Wednesday, September 9, 2026

တောင်ကြီးမြို့နယ် ထီအုံကျေးရွာ၌ ကျေးရွာအဝင်လမ်း နှစ်ဖာလုံကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်

 

နေပြည်တော် စက်တင်ဘာ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် ထီအုံကျေးရွာ၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာအဝင်လမ်း နှစ်ဖာလုံကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ရှမ်းပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျေးရွာသူ ကျေးရွာသားများနှင့်တွေ့ဆုံကာ ဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ကံကြီးရပ်ကွက်သို့သွားရောက်ပြီး ဩဂုတ် ၅ ရက်မှ စက်တင်ဘာ ၂၅ ရက်အထိ ဖွင့်လှစ်လျက်ရှိသည့် အခြေခံနှင့်မွမ်းမံစက်ချုပ်သင်တန်း တက်ရောက်နေကြသော သင်တန်းသူ ၁၅ ဦးကို တွေ့ဆုံအားပေးစကားပြောကြားကာ သင်တန်းသူများချုပ်ထားသော အဝတ်အထည်များကိုကြည့်ရှုရာ တောင်ကြီးမြို့ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းသို့သွားရောက်၍ ကျောင်းသား ကျောင်းသူများ၊ ဦးစီးဌာနလေးခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကာ စားရိပ်သာ၊ စာသင်ဆောင်၊ ကွန်ပျူတာခန်းနှင့် အိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့ပြင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ တောင်ကြီးမြို့ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း၌ လက်ရက်ကန်း ခြောက်လသင်တန်း၊ ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်း၊ စက်ရက်ကန်းသင်တန်း၊ အခြေခံစက်ချုပ်သင်တန်း တက်ရောက်နေကြသော သင်တန်းသူများအား တွေ့ဆုံအားပေးစကားပြောကြားကာ ရက်ကန်းထည်အရောင်းပြခန်း၊ သင်တန်းခန်းမနှင့် စားရိပ်သာတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် ကလောမြို့နယ်၊ ဘော်နင်းရွာသစ် စံပြကျေးရွာသို့သွားရောက်၍ စော်ဘွားခန်းမတွင် ကျေးရွာကော်မတီဝင်များ၊ ကျေးရွာသူ ကျေးရွာသားများနှင့်တွေ့ဆုံ၍ ခေတ်မီစံပြကျေးရွာ (Smart Village) စီမံကိန်းလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော ကျေးရွာသူ ကျေးရွာသားများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment