နေပြည်တော် စက်တင်ဘာ ၁၁
ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက်ပရယ် ဘိုရိုနစ် နိုရိုဒွန်သီဟာမိုနီ၏ ဖိတ်ကြားချက်အရကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ်ကိုယ်စား ကမ္ဘောဒီးယားနိုင်ငံခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော် (ဆီးနိတ်) ဥက္ကဋ္ဌ ဆမ်ဒက်ဟွန်ဆင်က ယနေ့ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲ ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ရှိ ညီညွတ်ရေးနန်းတော်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုပြီး တွေ့ဆုံဆွေးနွေးသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ
ခရီးစဉ်တွင်လိုက်ပါလာသော ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်မောင်ဆွေ၊
ဒေါက်တာ ကံဇော်၊ ဦးမောင်မြင့်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ
အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့်
တာဝန်ရှိသူများတက်ရောက်ကြပြီး ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့်
အထက်လွှတ်တော် (ဆီးနိတ်) ဥက္ကဋ္ဌနှင့်အတူ ကမ္ဘောဒီးယားနိုင်ငံအစိုးရအဖွဲ့မှ
ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတ ဦးဆောင်သည့်
မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တည်းခိုရာဟိုတယ်မှ ကမ္ဘောဒီးယားနိုင်ငံအထက်လွှတ်တော်ရှိ
ညီညွတ်ရေးနန်းတော်သို့ ထွက်ခွာရာ လမ်းဘေးဝဲယာတစ်လျှောက်တွင်
ကမ္ဘောဒီးယားနိုင်ငံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူလေးများက
နှစ်နိုင်ငံအလံများ၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ ဓာတ်ပုံများနှင့် ပန်းစည်းများ
ကိုင်ဆောင်ဝှေ့ယမ်း၍လည်းကောင်း၊ ကင်းထောက်လူငယ်မောင်မယ်များက အလေးပြု၍လည်းကောင်း
ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဂုဏ်ပြုတပ်ဖွဲ့ဖြင့်
ကြိုဆိုမည့်နေရာသို့ရောက်ရှိရာ ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့်
အထက်လွှတ်တော် (ဆီးနိတ်) ဥက္ကဋ္ဌ ဆမ်ဒက်ဟွန်ဆင်က
ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ကမ္ဘောဒီးယားနိုင်ငံ
ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော် (ဆီးနိတ်) ဥက္ကဋ္ဌတို့သည်
ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြသည်။ ထိုအချိန်တွင်
ဂုဏ်ပြုစစ်တီးဝိုင်းတပ်ဖွဲ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်းနှင့်
ကမ္ဘောဒီးယားနိုင်ငံတော်သီချင်းတို့ကို တီးမှုတ်ကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည်
ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ကမ္ဘောဒီးယားနိုင်ငံ
ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော် (ဆီးနိတ်) ဥက္ကဋ္ဌတို့သည်
အခမ်းအနားသို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများအား
အပြန်အလှန်မိတ်ဆက်ပေးကြပြီး နိုင်ငံတော်သမ္မတနှင့် ကမ္ဘောဒီးယားနိုင်ငံ
ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော် (ဆီးနိတ်) ဥက္ကဋ္ဌတို့သည်
မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ကမ္ဘောဒီးယားနိုင်ငံ
ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော် (ဆီးနိတ်) ဥက္ကဋ္ဌတို့သည် တွေ့ဆုံဆွေးနွေးကြသည်။
ဦးစွာ ကမ္ဘောဒီးယားနိုင်ငံ
ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော် (ဆီးနိတ်) ဥက္ကဋ္ဌက
ဆွေးနွေးပြောကြားရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား
ကမ္ဘောဒီးယားနိုင်ငံက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုပါကြောင်း၊ မိမိတို့အနေဖြင့်
ယခင်ကတည်းက တွေ့ဆုံမှုများရှိခဲ့ပြီး ယခုကဲ့သို့ အဆွေတော်နှင့် ထပ်မံတွေ့ဆုံရသည့်အတွက်လည်း
များစွာဝမ်းမြောက်ပါကြောင်း၊ မိမိတို့ ဘုရင်မင်းမြတ်အနေဖြင့်
ပြည်ပသို့ခရီးစဉ်ရောက်ရှိနေသဖြင့် မိမိမှ၎င်း၏ကိုယ်စားအဆွေတော်အား ယခုကဲ့သို့
ဂုဏ်ပြုကြိုဆိုခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအောင်မြင်စွာ
ကျင်းပနိုင်ခဲ့ပြီး ရွေးကောက်ခံအစိုးရမှ နိုင်ငံတော်တာဝန်ထမ်းဆောင်နေမှုအပေါ်တွင်လည်း
မိမိတို့အနေဖြင့် များစွာဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊
ရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်တွင်လည်း မိမိတို့ကမ္ဘောဒီးယားနိုင်ငံမှ
ကိုယ်စားလှယ်အဖွဲ့များကိုစေလွှတ်ခဲ့ပြီး လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲတစ်ခုဖြစ်ခဲ့သည်ကို
လေ့လာတွေ့ရှိခဲ့ရပါကြောင်း၊ အဆွေတော်ကို သမ္မတအဖြစ်
ရွေးကောက်တင်မြှောက်ခဲ့မှုအပေါ် မိမိအနေဖြင့်ဂုဏ်ယူပါကြောင်းနှင့်
ဝမ်းမြောက်ကြောင်း သဝဏ်လွှာကိုလည်း ပေးပို့ခဲ့ပါကြောင်း၊ လက်ရှိမြန်မာနိုင်ငံ၏
ဖွံ့ဖြိုးတိုးတက်မှုများကို မိမိတို့အနေဖြင့် မြင်တွေ့နေရပါကြောင်း၊ ယခုအဆွေတော်၏
နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အတွင်း ကုန်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို
ပိုမိုမြှင့်တင်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုတွေ့ဆုံဆွေးနွေးပွဲတွင်
မိမိတို့အနေဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်ရေးအတွက်
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊
နိုင်ငံတော်သမ္မတက ဆွေးနွေးပြောကြားရာတွင် အဆွေတော်နှင့်
ယခုကဲ့သို့ထပ်မံတွေ့ဆုံရသည့်အတွက် အထူးပင်ဝမ်းမြောက်မိပါကြောင်း၊ ပြည်ပသို့
ရောက်ရှိနေသည့် အဆွေတော်တို့၏ ဘုရင်မင်းမြတ်နှင့် မယ်တော်မိဖုရားကြီးကိုလည်း
နှုတ်ခွန်းဆက်သပါကြောင်းနှင့် ခရီးစဉ်ဖိတ်ကြားမှုအတွက်လည်း ကျေးဇူးတင်ရှိသည်ကို
အဆွေတော်မှတစ်ဆင့် စကားပါးလိုပါကြောင်း၊ မိမိအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံသို့
ဒုတိယအကြိမ်လာရောက်သည့် ခရီးစဉ်ဖြစ်သည့်အပြင် မိမိနိုင်ငံတော်သမ္မတအဖြစ်
တာဝန်ယူပြီးနောက်ပိုင်း နိုင်ငံတော်အဆင့်တရားဝင် ချစ်ကြည်ရေးခရီးစဉ်အဖြစ်
လာရောက်သည့် ပထမဆုံးသောခရီးစဉ်ဖြစ်ပါကြောင်း၊ မိမိတို့ရောက်ရှိချိန်တွင်
ဖနွမ်းပင်မြို့၏ အံ့ဩဖွယ်ရာဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘောဒီးယားနိုင်ငံ၏သာယာမှုကို
သတိပြုမိပါကြောင်း၊ အဆွေတော်၏ မဆုတ်မနစ်သောဇွဲ၊ လုံ့လနှင့် နိုင်ငံကို
ယခုကဲ့သို့ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်မှုများအတွက်လည်း ချီးကျူးပါကြောင်းနှင့်
အဆွေတော်အတွက် ဂုဏ်ယူသည်ကို ပြောကြားလိုပါကြောင်း၊ မိမိနိုင်ငံတော်သမ္မတအဖြစ်
ခန့်အပ်ခြင်းခံရမှုအပေါ် အဆွေတော်အနေဖြင့် ဝမ်းမြောက်ကြောင်း
သဝဏ်လွှာပေးပို့ခဲ့သည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ အဆွေတော်၏
မြန်မာနိုင်ငံအပေါ် ညီရင်းအစ်ကိုပမာစိတ်ဖြင့် အစဉ်တစိုက်အားပေးထောက်ခံမှုများနှင့်
မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများအပေါ် အထူးအလေးထားစိတ်ဝင်စားမှုများအတွက်လည်း
ကျေးဇူးတင်ရှိသည်ကိုပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်အတွင်း
သဘာဝဘေးအန္တရာယ်ကျရောက်စဉ် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အဆွေတော်၏
လမ်းညွှန်မှုဖြင့် ကမ္ဘောဒီးယားနိုင်ငံက အရေးပေါ်ရန်ပုံငွေပေးပို့ကူညီခဲ့သည်ကို
အထူးပင်ကျေးဇူးတင်အမှတ်ရနေပါကြောင်း၊ အဆွေတော်အနေဖြင့်
ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံအနေဖြင့်
အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံအပေါ်
အပြုသဘောဆောင်ပြီး မိတ်ဆွေကောင်းပီသစွာ ဖေးမကူညီခဲ့သည့်အတွက် အမြဲကျေးဇူးတင်အမှတ်ရလျက်ရှိပါကြောင်း၊
ကမ္ဘောဒီးယားနိုင်ငံ၏ ဥပဒေပြုရေးတွင် အရေးပါသည့် မဏ္ဍိုင်တစ်ခုဖြစ်သည့်
ကမ္ဘောဒီးယားနိုင်ငံ၊ အထက်လွှတ်တော်ဥက္ကဋ္ဌနှင့် ဘုရင့်အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌဖြစ်သူ
အဆွေတော်နှင့် တွေ့ဆုံပြီး မိမိတို့နှစ်နိုင်ငံ ဥပဒေပြုရေးမဏ္ဍိုင်များဖြစ်သည့်
လွှတ်တော်များအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်နားလည်ယုံကြည်မှုနှင့်
ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ တိုးမြှင့်သွားနိုင်ရေး
ရင်းနှီးပွင့်လင်းစွာဆွေးနွေးနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ယင်းနောက် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး
ရှည်လျားကောင်းမွန်လျက်ရှိမှုအခြေအနေ၊ နှစ်နိုင်ငံနယ်နိမိတ်များ ထိစပ်နေသည့်
နိုင်ငံများမဟုတ်ကြသော်လည်း ဘာသာရေး၊ ဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှုအရ
တူညီသည့်ဆက်နွယ်မှုများရှိပြီး နှစ်နိုင်ငံဆက်ဆံမှုများ ကောင်းမွန်လျက်ရှိမှုအခြေအနေ၊
မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံသည် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင်
အပြန်အလှန်ရပ်တည်ထောက်ခံလျက်ရှိမှုအခြေအနေ၊ အစိုးရအဖွဲ့အစည်းများအကြားသာမက
တပ်မတော်နှစ်ရပ်အကြားနှင့် ပြည်သူများအကြားတွင်လည်း ဆက်ဆံရေးများ တိုးတက်ကောင်းမွန်လျက်ရှိမှုအခြေအနေ၊
နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန်အတွက်
နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မရှင် (Joint Commission for Bilateral
Cooperation- JCBC) ကဲ့သို့ ယန္တရားများကို ပြန်လည်စတင်ဆောင်ရွက်သွားနိုင်သည့်
အခြေအနေ၊ မြန်မာနိုင်ငံတွင် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ကို
အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အနာဂတ်အတွက် အလားအလာကောင်းများရှိသည့်အတွက်
ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်မည်ဆိုပါက ကြီးမားသည့် အောင်မြင်မှုများရရှိလာနိုင်မှုအခြေအနေ၊
နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေး
အပြန်အလှန်ခရီးစဉ်များ ဆောင်ရွက်သွားနိုင်သည့်အခြေအနေ၊ မြန်မာနိုင်ငံနှင့်
ကမ္ဘောဒီးယားနိုင်ငံတို့သည် မဲခေါင်-လန်ချန်း၊ CLMV နှင့် ACMECS
တို့ကဲ့သို့သော ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုယန္တရားများတွင်
အပြည့်အဝပူးပေါင်းဆောင်ရွက်လျက်ရှိမှုနှင့် ယခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ACMECS
အစည်းအဝေးများကို ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပြီး
ယခုကာလအတွင်း “လူမှုစီးပွားဖွံ့ဖြိုးရေးကို တိုးမြှင့်ဖော်ဆောင်ကာ ခေတ်မီ၍ စဉ်ဆက်မပြတ်
ဖွံ့ဖြိုးတိုးတက်သော ACMECS ဒေသတည်ဆောက်စို့” ဆိုတဲ့
ဆောင်ပုဒ်နှင့်အညီ ဒေသတွင်းရှိပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်
စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိမှုအခြေအနေ၊
မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေ၊
နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ စိုက်ပျိုးရေးနှင့်
မွေးမြူရေးကဏ္ဍအပါအဝင် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ
မြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေ၊ မြန်မာနိုင်ငံအနေဖြင့်
အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ ပပျောက်စေရေး
ထိထိရောက်ရောက် ရှင်းလင်းဆောင်ရွက်လျက်ရှိမှုအခြေအနေ၊ မြန်မာနိုင်ငံအနေဖြင့်
တရားမျှတပြီး သိက္ခာရှိတဲ့ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး
ပြည်သူ့ဆန္ဒကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်မည့် ပြည်သူ့ကိုယ်စားလှယ်များပါဝင်သည့်
လွှတ်တော်များနှင့် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားသော
အစိုးရအနေဖြင့် နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်ရေး
ဆောင်ရွက်လျက်ရှိမှုနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင်လည်း
ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေ၊ နိုင်ငံတော်အစိုးရသစ်အနေဖြင့် လွတ်လပ်၍
တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးပြီး
အိမ်နီးချင်းနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့်
ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေကာ ဒေသတွင်းအကျိုးစီးပွားများကို
ဟန်ချက်ညီညီ ဆက်လက်ဖော်ဆောင်လျက်ရှိသည့် အခြေအနေများနှင့် နှစ်နိုင်ငံအကြား
ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့်
အခြေအနေနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတဦးဆောင်သည့်
မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ
ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော် (ဆီးနိတ်) ဥက္ကဋ္ဌက
တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လယ်စာစားပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ ကမ္ဘောဒီးယားနိုင်ငံ
ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော် (ဆီးနိတ်) ဥက္ကဋ္ဌက
ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊
နိုင်ငံတော်သမ္မတက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်
အခမ်းအနားတက်ရောက်လာကြသူများသည် ဂုဏ်ပြုနေ့လယ်စာကို အတူတကွသုံးဆောင်ကြသည်။
ဂုဏ်ပြုနေ့လယ်စာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း
ကမ္ဘောဒီးယားနိုင်ငံယဉ်ကျေးမှုအဖွဲ့က နှစ်နိုင်ငံရိုးရာတေးသီချင်းများ၊
အကအလှများဖြင့် သီဆိုတီးမှုတ်ကပြဖျော်ဖြေတင်ဆက်ကြသည်။
ဂုဏ်ပြုနေ့လယ်စာသုံးဆောင်အပြီးတွင် နိုင်ငံတော်သမ္မတအား
ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော် (ဆီးနိတ်) ဥက္ကဋ္ဌက
ရင်းရင်းနှီးနှီး ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။






No comments:
Post a Comment