မအိမ့်ခြယ်ပိုင်
ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများနှင့် အောင်ချက် အကောင်းဆုံးကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နေပြည်တော် စည်ပင်သာယာရေးကော်မတီ မင်္ဂလာခန်းမ၌ ကျင်းပသည်။
ထိုသို့ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ၏ ဝမ်းသာပီတိစကားသံများကို စုစည်းဖော်ပြအပ်သည် -
မအိမ့်ခြယ်ပိုင် (ဘာသာစုံဂုဏ်ထူးရှင်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ ဇမ္ဗူသီရိမြို့နယ်)
ကျွန်မအနေနဲ့ ဒီလို အောင်မြင်မှုရရှိဖို့ အများကြီး ကြိုးစားခဲ့ရပါတယ်။ စာပေ ကြိုးစားသင်ယူနေကြတဲ့ မောင်လေး၊ ညီမလေးတွေကို ပြောချင်တာက စာလေ့လာတဲ့အခါ တစ်နေ့စာ တစ်နေ့လုပ်ဖို့နဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့က အဓိကပါ။ ကျွန်မက ဆေးဘက်ဆိုင်ရာမှာ ကျွမ်းကျင်တဲ့ Professional တစ်ယောက် ဖြစ်ချင် ပါတယ်။ ပြည်သူတွေကို အကျိုးပြုဆေး ကုသပေးပြီးတော့ နိုင်ငံတော်ကို အကျိုးပြုတဲ့ အနာဂတ်သမီးကောင်းရတနာ တစ်ယောက်ဖြစ်ချင်ပါတယ်။
အခုလို ထူးချွန်စွာအောင်မြင်ခဲ့တဲ့သူတွေကို ကြီးကျယ်ခမ်းနားစွာ ဂုဏ်ပြုပေးတဲ့အတွက် အနာဂတ်မှာ ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်အောင် ကြိုးစားချင်စိတ်တွေ ဖြစ်ပေါ်စေပါတယ်။ နောင် Grade - 12 ဖြေမယ့် ကျောင်းသား ကျောင်းသူတွေအတွက်လည်း အားဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။
မအိသူဖြိုး (ငါးဘာသာဂုဏ်ထူးရှင်၊ အမှတ်(၂၀)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၊ ပုဗ္ဗသီရိမြို့နယ်)
ကျွန်မကတော့ စက်မှုအတတ်ပညာနဲ့ ထူးချွန်စွာ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတော်အတွက် ခေတ်မီနည်းပညာပိုင်းတွေ လိုအပ်နေတဲ့အတွက် အဲဒီအပိုင်းတွေမှာ ပါဝင်ကြိုးစားလုပ်ဆောင်သွားမှာပါ။ အနာဂတ်ရည်မှန်းချက်ကတော့ အင်ဂျင်နီယာဘွဲ့ (B.E) ရအောင်ယူပြီး နိုင်ငံတော်ကို အကျိုးပြုသွားဖို့ ဖြစ်ပါတယ်။ မိဘနှစ်ပါးနဲ့အတူ ဒီလိုဂုဏ်ပြုပွဲ အခမ်းအနားကို တက်ရောက်ခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။
မောင်သော်ဇင်ထွန်း (ဘာသာစုံဂုဏ်ထူးရှင်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ ဇမ္ဗူသီရိမြို့နယ်)
Grade-12 စာမေးပွဲဆိုတာက စာမေးပွဲ ဖြေခါနီးမှ စာလေ့လာလို့ရတာမျိုးမဟုတ် ဘဲ နှစ်စကတည်းက သေသေချာချာကြိုးစားမှ အောင်မြင်မှုရမယ့် စာမေးပွဲဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ စာသင်နှစ်စကတည်းက စာကို သေချာကြိုးစားသင်ယူခဲ့ပါတယ်။ ဆရာ ဆရာမတွေ ပြောတာကို သေချာနားထောင် မှတ်သားခဲ့ပါတယ်။ အဲဒီလို ကြိုးစားမှုကြောင့် ဒီနေ့လိုအခမ်းအနားမှာ ပါဝင်တက်ရောက်ခွင့်ရခဲ့တယ်။
မနွေသံစဉ်ချို (သုံးဘာသာဂုဏ်ထူးရှင်၊ အမှတ်(၂၀) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၊ ပုဗ္ဗသီရိမြို့နယ်)
အခုလိုထူးချွန်စွာအောင်မြင်ခဲ့တာကတော့ အဓိကကြိုးစားချင်တဲ့စိတ်ကြောင့် ဖြစ်ပါတယ်။ တိရစ္ဆာန်ဆေးကုဆရာဝန် တစ်ယောက် ဖြစ်ချင်ပါတယ်။ အခုလို ကျွန်မတို့ရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပြီး ဂုဏ်ပြုပွဲပြုလုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ စာမေးပွဲ ဖြေဆိုကြမယ့်သူတွေကိုလည်း ဘယ်လိုအခက်အခဲပဲရှိရှိ စိတ်ဓာတ်မကျဘဲ ကြိုးစားဖို့ အကြံပြုချင်ပါတယ်။
ဒေါ်မေယဉ်မွန် (ကျောင်းအုပ်ဆရာမကြီး၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ ဇမ္ဗူသီရိမြို့နယ်)
ကျွန်မတို့ကျောင်းကနေ ခြောက်ဘာသာဂုဏ်ထူးရှင် လေးဦးနဲ့ ငါးဘာသာဂုဏ်ထူးရှင်တစ်ဦးတို့ ပါဝင်ပါတယ်။ ကျွန်မတို့ကျောင်းကနေ ထူးချွန်တဲ့ ကျောင်းသား ကျောင်းသူတွေ ထွက်ပေါ်လာအောင် ဆရာ ဆရာမတွေက နှစ်စကတည်းက သင်ခန်းစာတွေကို စနစ်တကျ သင်ကြားပေးတဲ့အပြင် နံနက်ပိုင်းတွေမှာ အချိန်ပိုခေါ်ယူပြီးတော့လည်း သင်ကြားပေးပါတယ်။ အခုနှစ်မှာလည်း နှစ်စကတည်းက တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးစီမံချက်တွေ ရေးဆွဲဆောင်ရွက်နေပါတယ်။
တွေ့ဆုံမေးမြန်း - အောင်ဂျိုင်း
ဓာတ်ပုံ - ဘိုပြည့်စုံ





No comments:
Post a Comment