Tuesday, September 29, 2026

အကြိမ်(၂၀)မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ

 

နေပြည်တော် စက်တင်ဘာ ၂၈

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် ၁၅ မိနစ်လျှင် လူတစ်ဦးနှုန်း ခွေးရူးရောဂါဖြစ်ပွား၍ အသက်ဆုံးရှုံးလျက်ရှိပြီး တစ်နှစ်လျှင် လူဦးရေ ၅၅၀၀၀ မှ ၇၀၀၀၀ ခန့် ခွေးရူးရောဂါဖြင့် သေဆုံးလျက်ရှိကြောင်း၊ ၂၀၃၀ ပြည့်နှစ်၌ ခွေးရူးရောဂါကို ကမ္ဘာမြေပေါ်မှ အပြီးတိုင်ဖယ်ရှားရေး ရည်မှန်းချက်ရရှိရန်အစိုးရများက ဦးဆောင်၍ အင်တိုက်အားတိုက် ဆောင်ရွက် လျက်ရှိကြောင်း ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပုဗ္ဗသီရိမြို့နယ် အမှတ်(၃) အခြေခံပညာအထက် တန်းကျောင်း၌ ကျင်းပသည့် အကြိမ်(၂၀)မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ “World Rabies Day” အခမ်းအနားမှ သိရသည်။

အဆိုပါ အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်းက အမှာစကား ပြောကြားပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြကာ တက်ရောက်လာကြသည့် ဌာန တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကု ဆရာဝန်များအသင်း၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာကောင်စီတို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထား သောဧည့်သည်တော်များ၊ အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများသည် ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုများကို ကြည့်ရှုအားပေးကြသည်။

ခွေးရူးရောဂါ ကာကွယ်ဆေးကို ပထမဆုံးရှာဖွေဖော်ထုတ်ခဲ့သော သိပ္ပံပညာရှင် လူးဝစ်ပါချာ (Louis Pasteur) ကွယ်လွန်သည့်နေ့ကို ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ် တိုက်ဖျက်ရေးနေ့အဖြစ် ကမ္ဘာ့နိုင်ငံအသီးသီးက သတ်မှတ်၍ ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများကို အခမ်းအနားများကျင်းပ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ခွေးရူးရောဂါကြောင့် ပြည်သူများဆုံးရှုံးပျက်စီးမှု လျော့ပါးစေရန်နှင့် ရောဂါကာကွယ်မှု လုပ်ငန်းများတွင် ပြည်သူလူထုတစ်ရပ်လုံး တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီး၌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနကကြီးမှူး၍ ခွေးရူးရောဂါကာကွယ်ရေးဆိုင်ရာ ပညာပေးဟောပြောပွဲများ၊ ခွေးရူး ရောဂါကာကွယ်ဆေးအခမဲ့ထိုးနှံ ခြင်းလုပ်ငန်းများကို တစ်ပြိုင်နက် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

သတင်းစဉ်

No comments:

Post a Comment