Tuesday, September 29, 2026

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့အစည်းအဝေး ကျင်းပ

 

ရန်ကုန် စက်တင်ဘာ ၂၈

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့အစည်းအဝေး(၂/၂၀၂၆)ကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဆရာတော်၊ ဒုတိယဥက္ကဋ္ဌ(၂)ဆရာတော်၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်၊ မန္တလေး)တို့မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား/ စီမံ)နှင့် မော်ကွန်းထိန်းဆရာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ပြင်ပပညာရှင်များတက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်များအုပ်ချုပ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌဆရာ တော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ပညာရေးမူဝါဒ ပရိယတ္တိသင်ကြားရေးဆိုင်ရာ ရည်ရွယ်ချက်များနှင့်အညီ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်၊မန္တလေး)ကို စတင်ဖွင့်လှစ်လာခဲ့သည်မှာ နှစ်လေးဆယ်ကျော်ကာလသို့ ရောက်ရှိလာပြီဖြစ်ပါကြောင်း၊ ဗုဒ္ဓမြတ်စွာ၏ ပရိယတ္တိသာသနာတော် ထွန်းကားပြန့်ပွားရေးကိစ္စ အဝဝကိုဆောင်ရွက်ကြရာတွင် ဓမ္မသင်္ဂဏီပါဠိတော်၌ မြတ်စွာဘုရားဟောကြားတော်မူအပ်သော သဒ္ဓါဗိုလ် (သဒ္ဓါစွမ်းအား)၊ ဝီရိယဗိုလ်(ဝီရိယစွမ်းအား)၊ သတိ ဗိုလ်(သတိစွမ်းအား)၊ သမာဓိဗိုလ် (သမာဓိစွမ်းအား)၊ ပညာဗိုလ် (ပညာစွမ်းအား)ဟူသော ဗိုလ်ငါးပါးတရား လက်ကိုင်ထားလျက် မိမိထံရောက်လာသော တာဝန်ကို ကျေကျေပွန်ပွန် ဆောင်ရွက်တော်မူကြရန် တိုက်တွန်းကြောင်း အဖွင့်သြဝါဒကထာမြွက်ကြားသည်။

ထို့နောက် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ယင်းနောက် တက္ကသိုလ်များအုပ်ချုပ်ရေး ဗဟိုအဖွဲ့အတွင်းရေးမှူး သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၆) ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်များကိုလည်းကောင်း၊ တက္ကသိုလ်များဗဟို ပညာရေးအဖွဲ့အစည်းအဝေး(၂/၂၀၂၆) တင်ပြချက်များကိုလည်းကောင်း လျှောက်ထားသည်။

ဆက်လက်၍ အစည်းအဝေးသို့ ကြွရောက်တော်မူလာသည့် ဆရာတော်များနှင့် ပညာရှင်လူပုဂ္ဂိုလ်များက တက္ကသိုလ်များအုပ်ချုပ်ရေးဗဟို အဖွဲ့အစည်းအဝေး(၂/၂၀၂၆) နှင့်ပတ်သက်သည့်ကိစ္စရပ်များကို ဆွေးနွေး၍ ဆုံးဖြတ်ချက်(၁၂)ရပ်နှင့် မှတ်တမ်းတင်ခြင်း (၂)ရပ်တို့ကို ချမှတ်အတည်ပြုခဲ့ပြီး သဘာပတိ ဆရာတော်က နိဂုံးချုပ်သြဝါဒကထာမြွက်ကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)မဟာသိမ်တော်ကြီးအပေါ်ထပ်ရှိ ဘုရားဆင်းတုတော် ၁၀၈ ဆူကို ကြည်ညိုသပ္ပာယ်စွာ အပူဇော်ခံနိုင်ရေးဆောင်ရွက်ထားရှိမှု၊ မဟာသိမ်တော်ကြီး အောက်ထပ် ရေဝင်ရောက်မှုမရှိစေရေးအတွက် ရေနုတ်မြောင်း တူးဖော်ဆောင်ရွက်ရန်လိုအပ်မှု၊ ဒဂုံသီရိကုသိုလ်တော် ဘေးမဲ့ငါးကန်အတွင်း ငါးများကို စောင့်ရှောက်ထိန်းသိမ်းထားရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။

သတင်းစဉ်

No comments:

Post a Comment