Sunday, September 27, 2026

ခရီးသွားကဏ္ဍဆန်းသစ်ဖို့ ဒီဂျစ်တယ်နှင့် ဉာဏ်ရည်တုနည်းပညာသုံးကြစို့

 


ရွှေလေးခင်

လူတို့သည် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေတစ်နေရာမှ တစ်နေရာသို့ ခရီးလှည့်လည်သွားလာကြရာတွင် ခေတ်အဆက်ဆက်ခရီးသွားလာမှုပုံစံများ ပြောင်းလဲလာပြီး ခရီးသွားလုပ်ငန်းသည်လည်း ကြီးမားကျယ်ပြန့် လာသည်။ ခရီးသွားလုပ်ငန်းသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးစီးပွားရေးလုပ်ငန်းများအနက် တစ်ခုအပါအဝင်ဖြစ်သကဲ့သို့ လူတို့၏ လူမှုစီးပွားဘဝများ တိုးတက်ရေးကိုလည်း များစွာအထောက်အကူပြုလျက်ရှိနေသည်။ ခရီးသွားလုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်မှုလမ်းဆုံ၌ တည်ရှိနေသည့် အလွန်အရေးပါသော ကဏ္ဍတစ်ခုဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ၏ ဦးဆောင်စီးပွားရေးကဏ္ဍတစ်ခုအဖြစ် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ဂေဟစနစ်တို့အပေါ် နက်ရှိုင်းသော သက်ရောက်မှုများစွာ ရှိနေပါသည်။

နိုင်ငံတစ်နိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအပြင် ရေရှည်စဉ်ဆက်မပြတ် ဆက်လက်ထိန်းသိမ်းထားနိုင်စေရေးအတွက် ယင်းနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးနှင့် လူမှုဖူလုံရေးတို့အကြား ဟန်ချက်ညီသော ဗျူဟာမြောက်လုပ်ဆောင်ချက်များ ဖြစ်စေရန်မှာလည်း အဓိကကျလှပေသည်။ သို့ရာတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအစီအမံများမရှိဘဲ ရေတိုစီးပွားရေးအမြတ်အစွန်းများကိုသာ ဦးတည်ပါက ခရီးသွားဧည့်သည်များကို ဆွဲဆောင်နေသော အဓိကအရင်းအမြစ်များ ပျက်စီးသွားစေနိုင်သည်အထိ အန္တရာယ်ရှိသဖြင့် သမားရိုးကျခရီးသွားလုပ်ငန်းမှ ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် ခရီးသွားလုပ်ငန်းသို့ စဉ်ဆက်မပြတ် ကူးပြောင်းဖော်ဆောင်ရန် မဖြစ်မနေလိုအပ်လျက်ရှိပါသည်။

ကမ္ဘာကြီးသည် အပြန်အလှန်ချိတ်ဆက်မှုရှိလာသည်နှင့်အမျှ ခရီးသွားလုပ်ငန်းအတွက် စီးပွားရေးဖွံ့ဖြိုးမှု၊ ယဉ်ကျေးမှုဖလှယ်မှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကဏ္ဍတို့တွင် အစိမ်းရောင် ရင်းနှီးမြှုပ်နှံမှုများနှင့်အတူ ရေရှည်အစီအမံများချမှတ်ပြီး အကောင်အထည်ဖော် မြှင့်တင်ဆောင်ရွက်နိုင်ရန် အရေးကြီးလာသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်များစွာက ခရီးသွားလုပ်ငန်းတိုးတက်မှုကို အရေအတွက်အပေါ်သာ အဓိကထားခဲ့သဖြင့် ဂေဟစနစ်ယိုယွင်းမှု၊ ယဉ်ကျေးမှုဆိုင်ရာရောယှက်မှု (Homogenization)နှင့် လူမှုရေးမညီမျှမှုများ ဖြစ်ပေါ်ခဲ့ရာ ယခုအခါ ဂေဟစနစ်ကာကွယ်ထိန်းသိမ်းမှုနှင့် ရှုမြင်ချက်အသစ်များကို ပေါင်းစည်း၍ စနစ်တကျ ကူးပြောင်းကြရမည်ဖြစ်ပါသည်။

ရေရှည်တည်တံ့သည့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရေးအတွက် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO) (ယခု UN Tourism) ကို ၁၉၇၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံ ၁၆၀ တို့ဖြင့် စက်တင်ဘာလ ၂၇ ရက်နေ့ကို ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အဖြစ် သတ်မှတ်ကာ ၁၉၈၀ ပြည့်နှစ်မှစ၍ အခမ်းအနားများ စတင်ကျင်းပလာခဲ့သည်။ နှစ်အလိုက် ဆောင်ပုဒ်များသတ်မှတ်ခဲ့ရာ ၂၀၂၆ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ဆောင်ပုဒ်အဖြစ် “ခရီးသွားကဏ္ဍဆန်းသစ်ဖို့ ဒီဂျစ်တယ်နှင့် ဉာဏ်ရည်တုနည်းပညာသုံးကြစို့” ဟု ချမှတ်ထားသကဲ့သို့ ယင်းရည်မှန်းချက်များကို ထိရောက်စွာ ဖော်ဆောင်နိုင်ရန် အဆင့်မြင့်နည်းပညာများ ပေါင်းစပ်အသုံးပြုရေးကိုလည်း ကမ္ဘာ့နိုင်ငံအသီးသီးက အလေးထားဆောင်ရွက်လာကြပါသည်။

ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့အမြန်ဆုံးဝင်ငွေရရှိစေသော မီးခိုးမထွက်သည့် စီးပွားရေးလုပ်ငန်းတစ်ရပ်ဖြစ်သည်။ ထို့ကြောင့်ပင် စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများတွင် အရေးပါသည့်လုပ်ငန်းအဖြစ် အလေးထားဆောင်ရွက်သကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများကလည်း ပြည်တွင်းပြည်ပခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိကြသည်။ သို့သော်လည်း အလွန်အမင်းခရီးသွားလာမှု (Over-tourism)၊ ဂေဟစနစ်ထိခိုက်မှု၊ ယဉ်ကျေးမှုများကို ကုန်ပစ္စည်းအဖြစ် အသွင်ပြောင်းမှုနှင့် ဆင်းရဲနွမ်းပါးသောနိုင်ငံများ၌ အခြေခံအဆောက်အအုံနှင့် ဆန်းသစ်တီထွင်မှုအတွက် ရန်ပုံငွေအကန့်အသတ်ရှိမှု စသည့်စိန်ခေါ်မှုများစွာကိုလည်း ရင်ဆိုင်နေကြရသည်။

ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့နိုင်ငံများအကြား ချစ်ကြည်ငြိမ်းချမ်းရေးနှင့် အပြန်အလှန် နားလည်မှုကို မြှင့်တင်ပေးသည့် အစွမ်းထက်သော ကိရိယာတစ်ခုဖြစ်သကဲ့သို့ ယနေ့ခေတ် Digital Conne- ctivity စနစ်များဖြင့် ယဉ်ကျေးမှုများကို အလွယ်တကူ ဆက်သွယ်ပေးမည့် ပေါင်းကူးတံတား (Virtual Bridge) တစ်ရပ်လည်းဖြစ်ပါသည်။ ယနေ့ခေတ်တွင် ရာသီဥတုပြောင်းလဲမှုကို အရေးတကြီးကိုင်တွယ်ရန်နှင့် နောင်မျိုးဆက်သစ်များအတွက် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းရန် လိုအပ်လာသဖြင့် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်-၂၀၃၀ (SDGs-2030) ပါ ပန်းတိုင် (၈.၉) တွင် အလုပ်အကိုင်များ ဖန်တီးပေးပြီး ဒေသခံယဉ်ကျေးမှုနှင့် ထုတ်ကုန်များကို ဒီဂျစ်တယ်စနစ်ဖြင့် မြှင့်တင်ပေးမည့် Smart Tourism Policies များကိုချမှတ်ရန် ထည့်သွင်းဖော်ပြထားပါသည်။

ခရီးသွားလုပ်ငန်းသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို Digital Economy မှတစ်ဆင့် တိုက်ရိုက်အထောက်အကူပြုခြင်း၊ နိုင်ငံခြားဝင်ငွေကို Online Transactions များဖြင့် လွယ်ကူ လျင်မြန်စွာရှာဖွေပေးနိုင်ခြင်း၊ နည်းပညာအခြေပြုအလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းနှင့် လူထုလူတန်းစားအသီးသီးထံသို့ ဝင်ငွေများ တိုက်ရိုက်နှင့် သွယ်ဝိုက်သောနည်းလမ်းများဖြင့် စီးဝင်စေခြင်းစသည့် အကျိုးကျေးဇူးများစွာကို ရရှိစေပါသည်။ ယင်းသို့ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်၊ လူမှုရေးနှင့်စီးပွားရေး ရေရှည်တည်တံ့ရေး အခြေခံမူများနှင့်အညီ Digital Governance, Smart Strategic Planning နှင့် Tech-enabled Monitoring & Analytics စနစ်များကို အသုံးပြု၍ ပြည်သူဗဟိုပြုစီမံကိန်းများကို အကောင်အထည်ဖော်မှသာလျှင် အမြင့်မားဆုံးထိရောက်မှုကို ရရှိနိုင်မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး မှီတင်းနေထိုင်လျက်ရှိပြီး တိုင်းရင်းသားလူမျိုးစုတိုင်းတွင် မတူညီသော ယဉ်ကျေးမှုဓလေ့စရိုက်များ၊ သက်ဝင်ယုံကြည်မှုများ၊ ရိုးရာပွဲတော်များနှင့် ဒေသထွက်ပစ္စည်းများ၊ အစားအသောက်များ စသည့် အလွန်စိတ်ဝင်စားဖွယ်ရာများကို ပိုင်ဆိုင်ထားကြသည်။ အစိုးရနှင့် ပါဝင်ပတ်သက်သူများသည် ခရီးသွားလုပ်ငန်း၏ တိုးတက်လာသော လိုအပ်ချက်များနှင့်အညီ အရည်အသွေးမြင့် Digital Literacy & Tech Training ပညာရေးအစီအစဉ်များနှင့် လက်တွေ့ကျွမ်းကျင်မှု သင်တန်းများကို လက်လှမ်းမီစေရန် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး အမျိုးသမီးနှင့် လူငယ်များ ဦးဆောင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) နှင့် ဒီဂျစ်တယ်စွန့်ဦးတီထွင်မှုများကို နည်းပညာနှင့် ငွေကြေးပံ့ပိုးမှုများဖြင့် အားဖြည့်ပေးရမည်ဖြစ်ပါသည်။

တောင်ပေါ်၊ မြေပြန့်၊ ကမ်းရိုးတန်း၊ မြစ်ဝှမ်း၊ ပင်လယ်ကမ်းခြေများ စသည့် မတူကွဲပြား ထူးခြားလှပသည့် သဘာဝရှုခင်းများ၊ သမိုင်းဝင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များနှင့် အရှေ့တောင်အာရှတွင် မြန်မာတစ်နိုင်ငံတည်းတွင်သာရှိသည့် ရေခဲဖုံးလွှမ်းသော တောင်တန်းများသည် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်သည့် တန်ဖိုးမဖြတ် နိုင်သောအရာများပင်ဖြစ်ပါသည်။ မျက်မှောက် ခေတ်တွင် ဒီဂျစ်တယ်နည်းပညာ၊ Travel Tech နှင့် Artificial Intelligence (AI) နည်းပညာများသည် အလားအလာကြီးမားသော အခွင့်အလမ်းများကို ဖန်တီးပေးလျက်ရှိရာ AI-powered Solutions များသည် ခရီးသွားများအတွက် ရွေးချယ်မှု ပိုမိုလွယ်ကူစေပြီး စီးပွားရေးလုပ်ငန်းများအတွက် Data-driven Profits နှင့် ထိရောက်သော ယှဉ်ပြိုင်မှုအသာစီးကို ရရှိစေပါသည်။

ဉာဏ်ရည်တု (AI) နည်းပညာ၏ တိုးတက်လာမှုသည် ခရီးသွားများအတွက် ခရီးစဉ်မစမီ စီစဉ်ခြင်းမှစ၍ ခရီးစဉ်ပြီးဆုံးသည်အထိ အချိန်နှင့်တစ်ပြေးညီ ဝန်ဆောင်မှုပေးနိုင်သော သဘောသဘာဝရှိပါသည်။ AI-driven Data Analytics များမှတစ်ဆင့် ခရီးသွားဧည့်သည်များ၏ စိတ်ဝင်စားမှု၊ သွားရောက်လိုသည့် ခရီးစဉ်ရာသီဥတုနှင့် သဘောကျနှစ်သက်သည့် ယဉ်ကျေးမှုဆိုင်ရာ အတွေ့အကြုံများကို လေ့လာဆန်းစစ်ကာ တစ်ဦးချင်းစီအတွက် သီးသန့်ကိုက်ညီမည့် ခရီးစဉ်အစီအစဉ်များ (Personalized Itineraries) အား စက္ကန့်ပိုင်းအတွင်း ဖန်တီးပေးနိုင်သည်။ ထို့ပြင် AI Chatbots နှင့် Virtual Assistants များသည် ခရီးသွားဧည့်သည်များ ကြုံတွေ့ရသည့် ဘာသာစကားအခက်အခဲများနှင့် သတင်းအချက်အလက် လိုအပ်ချက်များကို ၂၄ နာရီပတ်လုံးအချိန်မဆိုင်းဘဲ Instant Response ဖြင့် တုံ့ပြန်ဆောင်ရွက်ပေးနိုင်သဖြင့် ဝန်ဆောင်မှုအရည်အသွေးကို များစွာမြှင့်တင်ပေးနိုင်ပါသည်။

ခရီးသွားလုပ်ငန်းသည် လူသားအချင်းချင်းချစ်ကြည်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ယဉ်ကျေးမှုဖလှယ်ခြင်း၊ ပညာရေးနှင့် ကျွမ်းကျင်ဖွံ့ဖြိုးမှုရှိခြင်း၊ နည်းပညာဆန်းသစ်စေခြင်းတို့ရရှိစေပြီး ဒေသခံတို့၏ လူမှုစီးပွားဘဝကို Digital Empowerment ဖြင့် မြင့်မားလာစေမည်ဖြစ်သည်။ ထို့ပြင် နိုင်ငံတကာခရီးသွားလာရေး ရေရှည်တည်တံ့မှုဆိုင်ရာ Global Standards များ ပြည့်မီအောင် ဆောင်ရွက်ခြင်း၊ ဒေသခံအသိုက်အဝန်းများအပေါ် ရေရှည်အကျိုးကျေးဇူးရရှိစေခြင်း၊ အမျိုးသမီး၊ လူငယ်နှင့် ပါဝင်ခွင့်နည်းပါးသော ဒေသခံများအတွက် Tech & Skills Investment များ ရင်းနှီးမြှုပ်နှံပေးခြင်းနှင့် ဧည့်သည်နှင့် အိမ်ရှင်အကြားလေးစားမှုရှိသော မိတ်ဖက်ဆက်ဆံရေးများကို ဖန်တီးပေးရန် လိုအပ်ပါသည်။

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ အဆိုအရ ခရီးသွားလုပ်ငန်း၏ အလုပ်အကိုင်ဖန်တီးပေးနိုင်မှုသည် ကမ္ဘာ့အလုပ်အကိုင်များ၏ ၁၁ ပုံ ၁ ပုံ ရှိကြောင်း သိရှိရပြီး ဒေသတွင်းစီးပွားရေးဆိုင်ရာ မညီမျှမှုများကို Digital Economy မှတစ်ဆင့် လျော့ကျစေနိုင်သည်။ တစ်ချိန်တည်းမှာပင် သမားရိုးကျခရီးသွားလုပ်ငန်းကြောင့် ဖြစ်ပေါ်ခဲ့သော ဂေဟစနစ်ထိခိုက်မှုများကို ပြန်လည်ထူထောင်ရေးဆိုင်ရာ ခရီးသွားလုပ်ငန်း (Regenerative Tou- rism) ဖြင့် ပြန်လည်တည်ဆောက်ရမည်ဖြစ်ရာ ခရီးသွားများကိုယ်တိုင် Eco-tracking Apps များမှ တစ်ဆင့် သစ်ပင်စိုက်ပျိုးခြင်း၊ သန္တာကျောက်တန်း ပြန်လည်ထူထောင်ခြင်းနှင့် ဒီဂျစ်တယ်စနစ်ဖြင့် ယဉ်ကျေးမှုပြန်လည်အသက်သွင်းခြင်း စသည့်လုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်လာအောင် နည်းပညာဖြင့် တွန်းအားပေးစည်းရုံးရမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင်လည်း မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ အင်းလေးအပါအဝင် ဒေသအနှံ့အပြားရှိ ဘုရားပုထိုးများ၊ သာသနိကအဆောက်အအုံများနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက်ပျက်စီးခဲ့ရသဖြင့် နိုင်ငံတော်က ပြန်လည်ထူထောင်ရေးနှင့် အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေးအတွက် Smart Technology များဖြင့် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ စီးပွားရေးကြံ့ကြံ့ခံနိုင်မှုအတွက် ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဒေသခံထုတ်လုပ်သူများထံမှ Digital Marketplaces များမှတစ်ဆင့်ရယူခြင်း၊ MSMEs များကို နည်းပညာဖြင့်ပံ့ပိုးခြင်း၊ ဒေသခံများ၏ စစ်မှန်သော လက်မှုပစ္စည်းများ (One Village One Product - OVOP)နှင့် ရိုးရာအစားအစာ အတွေ့အကြုံများကို အခြေခံသည့် Smart Tourism Products များကို ဖန်တီးခြင်းဖြင့် ဆန်းသစ်တီထွင်မှု စီးပွားရေး (Creative Economy) ကို တွန်းအားပေးဆောင်ရွက်ရမည်ဖြစ်ပါသည်။

ထို့ပြင် Augmented Reality (AR) နှင့် Virtual Reality (VR) ကဲ့သို့သော ဒီဂျစ်တယ်နည်းပညာများသည် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များနှင့် သဘာဝခရီးစဉ်ဒေသများကို မူလတန်ဖိုးထိခိုက်မှုမရှိဘဲ ခရီးသွားများထံ ပိုမိုဆွဲဆောင်ပြသနိုင်သည့် အစွမ်းထက်သော ပေါင်းကူးတံတားပင်ဖြစ်သည်။ သဘာဝဘေးအန္တရာယ် သို့မဟုတ် ကာလရှည်ကြာမှုကြောင့် ပျက်စီးယိုယွင်းခဲ့ရသော ရှေးဟောင်းဘုရားပုထိုးများနှင့် အနုလက်ရာများကို 3D Mapping နှင့် VR စနစ်များအသုံးပြု၍ ပုံရိပ် ယောင်ပြသပေးခြင်းဖြင့် ခရီးသွားများသည် သမိုင်းဝင်နယ်မြေများ၏ မူလခမ်းနားထည်ဝါမှုကို တိုက်ရိုက်ထိတွေ့ ခံစားခွင့်ရရှိကြမည်ဖြစ်ပါသည်။ ယင်းစနစ်သည် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းရာရောက်သည့်အပြင် ခေတ်မီဆန်းသစ်သော Immersive Tourism Experience အတွေ့အကြုံသစ်များကိုလည်း ဖန်တီးပေးနိုင်ပါသည်။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် တည်ငြိမ်အေးချမ်းသော အခြေအနေတစ်ရပ်မဖြစ်မနေလိုအပ်ပြီး ခရီးသွားလုပ်ငန်းနှင့် ငြိမ်းချမ်းရေးသည် ကြီးမားသော ဆက်နွှယ်မှုရှိနေသဖြင့် မိမိတို့နိုင်ငံ၏ ခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းအောင် ဝိုင်းဝန်းဖော်ဆောင်ကြရန် တာဝန်ရှိသည်။ အခြားတစ်ဖက်တွင်လည်း ရာသီဥတုပြောင်းလဲမှု၊ ကပ်ရောဂါများနှင့် စီးပွားရေးအကျပ်အတည်းများကဲ့သို့ မမျှော်လင့်ဘဲ ကြုံတွေ့ရနိုင်သည့် အနာဂတ်အန္တရာယ်များအတွက် နည်းပညာသုံးအန္တရာယ်တုံ့ပြန်ရေး စီမံခန့်ခွဲမှုဆိုင်ရာစီမံချက်များ (Tech-driven Risk Management Plans) ကိုလည်း ဒီဂျစ်တယ်စနစ်ဖြင့် ကြိုတင်ရေးဆွဲထားကြရန် အလွန်ပင်လိုအပ်မည်ဖြစ်ပါသည်။

ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် ဝန်ဆောင်မှုအားလုံးတွင် ဧည့်သည်များ၏ စိတ်ကျေနပ်မှု (Customer Satisfaction) သည် အဓိကကျသဖြင့် ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် အငှားယာဉ်ဝန်ဆောင်မှုများတွင် Digital Booking Platforms များနှင့် ပေါင်းစပ်ထားသော နွေးထွေးပျူငှာသည့် ဆက်ဆံရေးနှင့် အရည်အသွေးပြည့်မီသော ဝန်ဆောင်မှုများဖြင့် ခရီးသွားဧည့်သည်များ၏ အိပ်မက်များကို ဖြည့်ဆည်းပေးရမည်ဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ASEAN Tourism Strategic Plan (2016-2025) နှင့် Greater Mek- ong Sub-region Tourism Strategy ကဲ့သို့ ဒေသတွင်း မဟာဗျူဟာများကိုအခြေခံ၍ ပြည်တွင်း၌ “ရေရှည်တည်တံ့ခိုင်မြဲပြီး အများပါဝင်မှုရှိသော တာဝန်သိခရီးသွားလုပ်ငန်းဖော်ဆောင်ရေး ” ပါဝင်သော မူဝါဒ (၆) ရပ်နှင့်အညီ စမတ်ကျသည့် စီမံကိန်းများချမှတ်ကာ လူထုအခြေပြုခရီးသွားလုပ်ငန်း (CBT - Community-Based Tourism) များကို ဒီဂျစ်တယ်နည်းပညာ အထောက်အကူပြုစနစ်များဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိပါသည်။

ခရီးသွားလုပ်ငန်းသည် တည်းခိုနေထိုင်ရေး၊ ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ လမ်းတံတား၊ စည်ပင်သာယာရေး၊ မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍစုံဖွံ့ဖြိုးအောင် Smart Integration & Ecosystem ဖြင့် အချိတ်အဆက်မိမိ ဖန်တီးပေးနိုင်သည့် လုပ်ငန်းဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းပင်မစီမံကိန်း (၂၀၁၃-၂၀၂၀)၊ မြန်မာနိုင်ငံခရီးသွားကဏ္ဍ ပြန်လည်ထူထောင်ရေး မဟာဗျူဟာလမ်းပြမြေပုံ (၂၀၂၁-၂၀၂၅) တို့ကို ရေးဆွဲအကောင်အထည်ဖော်ခဲ့သလို ယခုအခါ ခေတ်မီနည်းပညာနှင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုကို အဓိကထားသည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းပင်မစီမံကိန်း (၂၀၂၆-၂၀၃၀)ကို ချမှတ် အကောင်အထည်ဖော်နိုင်ရေးအတွက်လည်း သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။

ခရီးသွားဧည့်သည်များ စိတ်အေးချမ်းသာစွာ သွားလာလည်ပတ်နိုင်ရေးအတွက် လိုအပ်သည့် သတင်းအချက်အလက်များကို Smart Tourism Portals နှင့် မိုဘိုင်းအက်ပလီကေးရှင်းများမှ တစ်ဆင့် ပြည့်စုံလွယ်ကူလျင်မြန်စွာ ရရှိနိုင်အောင် စီစဉ်ပေးပြီး Digital Visa ကဲ့သို့သော ပြည်ဝင်ခွင့်၊ ပြည်ထွက်ခွင့်နှင့် ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များကို ဆက်စပ်ဝန်ကြီးဌာနများက Digital Government စနစ်များဖြင့် ဝိုင်းဝန်းပံ့ပိုးပေးရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး၊ ဒေသခံများ၏ ဝင်ငွေတိုးတက်ရေးအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး မဏ္ဍိုင်များနှင့် ချိတ်ဆက်ကာ ကမ္ဘာ့ဖွံ့ဖြိုးမှုလားရာများပေါ်မူတည်၍ မျက်ခြည်မပြတ် အဆင့်မြှင့်တင်ရန် လိုအပ်သည်။ ထို့အတူ ခရီးသွားများ၏ တာဝန်ယူမှုကို မြှင့်တင်ပေးနိုင်ရေးအတွက် အသိပညာပေးမှုများကိုလည်း Digital Media နှင့် အွန်လိုင်းပလက်ဖောင်းများမှတစ်ဆင့် တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ပါသည်။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့ဈေးကွက်နှင့် ရင်ပေါင်တန်းနိုင်ရန်မှာ Digital Marketing နှင့် E-Commerce Platforms များကို အပြည့်အဝအသုံးချနိုင်ရန် လိုအပ်ပါသည်။ နိုင်ငံတကာမှ ခရီးသွားဧည့်သည်များသည် မိမိတို့သွားရောက်လိုသည့် ဒေသများ၏ သတင်းအချက်အလက်များ၊ တည်းခိုခန်းများနှင့် ခရီးစဉ်များကို အွန်လိုင်းမှတစ်ဆင့် လွယ်ကူလျင်မြန်စွာ ရှာဖွေလိုကြသည်။ ထို့ကြောင့် ပြည်တွင်းရှိ ခရီးသွားလုပ်ငန်းရှင်များနှင့် MSMEs များအနေဖြင့် Online Payment Gateway များနှင့် ချိတ်ဆက်ထားသော Smart Booking Systems များကို တည်ဆောက်အသုံးပြုခြင်းဖြင့် နိုင်ငံတကာဧည့်သည်များကို ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်ပြီး နိုင်ငံခြားဝင်ငွေနှင့် စီးပွားရေးအခွင့်အလမ်းများကိုပါ သိသာထင်ရှားစွာ မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။

မျက်မှောက်ခေတ် ကမ္ဘာ့ခရီးသွားလုပ်ငန်း၏ လားရာသည်ဒေတာအခြေပြုခရီးသွားလုပ်ငန်း (Data-driven Tourism) ဆီသို့ ဦးတည်နေပြီဖြစ်ပါသည်။ ဉာဏ်ရည်တု (AI)နှင့် Big Data Analytics များကို အသုံးပြုခြင်းအားဖြင့် ခရီးသွားဧည့်သည်များ၏ နှစ်သက်ရာ စိတ်ဝင်စားမှုများကို တိကျစွာ လေ့လာဆန်းစစ်နိုင်ပြီး ဧည့်သည်တစ်ဦးချင်းစီအတွက် ကိုက်ညီမည့် Personalized Itineraries များကို ဖန်တီးပေးနိုင်ပါသည်။ ထို့အပြင် AI Chat- bots များနှင့် Smart Customer Support စနစ်များကိုပါ တပ်ဆင်အသုံးပြုခြင်းဖြင့် ဧည့်သည်များ၏ လိုအပ်ချက်များကို နေ့ရောညပါ အချိန်နှင့်တစ်ပြေးညီဖြေရှင်းပေးနိုင်ကာ မြန်မာ့ခရီးသွားကဏ္ဍ၏ ဝန်ဆောင်မှုစံချိန်စံညွှန်းများကို ကမ္ဘာ့အဆင့်မီအဖြစ်သို့ လျင်မြန်စွာ မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။

ခရီးသွားလုပ်ငန်းတိုးတက်ရေးသည် တစ်ဦးတစ်ယောက်ချင်း သို့မဟုတ် တစ်ဖွဲ့တည်း၏ ဆောင်ရွက်မှုဖြင့် မလုံလောက်ဘဲအစိုးရဌာနဆိုင်ရာများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ပြည်သူများနှင့် မီဒီယာကဏ္ဍတို့ အချင်းချင်းလက်တွဲညီညာစွာဖြင့် Digital Media နှင့် Data-driven Information Channels များမှတစ်ဆင့် တိကျမှန်ကန်သော သတင်းအချက်အလက်များကို ဖြန့်ဝေကာ မြန်မာနိုင်ငံ၏ ပုံရိပ်ကောင်းများကို ကမ္ဘာ့ရှေ့မှောက်သို့ မြှင့်တင်တင်ဆက်ကြရမည်ဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုရလျှင် နိုင်ငံတော်၏ အဓိကစီးပွားရေးမောင်းနှင်အားဖြစ်သော ခရီးသွားလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲစေရန် မိမိတို့၏ မူလသဘာဝနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို စောင့်ရှောက်ထိန်းသိမ်းကာ မြန်မာတို့၏ မိတ်ဝတ်မပျက်ပျူငှာသော ဧည့်ဝတ်ကျေပွန်မှုကို ဒီဂျစ်တယ်နှင့် ဉာဏ်ရည်တုနည်းပညာတို့ဖြင့် ထိရောက်အကျိုးရှိစွာ ပေါင်းစပ်လျက် ခေတ်မီဆန်းသစ်သော မြန်မာ့ခရီးသွားကဏ္ဍသစ်ကို အတူတကွဖော်ဆောင်ကြပါရန် လေးနက်စွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။      ။

No comments:

Post a Comment