နေပြည်တော် စက်တင်ဘာ ၁၁
အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၈၅) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၇ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရှိ ရတနာခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ
ဦးတင်မောင်ဝင်းက နိုင်ငံတော်က “တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေး” နှင့် “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေး”
ဆိုသည့် ဦးစားပေးရည်မှန်းချက်နှစ်ရပ်ကို လက်ကိုင်ထားပြီး ကဏ္ဍစုံတွင်
အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ အဓိကကျသည့် ပညာရေးကဏ္ဍကို မြှင့်တင်လုပ်ဆောင်ကြရမည်ဖြစ်သလို
မိမိတို့၏ အမျိုးသားရေးစရိုက်လက္ခဏာများ၊ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များနှင့်
အမျိုးသားရေးစိတ်ဓာတ်တို့ကို ထိန်းသိမ်းစောင့်ရှောက်သွားကြရန်၊ ကျောင်းသားလူငယ်၊ တပည့်များကို
ဗလငါးတန်နှင့် ပြည့်စုံရန်နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိပြီး ဥပဒေစည်းမျဉ်း၊ စည်းကမ်းများကို
လေးစားလိုက်နာတတ်သည့် နိုင်ငံ့သားကောင်းများဖြစ်အောင် သွန်သင်ဆုံးမလမ်းပြပေးကြရန်နှင့်
ပါတီနိုင်ငံရေးကင်းရှင်းစွာ နိုင်ငံတော်အတွက် အားထားရသည့် အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင်
အားထုတ်ကြိုးပမ်းကြရန် တိုက်တွန်းမှာကြားပြီး သင်တန်းတွင် ထူးချွန်သူများကို
ဆုများပေးအပ်သည်။
အဆိုပါသင်တန်းသို့ ပညာရေးဝန်ကြီးဌာနမှ သင်တန်းသား ၉၃ ဦး၊
သင်တန်းသူ ၃၈၈ ဦး၊ စုစုပေါင်း ၄၈၁ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တငါးပတ်ကြာမြင့်ခဲ့သည်။
ယမန်နေ့ကလည်း ခတ္တာဆောင်တွင် အခြေခံပညာ ဆရာ ဆရာမများ
အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၈၅) သင်တန်းသူများနှင့်အတူ နေ့လယ်စာသုံးဆောင်ပြီး သင်တန်းအိပ်ဆောင်များကို
ကြည့်ရှုစစ်ဆေးသည်။
ထို့ပြင် တက္ကသိုလ်ရှိ ပင်မရုံးအစည်းအဝေးခန်းမ၌
တက္ကသိုလ်ပညာရပ်အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။
ဆက်လက်၍ ရတနာခန်းမ၌ အရာထမ်းအခြေခံသင်တန်း အမှတ်စဉ် (၇၅)၊
အရာထမ်းလောင်း (အထူး) သင်တန်းအမှတ်စဉ် (၁၇)၊ အရာထမ်းငယ်သင်တန်း အမှတ်စဉ် (၁၀၇) တို့မှ
သင်တန်းသား သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြားပြီး တက္ကသိုလ်ရှိ
ရာသီသီးနှံစိုက်ခင်းများကို ကြည့်ရှုအားပေးသည်။
ညနေပိုင်းတွင် ယောမင်းကြီးဆောင်စားရိပ်သာ၌ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး
သင်တန်းအမှတ်စဉ် (၁၈) နှင့် အလယ်အလတ်အဆင့် အရာထမ်းသင်တန်းအမှတ်စဉ် (၁၅) တို့မှ
သင်တန်းသူ သင်တန်းသားများနှင့်အတူ ညနေစာသုံးဆောင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment