Tuesday, September 1, 2026

ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ် ခြောက်မြို့နယ်ရှိ ရပ်ကွက် ၁၉ ခုနှင့် ကျေးရွာအချို့ ရေဝင်ရောက်မှုဖြစ်ပွား ကူညီကယ်ဆယ်ရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ

 


နေပြည်တော် ဩဂုတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရပ်ကွက်၊ ကျေးရွာများအတွင်း ရေဖြတ်သန်းစီးဆင်းဝင်ရောက်မှု စတင်ဖြစ်ပွားခဲ့သည်။ အဆိုပါရေဝင်ရောက်မှုကြောင့် ယနေ့အထိ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်များရှိ ရပ်ကွက် ၁၄ ခုနှင့် ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ထိုသို့ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သော်လည်း ရေကြည်မြို့နယ်၌ ဩဂုတ် ၂၄ ရက်တွင် ၁၁ ပေ ၂ လက်မခန့်အထိ အမြင့်ဆုံးဝင်ရောက်ခဲ့ပြီး ယနေ့တွင် ၈ ပေ ၅ လက်မခန့်သာ ကျန်ရှိတော့သဖြင့် ၂ ပေ ၉ လက်မခန့် ဆက်လက်ကျဆင်းသွားခဲ့ကြောင်း၊ ငါးသိုင်းချောင်းမြို့တွင် ငဝန်မြစ်ရေသည် ဩဂုတ် ၂၃ ရက်တွင် ၁၀ ပေ ၉ လက်မခန့်အထိ အမြင့်ဆုံးဝင်ရောက်ခဲ့ပြီး ယနေ့တွင် ၈ ပေ ၁၁ လက်မခန့်သာကျန်ရှိသဖြင့် ၁ ပေ ၁၀ လက်မခန့်အထိ ကျဆင်းသွားခဲ့ကြောင်းနှင့် ကျုံပျော်မြို့တွင် ငဝန်မြစ်ရေသည် ဩဂုတ် ၃၀ ရက်တွင် ၈ ပေ ၁ လက်မခန့်အထိ အမြင့်ဆုံးဝင်ရောက်ခဲ့ပြီး ယနေ့တွင် ၇ ပေ ၁၁ လက်မခန့်သာကျန်ရှိသဖြင့် ၂ လက်မခန့် ကျဆင်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါဒေသများရှိ ရေဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုနှင့်အတူ ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိပြီး အရေးပေါ်ကူညီကယ်ဆယ်နိုင်ရေးအတွက် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများ ပူးပေါင်း၍ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ပြင် ရေပြန်လည်ကျဆင်းသွားသည့် လေးမျက်နှာမြို့နယ် ရေလဲကျေးရွာ အခြေခံပညာမူလတန်းကျောင်း ကျောင်းဝင်းအတွင်းရှိ စာသင်ခန်းများ၊ အဆောက်အအုံများ၊ စာသင်ခုံများ၊ လူသွားစင်္ကြံများတွင် တင်ကျန်ခဲ့သည့် နုန်းများ၊ အမှိုက်များအား ရှင်းလင်းဆောင်ရွက်ပေးခြင်း၊ ငဝန်ပန်းတာရေဝင်ရောက်မှုကို ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် နည်းပညာများအသုံးပြုရန် Geobags သဲအိတ်ကြီးများချခြင်း၊ မျောတုတ်တန်းများအတွင်း သဲအိတ်များဖြည့်၍ ကာကွယ်ခြင်းနှင့် Steel Sheet Pile ရိုက်သွင်းခြင်းစသည့် ငဝန်ပန်းတာတမံနိမ့်ကျနေရာများ ပြန်လည်ခိုင်မာရေးလုပ်ငန်းများကို စက်ယန္တရားများနှင့် လုပ်အားစုများအသုံးပြု၍ အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါကူညီကယ်ဆယ်ရေးနှင့် ရေဝင်ရောက်မှုတားဆီးကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment