူ့နယ်ပယ်နဲ့သူ၊ သူ့အတွေ့အကြုံနဲ့သူ ကျွမ်းကျင်ကြတာကိုး။ လူတစ်ယောက်က ဘာသာရပ်နယ်ပယ်အားလုံးမှာ ကျွမ်းကျင်နေဖို့ မဖြစ်နိုင်ပါဘူး။ သူ့အကန့်အသတ်နဲ့သူရှိကြတာပါ။ ဒါဆိုဗျူရိုကရေစီယန္တရားကို ဒီမိုကရေစီအစိုးရရဲ့အလိုကျမောင်းနှင်နိုင်ဖို့ မဖြစ်နိုင်တော့ဘူးလား။ ‘အနာသိရင်ဆေးရှိ’ဆိုသလို နည်းလမ်းတွေကတော့ ရှိနေပါတယ်။

နိုင်ငံတော်မူဝါဒတွေကို ထပ်ဆင့်ရှင်းလင်းတာ၊ လေ့ကျင့်သင်တန်းပေးတာ၊ တိတိကျကျ အကောင်အထည်ဖော်ဆောင်ရွက်ဖို့ ကြပ်မတ်ညွှန်ကြားတာ၊ လိုက်နာဖို့ပျက်ကွက်ရင် အပြစ်ပေးအရေး ယူတာ စသည်အားဖြင့် သင့်လျော်သလိုဆောင်ရွက်ကြတယ်။

လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုစနစ် မှန်မှန်ကန်ကန်လည်ပတ်နေဖို့ အသက်တမျှအရေးကြီး

တကယ်တော့ ဗျူရိုကရေစီယန္တရားကို အကောင်းဆုံးထိန်းကျောင်းကြပ်မတ်နိုင်မယ့် နည်းလမ်းတစ်ခုရှိပါတယ်။ ဒါကတော့ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုနယ်ပယ်ကို အာရုံစိုက်တဲ့နည်းပါ။ အများပြည်သူဆိုင်ရာအဖွဲ့အစည်းပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကအဖွဲ့အစည်းပဲဖြစ်ဖြစ် ဒီအဖွဲ့အစည်းထဲကလူတွေကို ဘယ်လိုဘယ်ပုံစီမံခန့်ခွဲနေသလဲဆိုတဲ့ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုစနစ် မှန်မှန်ကန်ကန် လည်ပတ်နေဖို့ကိစ္စက အသက်တမျှအရေးကြီးပါတယ်။ တချို့အဖွဲ့အစည်းတွေက ထိရောက်အောင်မြင်မှုရှိတယ်၊ တချို့အဖွဲ့အစည်းတွေက အဖွဲ့အစည်းရဲ့ မူလရည်မှန်းချက်တစ်ခုနှစ်ခုကိုတောင်မှ ထိထိရောက်ရောက် အကောင်အထည်မဖော်နိုင်ဘဲ ဖြစ်နေကြတယ်။ ဒီကိစ္စတွေရဲ့ ပင်မအရင်းခံအကြောင်းတရားက လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုအရည်အသွေးပဲ ဖြစ်ပါတယ်။

လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုဆိုတာက အဖွဲ့အစည်းတစ်ခုကို ဘယ်ရည်ရွယ်ချက်ကြောင့် ဖွဲ့စည်းထားသလဲဆိုတဲ့အချက် ပေါ်မူတည်ပြီး ဘယ်လိုအရည်အချင်းရှိတဲ့လူတွေကို အဖွဲ့အစည်းဝင်အဖြစ် ရွေးချယ်ခန့်အပ်မလဲ၊ ရွေးချယ်ခန့်အပ်ပြီးတဲ့သူတွေကို ဘယ်လိုဘယ်ပုံလေ့ကျင့်သင်ကြားမလဲ၊ တစ်ဦးချင်းစီအတွက် လုပ်ငန်းတာဝန်တွေကို ဘယ်လိုခွဲဝေပိုင်းခြားသတ်မှတ်မလဲ၊ လုပ်ငန်းဆောင်ရွက်မှုအခြေအနေတွေကို ဘယ်လိုစောင့်ကြည့်ထိန်းကျောင်းမလဲ၊ စွမ်းဆောင်ရည်အညွှန်းကိန်းတွေဘယ်လိုသတ်မှတ်မလဲ၊ အကဲဖြတ်စစ်ဆေးမှု စနစ်တွေကို ဘယ်လိုတည်ဆောက်ထားမလဲ၊ သတင်းအချက်အလက်တွေကို ဘယ်လိုရယူစုဆောင်းမလဲ၊ စုဆောင်းရရှိတဲ့ အချက်အလက်တွေကို ဘယ်လိုခွဲခြမ်းစိတ်ဖြာစိစစ်သုံးသပ်မလဲ၊ အားနည်းချက်၊ အားသာချက်တွေရှိလာတဲ့အခါ ဘယ်လိုအသိပေးဆွေးနွေးမှုတွေပြုမလဲ၊ ဆက်ဆံရေးစနစ်တွေ၊ ဆက်သွယ်ရေးနည်းလမ်းတွေ ဘယ်လိုတည်ဆောက်မလဲ၊ ကြိုးစားအားထုတ်လိုစိတ်တွေ အမြဲဖြစ်ပေါ်နေအောင် ဘယ်လိုမက်လုံးတွေပေးမလဲ၊ တော်တဲ့သူတွေကိုဘယ်လိုဆုပေးမလဲ၊ ရှော်တဲ့သူတွေကို ဘယ်လိုဒဏ်ပေးမလဲ၊ လုပ်ခလစာနဲ့ ခံစားခွင့်စနစ်တွေကို ဘယ်လိုတည်ဆောက်ထားမလဲ၊ သက်သာချောင်ချိရေးအစီအစဉ်တွေဘယ်လိုဖန်တီးပေးမလဲ၊ မကျေနပ်ချက်တွေ၊ အခက်အခဲပြဿနာတွေပေါ်ပေါက်လာရင် ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ စတဲ့စည်းကမ်းနည်းလမ်းတွေသတ်မှတ်ပြီး တစ်ဦးချင်းစီရဲ့ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးမှသည် အဖွဲ့အစည်းတစ်ခုလုံးရဲ့ စွမ်းဆောင်ရည်ကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်ဖို့ ထိန်းကျောင်းမောင်းနှင်တဲ့စနစ် တစ်ရပ်လို့ ဆိုနိုင်ပါတယ်။

ဒီစနစ်မှန်မှန်ကန်ကန်လည်ပတ်နေပြီဆိုရင် များပြားရှုပ်ထွေးလှတဲ့ ဗျူရိုကရေစီယန္တရားဝင် တစ်ဦးချင်းစီကို တစ်ဦးချင်းတစ်ယောက်ချင်း လိုက်ကြည့်နေဖို့မလိုတော့ပါဘူး။ ဒီစနစ်မှန်ကန်နေပြီဆိုရင် အစိုးရကိုအထောက်အကူပြုနေတဲ့၊ အစိုးရရဲ့ခြေတံလက်တံတွေနဲ့တူတဲ့ ဝန်ထမ်းအဖွဲ့အစည်းရဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေကလည်း နိုင်ငံတော်အစိုးရအလိုကျ၊ ပြည်သူလူထုအလိုကျပုံစံမျိုးအတိုင်း အမြဲရှိနေနိုင်ပါပြီ။

ချမှတ်လိုက်တဲ့ ပြည်သူ့ရေးရာမူဝါဒတွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့အတွက် ဗျူရိုကရေစီယန္တရားထဲမှာ ကျင့်သုံးနေတဲ့ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုစနစ်ကြီးကို အာရုံစိုက်ဖို့လိုတာကတော့ ဟုတ်ပြီ၊ ဒီစနစ်ကိုယ်နှိုက်ကလည်း ရှုပ်ထွေးနက်နဲနေတာဆိုတော့ စနစ်မှန်အောင် အာရုံစိုက်ရတာက လွယ်ပါ့မလားလို့မေးလာရင် သိပ်မခက်လှပါဘူးလို့ပဲဖြေရမှာပါ။

ငါးပုံတစ်ပုံလောက်ကိုပဲ အာရုံစိုက်လိုက်ရင် လုံလောက်ပါပြီ

Vilfredo Pareto ရဲ့ Pareto Principle တစ်နည်းအားဖြင့် 80/20 Rule အရဆိုရင် အရာအားလုံးကို လိုက်ပြီးအာရုံစိုက်နေဖို့မလိုပါဘူး။ အဓိကကျတဲ့ ၂၀ ရာခိုင်နှုန်း၊ တစ်နည်းအားဖြင့် ငါးပုံတစ်ပုံလောက်ကိုပဲ အာရုံစိုက်လိုက်ရင် လုံလောက်ပါပြီ။​ ကျန်တဲ့လေးပုံက အလိုလိုပါလာမှာပါ။ တကယ်တော့ ဗျူရိုကရေစီယန္တရားမှာ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုနဲ့ပတ်သက်လို့ လက်တွေ့ကျကျ စီမံခန့်ခွဲနေတဲ့သူက Pareto ပြောတဲ့ ငါးပုံတစ်ပုံတောင်မရှိပါဘူး။ လက်ချိုးရေလို့ရနိုင်ပါတယ်။ ပြောရရင်တော့ Human Resources Management ကို တာဝန်ယူတဲ့ HR သမားတွေကိုဆိုလိုတာပေါ့။ HR သမားတွေက HR ဆိုင်ရာ သဘောတရားတွေကို ဘယ်လိုနားလည်လက်ခံထားကြသလဲ၊ ဘယ်လောက်အထိ ထဲထဲဝင်ဝင် လေ့လာထားကြသလဲ၊ နားလည်ထားတဲ့ သဘောတရားတွေကိုရော ဘယ်အတိုင်းအတာအထိ လက်တွေ့ကျင့်သုံးနေကြသလဲ၊ သူတို့ကိုယ်နှိုက်မှာရော လုပ်ပိုင်ခွင့်တွေ ဘယ်အတိုင်း အတာအထိရှိနေကြသလဲစသည်အားဖြင့် လူအနည်းစုလေးပဲရှိတဲ့ HR ပိုင်းကို အာရုံစိုက်နိုင်ပြီဆိုရင် သူတို့နားလည်ထားရမယ့် သဘောတရားရေးရာတွေကို ကျေညက်အောင်၊ HR ဆိုင်ရာ အတတ်ပညာ၊ အသိပညာတွေနဲ့ပြည့်စုံအောင်၊ လက်တွေ့ကျကျ ကျင့်သုံးနိုင်အောင် ဆောင်ရွက်ပေးမယ်ဆိုရင် ဗျူရိုကရေစီယန္တရားကြီးတစ်ခုလုံးက အရှိန်အဟုန်ကောင်းကောင်းနဲ့ ထိထိရောက်ရောက် လည်ပတ်လာနိုင်စေမှာပါ။

မြင်းပြိုင်ပွဲတစ်ပွဲဝင်တယ်။ ကိုယ့်မြင်းတွေကပွဲဝင်မလှဘဲဖြစ်နေတယ်၊ ဆုဖလားနဲ့ အကြိမ်ကြိမ်လွဲနေတယ်ဆိုရင် မြင်းကိုလဲရမှာလား၊ ဂျော်ကီကိုလဲရမှာလားဆိုတာ ပိုင်ရှင်အနေနဲ့ မှန်မှန်ကန်ကန် သုံးသပ်နိုင်ဖို့လိုပါတယ်။ မျက်နှာပန်းလှလှ ရလဒ်မျိုးရနိုင်ဖို့အတွက်က မြင်းတွေအပေါ်မူတည်သလို ဂျော်ကီအပေါ်လည်း အတော်လေးမူတည်နေတတ်ပါတယ်။

လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုစနစ်နဲ့ပတ်သက်ရင် ပြောစရာတွေကတော့ အများကြီးရှိနေမှာပါ။ နက်နဲကျယ်ပြန့်လို့ဆိုပြီး သူ့ကို ချန်ထားခဲ့ဖို့လည်း ဖြစ်နိုင်မှာမဟုတ်ပါဘူး။ သူ့ကိုအာရုံစိုက်ထားနိုင်ပြီဆိုရင် အရာအာလုံးကိုအာရုံစိုက်ထားနိုင်တာနဲ့ အလားသဏ္ဌာန်တူပါတယ်။ ပြည်သူ့ဝန်ဆောင်မှုအရည်အသွေး တိုးတက်မြင့်မားလာစေဖို့ဆိုရင် HR ပိုင်းကို မဖြစ်မနေအာရုံစိုက်ဖို့လိုမှာဖြစ်ပါတယ်။ ဒါက နည်းနည်းနဲ့ကျဲကျဲ ဝိုင်းတဲ့သဘောဖြစ်ပြီး တကယ်လက်တွေ့ထိရောက်တဲ့ နည်းဗျူဟာတစ်ရပ်လည်း ဖြစ်ပါတယ်။

Apple၊ Microsoft၊ Amazon၊ McDonald’s၊ Walmart စတဲ့ Multi National Corporation ကြီး​တွေကို တည်ထောင်ထားတဲ့သူတွေက ဝန်ထမ်းတစ်ယောက်ချင်းစီကို မျက်စိဒေါက်ထောက် ကြည့်နေနိုင်လို့ လုပ်ငန်းအောင်မြင်နေကြတာမဟုတ်ပါဘူး။ သူတို့အဖွဲ့အစည်းတွေကို လည်ပတ်မောင်းနှင်နေတဲ့ စနစ်တွေမှန်ကန်အောင်ထိန်းထားနိုင်လို့သာ အောင်မြင်နေကြတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် လူ့စွမ်းအား အရင်းအမြစ်စီမံခန့်ခွဲမှုစနစ်မှန်ကန်ခိုင်မာနေလို့သာ နိုင်ငံစုံဖြန့်ကြက်ပြီး အောင်မြင်နေကြတာဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။ ။

No comments:

Post a Comment