နေပြည်တော် စက်တင်ဘာ ၂၅
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာနချုပ် ဇေယျာသီရိခန်းမ၌ တွေ့ဆုံ၍ အမှာစကားပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်နီလာ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး
ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ
တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တပ်နယ်များမှ
အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က
အမှာစကားပြောကြားရာတွင် တပ်မတော်သားဘဝသည် နေရာတစ်နေရာတည်းတွင် အမြဲတမ်းတာဝန်ထမ်းဆောင်ရမည်ဟု
မှတ်ယူ၍မရဘဲ စေလွှတ်သည့်နေရာ၊ ပေးအပ်သည့်တာဝန်ကို ထမ်းဆောင်နိုင်ရန် အမြဲအသင့်ဖြစ်နေရန်လိုကြောင်း၊
မည်သည့်တပ်ဖွဲ့မဆို ခြေလျင်တပ်ဖွဲ့ကဲ့သို့ တိုက်ပွဲဝင်နိုင်ရန် လေ့ကျင့်တည်ဆောက်နေရန်လိုကြောင်း၊
ပြည်သူလူထုက တပ်မတော်အပေါ် ယုံကြည်မှု၊ ချစ်ခင်မှုရှိအောင် ကျင့်ဝတ်များနှင့်အညီ ထိတွေ့ဆက်ဆံနေရန်လိုကြောင်း၊
လက်ရှိအခြေအနေတွင် မြို့ကြီးများအား တည်ငြိမ်အေးချမ်းသော အခြေအနေဖြစ်အောင် တည်ဆောက်ထားပြီးဖြစ်၍
၎င်းအခြေအနေကို ဆက်လက်ထိန်းသိမ်းသွားရန်လိုကြောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ တပ်ရင်း၊
တပ်ဖွဲ့များအနေဖြင့် မြို့ပြတွင် အခြေပြုနေထိုင်သော တပ်များဖြစ်၍ ပညာရေး၊ ကျန်းမာရေးစသည့်
အားသာချက်များစွာရှိသော်လည်း မိမိကိုယ်ကိုထိန်းသိမ်းနိုင်ရန်လိုကြောင်း၊ ပိုင်ဆိုင်ထားသည့်
လူမှုဘဝအခွင့်အလမ်းများကိုလည်း အကျိုးရှိရှိအသုံးချတတ်ရန်လိုအပ်ကြောင်း။
တပ်မတော်သားကောင်းတစ်ယောက်ဖြစ်ရန်
အမိန်နာခံမှုသည် အရေးကြီးကြောင်း၊ အမိန့်နာခံတတ်မှုနှင့် စစ်စည်းကမ်းကောင်းမွန်စေမှုအတွက်
ရည်ရွယ်ပြီး စစ်ရေးပြကို သင်ကြားပေးခြင်းဖြစ်ကြောင်း၊ စစ်သားကောင်းဖြစ်မှ တပ်ကောင်းမည်ဖြစ်သောကြောင့်
စစ်သားကောင်းဖြစ်ခြင်းသည် စစ်စည်းကမ်းကောင်းမွန်မှုနှင့် အမိန့်နာခံတတ်မှုနှစ်ခုကို
ပေါင်းစပ်ထားခြင်းကြောင့်အရာရှိ/ စစ်သည်များကို စစ်သားကောင်းများဖြစ်လာစေရေး အမြဲလေ့ကျင့်ပေးသွားရန်လိုကြောင်း၊
လေ့ကျင့်သားပြည့်ဝမှုနှင့်ပတ်သက်၍ တပ်ဖွဲ့အလိုက် တပ်ဆင်ပေးထားသည့် လက်နက်ကိရိယာများကို
ကျွမ်းကျင်စွာ ကိုင်တွယ်တတ်ရန်လိုကြောင်း၊ ထို့အပြင် ကျန်းမာကြံ့ခိုင်အောင်၊ ကျွမ်းကျင်အောင်နှင့်
ရဲစွမ်းသတ္တိရှိအောင် လေ့ကျင့်ပေးသွားရန်လိုကြောင်း၊ ဒုတိယတပ်မှူးများသည် တပ်မှူးများ၏မူဝါဒကို
အကောင်အထည်ဖော်ရန်နှင့် တပ်မှူးများအတွက် အထောက်အပံ့ကောင်းပေးနိုင်ရန်လိုအပ်ပြီး တပ်၏လေ့ကျင့်ရေးနှင့်
စည်းကမ်းပိုင်းဆိုင်ရာများကို တာဝန်ယူကြပ်မတ်နေရန်လိုကြောင်း။
တပ်မတော်တွင် အုပ်ချုပ်ရေးစွမ်းရည်သည်
အလွန်အရေးကြီးသည့် အခန်းကဏ္ဍတွင်ရှိပြီး အုပ်ချုပ်မှုအားနည်းလျှင် စစ်ရေးစွမ်းရည်နှင့်
စည်းရုံးရေးစွမ်းရည်ပါ ထိခိုက်နိုင်သဖြင့် စွမ်းရည်သုံးရပ်တွင် အုပ်ချုပ်မှုစွမ်းရည်သည်
အလွန်အရေးကြီးကြောင်း၊ အုပ်ချုပ်ရေးစွမ်းရည်တွင် စားရေး၊ နေရေး၊ သွားလာနေထိုင်ရေး၊
စစ်စည်းကမ်းထိန်း သိမ်းရေးအပါအဝင် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဆောင်ရွက်သွားရန်လိုပြီး
တာဝန်ရှိသူများအနေဖြင့်လည်း ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ အုပ်ချုပ်ရေးပိုင်းတွင်
တပ်မှူးကောင်းစိတ်ဓာတ်၊ ဖခင်သဖွယ်စိတ်ဓာတ်၊ ကိုယ်ချင်းစာတရားများရှိနေရန်လိုပြီး အုပ်ချုပ်မှုညီညွတ်မျှတမှုမရှိခြင်းသည်
တပ်တွင်းစည်းလုံးညီညွတ်မှုကို အားနည်းစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိကိုယ်ကိုနှင့်
လက်အောက်ကို အလိုမလိုက်ရန်လိုကြောင်း၊ မိမိကိုယ်မိမိ အလိုလိုက်ပါက ပျက်စီးနိုင်ပြီး
လက်အောက်ကို အလိုလိုက်လျှင်အမှုအခင်းများ၊ ပြဿနာများနှင့် ရှုပ်ထွေးလာနိုင်မည်ဖြစ်ကြောင်း။
ပြည်သူလူထုဆက်ဆံရေးတွင်သာမက
မိမိလက်အောက်ငယ်သားနှင့် ဆက်ဆံရာတွင်လည်း စေတနာထားပြီး ဆက်ဆံရန်လိုကြောင်း၊ စေတနာဆိုသည်မှာ
ဖြစ်သင့်ဖြစ်ထိုက်သည်ကိုဖြစ်ရန်၊ မဖြစ်သင့်မဖြစ်ထိုက်သည်ကိုမဖြစ်ရန်၊ စိတ်ကောင်းစေတနာကောင်းဖြင့်
လုပ်ခြင်းသည် စေတနာပင်ဖြစ်ကြောင်း၊ မိဘကသားသမီးကိုထားသည့်စိတ်၊ ဆရာကတပည့်အပေါ်ထားသည့်
စိတ်မျိုးသည် စေတနာပင်ဖြစ်ကြောင်း၊ အသက်ကြီးသည် ငယ်သည်မှာ အဓိကမဟုတ်ဘဲ တပ်မှူးနှင့်
တပ်မှူး၏ဇနီးသည် တပ်၏အမိအဖဖြစ်သည့်အတွက် လိုက်ပါနေထိုင်ရန်လိုကြောင်း၊ တပ်တွင်လိုက်နေသည့်
အရာရှိဇနီးများသည် ခင်ပွန်းသည်၏အလုပ်ကို ကူညီပေးရန်ဖြစ်ပြီး ဝင်ရောက်စွက်ဖက်ရန်မဟုတ်ကြောင်း။
အမျိုးသမီးစစ်မှုထမ်းနှင့်ပတ်သက်၍
လုပ်ဆောင်ချက်များတွင် အားသာချက်များစွာ ရှိသည်ကိုတွေ့ရကြောင်း၊ တပ်မတော်အကြီးအကဲတို့၏
အမြော်အမြင်ကြီးမှုဖြင့် နိုင်ငံတကာအဆင့်အတန်းမီအောင် စဉ်းစားဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊
လုပ်ဖော်ကိုင်ဖက်ကောင်းများအဖြစ် မောင်ရင်းနှမကဲ့သို့၊ သားသမီးအရင်းအချာကဲ့သို့ စောင့်ရှောက်ပေးရန်လိုကြောင်း၊
ထိန်းသိမ်းသွန်သင်ပေးရန်လိုအပ်သူများကိုလည်း လမ်းလွဲမရောက်အောင် စောင့်ရှောက်ပေးရန်လိုကြောင်း၊
အမျိုးသမီးစစ်မှုထမ်းများသည်လည်း တပ်မတော်၏အဓိက အင်အားပင်ဖြစ်ကြောင်း၊ အမျိုးသမီးစစ်မှုထမ်းနှင့်ပတ်သက်လျှင်
စည်းကမ်းတိတိကျကျ ထိန်းသိမ်းရန်လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် အမျိုးသမီးစစ်မှုထမ်းများအား
ရည်ရွယ်ချက်ကြီးမားစွာ ခန့်အပ်ထားခြင်းဖြစ်ကြောင်း၊ ထို့ပြင်တစ်ဖက်ကလည်း ရုံး/ ဌာနများတွင် တာဝန်ထမ်းဆောင်နေသည့်
အမျိုးသမီးအရာရှိများနှင့် အရပ်ဘက်တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသည့် အမျိုးသမီးအရာရှိများအား
Social Media Network များ၌ အသုံးချမခံရစေရေး ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း။
ရဲမေများသည် တပ်မတော်၏
အရန်အင်အားများဖြစ်ပြီး မိခင်စိတ်ရှိသည့်အတွက်ကြောင့် အားကိုးရကြောင်း၊ ရဲမေများနှင့်ပတ်သက်လျှင်
၎င်းတို့သည် အိမ်ထောင်ဦးစီးကိုအားကိုး၍ မိဘအိမ်မှ ခွဲထွက်လာခြင်းဖြစ်သဖြင့် မိမိတို့အနေဖြင့်
စောင့်ရှောက်ရန်တာဝန်ရှိပြီး အားလုံးက မိသားစုစိတ်မွေးရန်လိုကြောင်း၊ တပ်မတော်ရှိ အိမ်ထောင်သည်
ရဲမေမိသားစုဝင်များသည် နိုင်ငံတော်၏ ကာကွယ်ရေးစွမ်းပကားများပင်ဖြစ်၍ မိသားစုစည်းလုံးညီညွတ်ရေးမှအစပြုပြီး
စနစ်တကျစုဖွဲ့လုပ်ဆောင်နိုင်ရေးအတွက် ကြပ်မတ်သွားရမည်ဖြစ်ကြောင်း။
ခေါင်းဆောင်များအနေဖြင့်
မှန်မှန်ကန်ကန်နှင့် လက်အောက်၏ သက်သာချောင်ချိရေးအပိုင်းကို ဆောင်ရွက်ပြီး လုပ်ဆောင်မည်ဆိုပါက
တပ်တွင်း စည်းလုံးညီညွတ်ရေးများတွင်လည်း အထောက်အကူရရှိမည်ဖြစ်ကြောင်း၊ သက်သာချောင်ချိရေးနှင့်ပတ်သက်ပြီး
တပ်များအပေါ် စေတနာထား၍ လုပ်ဆောင်ရန်လိုကြောင်း၊ စိုက်ပျိုး/ မွေးမြူရေးကို အခြေခံသည့်
သက်သာချောင်ချိရေးကိစ္စရပ်များ ထိထိရောက်ရောက်လုပ်ရန်လိုအပ်ကြောင်း၊ အရာရှိ၊ စစ်သည်များ
တပ်နေပျော်စေရေးအတွက် သက်သာချောင်ချိရေးကိစ္စများသာမက တပ်များတွင်နေချင်စဖွယ်ဖြစ်အောင်
တပ်သာယာလှပရေးလုပ်ငန်းများကိုလည်း တာဝန်ရှိသူအဆင့်ဆင့်က အလေးထားဆောင်ရွက်ပေးသွားရန်လိုကြောင်း။
စိတ်ဓာတ်ဖြင့်
တပ်တည်ဆောက်ခြင်းသည် ရာထူးတိုးမြှင့်ပေးခြင်း၊ ခွင့်ခံစားခြင်း၊ သင်တန်းတက်ရောက်ခြင်း၊
အားကစားနှင့်ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်း၊ စစ်သည်များ၏ရပိုင်ခွင့်များ
အချိန်နှင့်တစ်ပြေးညီ ပြည့်ပြည့်ဝဝရရှိအောင် ဆောင်ရွက်ပေးခြင်းတို့ပင်ဖြစ်ပြီး လေ့ကျင့်ရေး၊
အုပ်ချုပ်ရေးနှင့်သက်သာချောင်ချိရေးတို့သည်လည်း စိတ်ဓာတ်နှင့် တည်ဆောက်မှုအပိုင်းကို
တိုက်ရိုက်သက်ရောက်မှုရှိကြောင်း၊ စစ်သည်များ၏ စိတ်ဓာတ်မြင့်မားရေး လုပ်ဆောင်ပေးရမည်ဖြစ်ရာ
တပ်မှူးများအနေဖြင့် လက်အောက်နှင့်အနီးကပ်တွေ့ဆုံပြီး လက်ပွန်းတတီးနေထိုင်ရန်လိုအပ်ကြောင်း။
တပ်မှူးများသည်
တပ်ဖွဲ့အတွင်းရှိ ရဲဘော်များနှင့် မိသားစုဝင်များ၏ ပညာရေးကို မြှင့်တင်ဆောင်ရွက်ပေးရန်နှင့်
စာဖတ်အားမြှင့်တင်ရေးလုပ်ရန်လိုကြောင်း၊ မိမိတို့တပ်မတော်တွင် ပညာတတ်စစ်သည်များလာပါက
စဉ်းစားတွေးခေါ်နိုင်စွမ်းလည်း မြင့်မားလာမည်ဖြစ်ကြောင်း၊ မိမိတို့စစ်သည်များ တွေးခေါ်မျှော်မြင်နိုင်စွမ်းမြင့်မားလာပါက
အုပ်ချုပ်မှုဖြစ်စဉ်များလည်း လျော့နည်းသွားမည်ဖြစ်ကြောင်း၊ စာဖတ်နိုင်ရန်အတွက်လည်း စာအုပ်များထားရှိရန်၊ စာဖတ်ချိန်ရရှိရေး ဆောင်ရွက်ပေးရန်နှင့်
ရရှိသည့်အချိန်တွင် စာဖတ်နိုင်သည့်အခြေအနေရရှိစေရေး ဖန်တီးပေးရန်လိုကြောင်း။
မိသားစုဝင်သားသမီးများ
ပညာသင်ကြားရေးနှင့်ပတ်သက်၍ မိမိတို့တပ်မတော်သားများအနေဖြင့် သားသမီးများကို ပေးနိုင်သည်မှာ
ပညာအမွေသာဖြစ်ကြောင်း၊ တပ်မတော်သား၊ မှီခိုသူများ၏ သားသမီးများအားလုံးသည် အနည်းဆုံး
KG+9 (အခြေခံပညာအလယ်တန်းအဆင့်) အထိပညာသင်ကြားရမည်ဖြစ်ပြီး စံနမူနာပြအနေဖြင့် မှီခိုသူသားသမီးများအားလုံး
အနည်းဆုံး KG+9 (အခြေခံပညာအလယ်တန်းအဆင့်) အထိ တက်ရောက်ရန် ရည်မှန်းချက်ထားပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
တပ်ရင်း/ တပ်ဖွဲ့များအနေဖြင့်
စည်းရုံးရေးနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများအတွက် လိုအပ်သည်များကို လုပ်ဆောင်ပေးရန်လိုကြောင်း၊
တပ်မတော်လူငယ်ပညာရေးကျောင်းများ ဖွင့်လှစ်လျက်ရှိပြီး အဆိုပါကျောင်းများတွင် တတ်ရောက်ပညာသင်ကြားပြီးပါက
အဆင့်မြင့်လူ့စွမ်းအားအရင်းအမြစ် (HR) ရရှိလာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
မိမိတို့တပ်မတော်တွင်
အရန်အင်အားအနေဖြင့် စစ်မှုထမ်းဟောင်းများစွာရှိနေပြီး စစ်မှုထမ်းဟောင်းများ၏ နေရေး၊
ထိုင်ရေး၊ စားရေး၊ သောက်ရေး၊ ပညာရေးနှင့် ကျန်းမာရေးများကို တတ်နိုင်သလောက် သက်ဆိုင်ရာနယ်မြေအလိုက်
ထိတွေ့မှုမပြတ်လုပ်ဆောင်နေကြရန်လိုပြီး ၎င်းတို့၏ဇနီး၊
သား၊ သမီး၊ မိသားစုများကိုပါ စောင့်ရှောက်ပေးရန်လိုကြောင်း၊ အခက်အခဲတွေ့ကြုံလာပါက နှမချင်း၊
သားသမီးချင်းစာနာပြီး ၎င်းတို့၏လိုအပ်ချက်ကို ကူညီပေးရန်လိုကြောင်း၊ တပ်မတော်အနေဖြင့်
စစ်မှုထမ်းဟောင်းများအတွက် တိုင်းစစ်ဌာနချုပ်များအလိုက် စစ်မှုထမ်းဟောင်းအိမ်ရာများ
တည်ဆောက်ပေးလျက်ရှိကြောင်း၊ အဆိုပါအိမ်ရာများတွင် လာရောက်နေထိုင်ကြမည့် စစ်မှုထမ်းဟောင်းများနှင့်
မိသားစုဝင်များ အဆင်သင့်နေထိုင်စားသောက်နိုင်ရေးအတွက် အခြေခံစားကုန်များ၊ ပရိဘောဂနှင့်
အသုံးအဆောင်ပစ္စည်းများကိုလည်း စနစ်တကျဖြည့်ဆည်းဆောင်ရွက်ပေးထားရန်လိုကြောင်း၊
ကျန်းမာကြံ့ခိုင်ရေးသည်
မိမိတို့တပ်မတော်အတွက် မရှိမဖြစ်လိုအပ်ကြောင်း၊ ကျန်းမာကြံ့ခိုင်ရန်မှာ ချက်ချင်းထလုပ်၍မရနိုင်ဘဲ
ယခင်ကတည်းကလေ့ကျင့်ပြီး ပြုစုပျိုးထောင်ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သားများ၏
ကျန်းမာကြံ့ခိုင်မှု မည်မျှတိုးတက်သည်ကိုသိမှသာ ကျန်သည့်စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း။
တပ်မှူးများအားလုံးသည်
ခေါင်းဆောင်မှုအင်္ဂါရပ်များနှင့် ပြည့်စုံနေရန်လိုကြောင်း၊ ခေါင်းဆောင်မှုမကောင်းလျှင်
နောက်လိုက်ကောင်းလည်းမရနိုင်ကြောင်း၊ တပ်မှူးများအနေဖြင့် လက်အောက်ကို အမြဲတမ်းဆုံးမသွန်သင်ပေးရန်လိုအပ်သကဲ့သို့
တစ်ဖက်တွင်လည်း ထိန်းသိမ်းဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ တပ်မှူး၊ အရာရှိကြီးများသည်
တပ်မိသားစုနှင့် ထိတွေ့ရန်လိုသကဲ့သို့ ပြည်သူလူထုနှင့်လည်း အပြုသဘောဆောင်သည့် ထိတွေ့မှုရှိရန်လိုကြောင်း၊
ဆန္ဒဖော်ထုတ်ပွဲများ၊ ဆွေးနွေးပွဲများ၊ ပျော်ပွဲရွှင်ပွဲများသည် မိမိတပ်မိသားစုများနှင့်
ထိတွေ့မှုများပင်ဖြစ်သည့်အတွက် မှန်မှန်ကန်ကန်လုပ်ရန်လိုကြောင်း၊ Commander သည် အမုန်းခံရမည်၊
ပြောစရာရှိကပြောရမည်၊အရေးယူစရာရှိကယူရမည်၊ ချီးမြှင့်စရာရှိက ချီးမြှင့်ရမည်၊ နေရာပေးစရာရှိက
နေရာပေးရမည်၊ အသိအမှတ်ပြုစရာရှိက အသိအမှတ်ပြုရမည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်နိုင်ရန်အတွက်
လက်အောက်၏အခြေအနေအမှန်ကို သိရှိရန်လိုကြောင်း။
တပ်မတော်တွင် သစ္စာဖောက်မှု၊
စစ်ဆင်ရေးမှုနှင့် မူးယစ်ဆေးဝါးမှုများသည် လုံးဝခွင့်လွှတ်၍မရသည့် အမှုများဖြစ်ပြီး
ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း၊ တပ်မတော်သားများအနေဖြင့် ရိုးသားမှုနှင့် ကြိုးစားမှုကိုအခြေခံ၍
နိုင်ငံတော်နှင့် တပ်မတော်အပေါ် အမြဲတမ်းသစ္စာစောင့်သိစွာဖြင့် တာဝန်ကိုကျေပွန်စွာ
ထမ်းဆောင်သွားကြရန်လိုကြောင်းဖြင့် ပြောကြားပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ လိုအပ်ချက်များကို
မေးမြန်းကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
တွေ့ဆုံပွဲအပြီးတွင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်မိသားစုများအား
ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။



No comments:
Post a Comment