တိုက်မောင်း
စစ်တွေမြို့သည် ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သည်။ ပြည်နယ်မြို့တော်ပီပီ မြို့ပြ၏ ကြန်အင်လက္ခဏာများနှင့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို မျက်ဝါးထင်ထင် မြင်တွေ့နေရသည်။ အထပ်မြင့်အဆောက်အအုံများ၊ နိုင်လွန်ကတ္တရာလမ်းများ၊ ကွန်ကရစ်လမ်းမများနှင့် မြို့တွင်းဥဒဟို ငြိမ့်ငြိမ့်ညောင်းညောင်း သွားလာနိုင်မှုမှာ မြို့ပြ၏အရသာကို ထိထိမိမိခံစားရစေသည်။
လွန်ခဲ့သော ဆယ်နှစ်ကျော် ၂၀၁၆ ခုနှစ်က စစ်တွေမြို့ကို ကျွန်တော်ပထမဆုံးအကြိမ်ရောက်ခဲ့ ဖူးသည်။ ထိုစဉ်က လမ်းမကြီးများ၊ လမ်းသွယ်များမှာ ယခုအချိန်လောက်ထိ မကောင်းသေး။ ကျင်း၊ ချိုင့်များနှင့်သာ။ ဆယ်စုနှစ်အတွင်း စစ်တွေမြို့မှာ အလျင်အမြန် တိုးတက်လာခဲ့ပုံရသည်။ ထိုစဉ်က ကမ်းနားလမ်းတစ်လျှောက် လမ်းလျှောက်ခြင်း၊ View Point ဘက်သွား လှိုင်းပုတ်သံလေးများ နားထောင်ရင်း ပင်လယ်လေအေးအေးကို ရှူရှိုက်ခဲ့ရသည့် ခံစားမှုများကို ပြန်လည်သတိရမိသည်။
ယခုအခါ View Point အထိသွား၍ အဆင်မပြေသေးသော်လည်း ကမ်းနားလမ်းတစ်လျှောက် ညနေခင်းလမ်းလျှောက်၊ စက်ဘီးစီးရသည့်အရသာမှာ အရင်အတိုင်းဖြစ်သည်။ ဒေသခံရခိုင်တိုင်းရင်းသားများ အထူးပြုခေါ်ဝေါ်ကြသော Super Sunday ခေါ် တနင်္ဂနွေနေ့တွင် ရခိုင်ရိုးရာအသုပ်ဆိုင်များ၌ ဝိုင်းဖွဲ့စကားပြောကြ၊ ကိုယ်ပိုင်ယူလာကြသော Sound Box အသေးလေးများဖွင့်၍ သံတူလိုက်ဆိုကြခြင်း၊ အချို့လူငယ်အုပ်စုလေးများ အဖွဲ့လိုက်ဂစ်တာတီး၍ သီချင်းဆိုနေကြသည့် ပုံရိပ်များမှာ ကြည်နူးဖွယ်ကောင်းလေစွ။ တစ်ပတ်စာပင်ပန်းခဲ့သမျှ အတိုးချ၍ အပန်းဖြေနေကြသည်။
ယခုဆိုလျှင် ရခိုင်ပြည်နယ်အစိုးရ၏ ဦးဆောင်မှုဖြင့် ကမ်းနားလမ်းရှိ မြေကွက်နေရာ ၀ ဒသမ ၄၁ ဧကကို ပြည်သူများ အပန်းဖြေနားနေနိုင်ရန်အတွက် ပန်းခြံနှင့် စားသောက်ဆိုင်အချို့တွဲလျက် နေရာတစ်ခုကို တည်ဆောက်ပေးနေရာ ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သည်။
ကျွန်တော်စစ်တွေမြို့သို့ ပြောင်းရွှေ့လာကာစ ၂၀၂၆ ခုနှစ် နှစ်ဦးကာလတွင် လမ်းဘေး၌ ရေသန့်ဘူးဖြင့် တင်ရောင်းသည့် 92 Ron မှာ တစ်လီတာလျှင် ၂၈၀၀၀ ကျပ်ခန့်ရှိသည်။ ပြည်မဈေးထက် အဆမတန်ဈေးကြီးခဲ့သော်လည်း ယခုအခါတွင် ရခိုင်ပြည်နယ်အစိုးရသစ်၏ ကြိုးပမ်းအားထုတ်မှုကြောင့် စစ်တွေမြို့ မေယုလမ်းမကြီးပေါ်ရှိ Kyaw San (ကျော်ဇံ) ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်ကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့တွင် တရားဝင် ပြန်လည်ဖွင့်လှစ်ရောင်းချနိုင်ခဲ့ပြီဖြစ်သည်။
အစိုးရဝန်ထမ်းများကို တစ်ပတ်လျှင် 92 Ron နှစ်လီတာနှုန်း၊ ပြည်သူများ၏ လိုင်စင်ရှိ မော်တော်ဆိုင်ကယ်ကို တစ်ပတ်လျှင် 92 Ron နှစ်လီတာနှုန်း၊ လိုင်စင်ရှိအိမ်စီးကားနှင့် သုံးဘီးဆိုင်ကယ်များကို တစ်ပတ်လျှင် 92 Ron ခြောက်လီတာနှုန်း၊ ပရီမီယံဒီဇယ်သုံး အိမ်စီးကားများကို တစ်ပတ်လျှင် နှစ်ဂါလန်နှုန်းနှင့် လိုင်စင်ရှိကားကြီးများကို တစ်ပတ်လျှင် ပရီမီယံဒီဇယ် ငါးဂါလန်နှုန်းဖြင့် နေ့စဉ်နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။
စစ်တွေမြို့ပြည်သူများ၏ စက်သုံးဆီ ဈေးကြီးကြီးပေး၍ အသုံးပြုနေရသော ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုကို ဖြေလျှော့ပေးလိုက်နိုင်မှုအတွက် ရခိုင်ပြည်နယ် အစိုးရသစ်၏ ကြိုးပမ်းအားထုတ်မှုကို ကွက်ကွက်ကွင်းကွင်း မြင်သာစေသည်။ ထို့ပြင် စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်များကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရန်အတွက် 500 KVA နှင့် 300 KVA ဒီဇယ်မီးစက်များကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့က ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ရောက်ရှိလာပြီဖြစ်သည်။
ယခင် မြို့တွင်းလမ်းများ၊ အစိုးရဌာနဆိုင်ရာ အဆောက်အအုံများနှင့် အရေးကြီးနေရာများကို ဆိုလာစနစ်ဖြင့် မီးပေးခဲ့ရာမှ ပြည်သူလူထုထံသို့ လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ရာ စစ်တွေ မြို့နေပြည်သူများ၏ အဓိကအခက်အခဲဖြစ်နေသော လောင်စာ (ထင်း) ရှားပါးမှုပြဿနာကို အတော်အသင့် ဖြေရှင်းပေးနိုင်တော့မည်ဖြစ်သည်။ အဆိုပါကိစ္စ ဖြေရှင်းနိုင်မှုမှာ နတ်လူသာဓုခေါ်ဆိုရမည့် ကိစ္စပင်ဖြစ်သည်။
ထို့ပြင် လမ်းပန်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးခက်ခဲနေသောကြောင့် လူသုံးကုန်ပစ္စည်းများ၊ အထူးသဖြင့် စားသောက်ကုန်များ လိုအပ်သည်ထက် ဈေးကြီးနေသော စစ်တွေမြို့နေ ပြည်သူများ၏ နိစ္စဓူဝဒုက္ခများကို တစ်ပိုင်တစ်နိုင်ဖြေရှင်းသည့်အနေဖြင့် ရန်ကုန်မြို့မှ ကြက်ဥ၊ ကြက်သွန်နီ၊ အာလူးများကို သင်္ဘောများဖြင့် သယ်ယူပြီး ဝန်ထမ်းများနှင့် ပြည်သူလူထုသို့ မြို့ရှိပေါက်ဈေးထက်လျှော့ပေါ့၍ ရောင်းချနေမှုများကိုလည်း ဝမ်းသာစရာမြင်တွေ့နေရပါပြီ။
မြို့ပြနေ ပြည်သူလူထုအတွက် ရေရှည်ကုန်ဈေးနှုန်းကို ထိန်းညှိနိုင်ရန်အလို့ငှာ နို့စားနွား မွေးမြူရေးလုပ်ငန်း၊ ဥစားကြက်မွေးမြူရေးလုပ်ငန်းကိုလည်း စတင်အကောင်အထည်ဖော်ဆောင်နေကြောင်း သတင်းများလည်း ကြားသိနေရပါပြီ။ အစိုးရ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုသုံးဦးသုံးဖလှယ် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မည်ဆိုပါက စစ်တွေမြို့ရှိ အခက်အခဲဖြစ်နေသော လောင်စာကိစ္စရပ်များ၊ လျှပ်စစ်မီးရရှိရေး၊ အခြေခံကုန်ဈေးနှုန်းများ ပုံမှန်အတိုင်းဖြစ်လာစေရေးတို့မှာ မကြာမီ မဝေးတော့သည့်ကာလအတွင်း အောင်မြင်စွာ ဖြေရှင်းနိုင်တော့မည်ဟု ယုံကြည်ပါသည်။
ယခင်ကစစ်တွေမြို့တွင် မြန်မာ့စီးပွားရေးဘဏ်အပြင် ပုဂ္ဂလိကဘဏ်များဖြင့် ရခိုင်ပြည်နယ်၏ မြို့တော်ပီပီ စည်ကားခဲ့ပြီးဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်သူလူထုအတွက် ငွေကြေးစုဆောင်းခြင်း၊ လွှဲပေးခြင်းနှင့် အခြားဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို အပြည့်အဝခံစားခဲ့ကြဖူးပြီး နယ်မြေအခြေအနေအရ ပုဂ္ဂလိကဘဏ်များ၏တံခါးများ ယနေ့အချိန်အထိ ပိတ်ထားမြဲမြင်တွေ့နေရသည်မှာ စိတ်မကောင်းစရာပင်။
၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့က မြန်မာ့အလင်းသတင်းစာ၌ စစ်တွေမြို့ရှိ မြဝတီဘဏ်ခွဲကို ပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ကြည့်ရှုခဲ့ပြီး ဘဏ်လုပ်ငန်းများ အမြန်စတင်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည့် သတင်းကိုဖတ်လိုက်ရသည့်အခါ ကျန်ပုဂ္ဂလိကဘဏ်များပါ တဖြည်းဖြည်း ပြန်လည်ဖွင့်လှစ်နိုင်ပါက မြို့နေလူထုအတွက် ဘယ်လောက်ကောင်းလိုက်မလဲလို့ စာရေးသူစိတ်ထဲ ဝမ်းသာပီတိဖြစ်ခဲ့ရသည်။ မည်သို့ပင်ဆိုစေ မြဝတီဘဏ်သာ ပြန်လည်ဖွင့်လှစ်နိုင်မည်ဆိုပါက ပုဂ္ဂလိကဘဏ်များ၏ ပထမခြေလှမ်းအစ အောင်မြင်မှုမှတ်တိုင်ပင် ဖြစ်ပေလိမ့်မည်။
ဘဏ်လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်မှုအတွက် လျှပ်စစ်မီးနှင့် အင်တာနက် ဝန်ဆောင်မှုရရှိရေးမှာ ကျွဲကူးရေပါ မဖြစ်မနေလိုအပ်ချက်အဖြစ် ဒွန်တွဲပါလာမည်ဖြစ်သည်။ ယခုအခါ နယ်မြေလုံခြုံရေးအခြေအနေအရ စစ်တွေမြို့ပေါ်ရှိ ပြည်သူများအတွက် အင်တာနက်ရယူသုံးစွဲနိုင်မှုအခွင့်အရေးမှာ အလှမ်းဝေးကွာနေဆဲဖြစ်သည်။ နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးကို ဖိတ်ခေါ်ဆွေးနွေးဆောင်ရွက်လျက်ရှိသောသတင်းများ မြင်တွေ့ကြားသိရသည်မှာ ငြိမ်းချမ်းမှု၏ အလင်းရောင်များပင် မဟုတ်ပါလား။
ကမ်းလင့်လက်များက ကမ်းလှမ်းနေသကဲ့သို့ တွဲမည့်လက်များက မြန်မြန်ဆန်ဆန် တွဲဆက်ချိတ်မိ လိုက်စေချင်ပါသည်။ သို့မှသာ ပြည်သူလူထု၏ နိစ္စဓူဝကြုံတွေ့နေရသော အခြေခံစားဝတ်နေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုး /မွေးမြူရေးလုပ်ငန်းများ၊ မိမိတို့ရပ်ရွာဒေသများသို့ ပြန်လည်အခြေချ နေထိုင်နိုင်ရေးကိစ္စများ ယခင်လို နေသားကျပြန်လည်ရရှိလာမည်မှာ မုချဧကန် အမှန်တရားပင် မဟုတ်ပါလား။
စာရေးသူမှာ နေ့စဉ်လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းကို မိုးရွာချိန်မှလွဲ၍ နံနက်၊ ညနေ ပုံမှန်လုပ်ဖြစ်ပါသည်။ စစ်တွေမြို့၏ အထင်ကရလမ်းများဖြစ်သော လမ်းမကြီးလမ်း၊ မင်းဘာကြီးလမ်း၊ ကမ်းနားလမ်းနှင့် မေယုလမ်း စသည့်လမ်းများဘေးဝဲယာရှိ အိမ်များကို စက်ဘီးပေါ်မှ အမြဲလိုလိုကြည့်ဖြစ်ပါသည်။ ရောက်စက အချို့အိမ်ကြီးရခိုင်များ၊ အထပ်မြင့် တိုက်တာများမှာ တံခါးသော့ပိတ်ထားသည်ကများ၏။ လမ်းမများပေါ်တွင်လည်း ကျောင်းချိန်၊ ရုံးချိန်မှအပ သွားလာလှုပ်ရှားမှုနည်းပါးသည်ကိုသာတွေ့ရ၏။ သို့သော် ယခုနှစ်သင်္ကြန်ကာလပြီးနောက်ပိုင်း စစ်တွေမြို့မှာ အိမ်ရှင်များ တစ်စတစ်စ ပြန်လည်ရောက်ရှိနေထိုင်လာသည်ကို တွေ့ရသည်။ လမ်းဘေးဝဲယာအိမ်၊ ဆိုင်ခန်းများမှာ ယခင်က ပိတ်ထားသော်လည်း ယခုအခါ ပုံမှန်ပြန်လည် ဖွင့်လှစ်ရောင်းချနေကြပြီ။ ဝင်္ကပါဈေး၊ မန်ကျည်းမြိုင်ဈေးနှင့် မြို့မဈေးကြီးတို့မှာလည်း ကျွန်တော်ရောက်ခါစထက် ပိုမိုစည်ကားလာသည်ကို မြင်တွေ့နေရပြီ။
လူဆိုသည်မှာ မြို့ကြီးပြကြီးတွင် အလုပ်သဘော မဖြစ်မနေပညာရေးကိစ္စများ၊ အရေးပေါ်ဆေးကုသရန်ကိစ္စများမှလွဲ၍ မိမိတို့ထာဝရနေခဲ့ရသော ဇာတိချက်ကြွေမွေးရပ်မြေကို တမ်းတစမြဲပင်။ မိမိတို့ မြို့ရွာဒေသများ အေးချမ်းတည်ငြိမ်လုံခြုံမှုရှိလာပါက ခေတ္တရောက်ရှိနေသော နေရာများမှ ပြန်လာချင်ကြပေလိမ့်မည်။ သံချေးတက်နေသော အိမ်တံခါးသော့များကို အမြန်ပြန်လည်ဖွင့်လိုကြမည်။ အိမ်မှာကျန်ခဲ့သော မိအိုဖအိုများကို မြင်တွေ့လိုကြမည်။ မိမိတို့ကိုးကွယ်ကြသော ဘုန်းကြီးကျောင်းများကို အလှူအတန်းများ ပေးလိုကြမည်။
သေချာပါသည်။ မည်သူမဆို မြို့ပြမှာဖြစ်စေ၊ ကျေးလက်ကဖြစ်စေ မိမိတို့အိမ်ကလေးကိုတော့ လွမ်းဆွတ်တမ်းတနေကြမည်မှာ မြေကြီးလက်ခတ်မလွဲပင်။ အဝေးရောက်နေသော စစ်တွေမြို့သူ မြို့သားများကို ယခင်လိုစည်ကား၊ ဖွံ့ဖြိုးမှုအရှိန်ပြန်ယူရန် အားတင်းနေသော စစ်တွေမြို့ကြီးက မျှော်နေပါပြီလို့…….။
Super Sunday မှာ ကမ်းနားလမ်းက စောင့်နေမယ်။ ။
No comments:
Post a Comment