Friday, September 18, 2026

ရော်ဘာ စိုက်ပျိုးရေးလုပ်ကိုင်သူများအတွက် မိုးနှောင်းကာလ လုပ်ဆောင်ရန်အချက်များ

ဒေါက်တာ ခိုင်နှင်းစိုး (စိုက်ပျိုးရေး)

ရော်ဘာသည် အရေးပါသောစက်မှုကုန်ကြမ်းသီးနှံတစ်မျိုးဖြစ်ပြီး ကမ္ဘာတွင် ရှေးနှစ်ပေါင်းများစွာကတည်းက စိုက်ပျိုးခဲ့ကြသည်။ မြန်မာနိုင်ငံအနေဖြင့် ၁၉၆၀ ပြည့်နှစ် နောက်ပိုင်းကာလများတွင် စတင်သော နိုင်ငံပိုင်ခြံများ၏ ရော်ဘာစိုက်ပျိုးမှုမှသည် ယနေ့ကာလတွင် နိုင်ငံခြားဝင်ငွေရရှိသည့် ဈေးကွက်ဝင် သီးနှံဖြစ်လာခဲ့သည်။ ယခုအချိန်တွင် ရော်ဘာကို ပုဂ္ဂလိက ကဏ္ဍများကပါ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာခဲ့ကြပြီဖြစ်ပါသည်။

ရော်ဘာသည် နှစ်ရှည်သီးနှံပင်ဖြစ်သဖြင့် ရော်ဘာစိုက်ပျိုးရေးဟုဆိုရာတွင် ရော်ဘာပျိုးခင်း လုပ်ငန်း၊ ရော်ဘာကိုင်းပွားခင်းလုပ်ငန်း၊ ရော်ဘာပြန်လည်စိုက်ပျိုးခြင်းလုပ်ငန်း၊ ရော်ဘာအစေး မခြစ်မီကာလဖြစ်သော ထိန်းသိမ်းခြင်းလုပ်ငန်းနှင့် ရော်ဘာထုတ်လုပ်ရေးဖြစ်သော အစေးခြစ်ခြင်းလုပ်ငန်းများ ပါဝင်သည်။ ထိုသို့ လုပ်ငန်းစဉ်များ ပါဝင်နေသော ရော်ဘာစိုက်ပျိုးရေးကို အောင်မြင်အောင် ဆောင်ရွက်နိုင်စေရန် ရာသီချိန်အမီ ပြုလုပ်သင့်သည့်လုပ်ငန်းများကို ကြိုတင်ရေးဆွဲ၍ အချိန်ကိုက် သတ်မှတ်ကာလအတွင်း ဆောင်ရွက်ပြီးစီးရန် အရေးကြီးသည်။ သို့မှသာ ရော်ဘာစိုက်ပျိုးရေး၏ အကျိုးကျေးဇူးကို အပြည့်အဝခံစားရရှိမည် ဖြစ်ပါသည်။

ထို့အပြင် ရော်ဘာစိုက်ပျိုးရေးလုပ်ငန်းသည် ပျိုးခင်းလုပ်ငန်းမှအစပြု၍ ရော်ဘာအစေးပြား ထုတ်လုပ်သော ထုတ်လုပ်မှုလုပ်ငန်းအထိ လူအင်အားများစွာကို အသုံးပြုပြီး ဆောင်ရွက်ရသော လုပ်ငန်းများဖြစ်သဖြင့် ဒေသနေသူများအတွက် အလုပ်အကိုင်အခွင့်အရေးများစွာ ရရှိစေပါသည်။ ထို့အပြင် ထိုလုပ်ငန်းများနှင့် ပါဝင်ဆက်နွှယ်နေသော လုပ်ငန်းများဖြစ်သည့် လုပ်ငန်းသုံးပစ္စည်း၊ သွင်းအားစုနှင့် ထုတ်ကုန်များ ရောင်းဝယ်ခြင်းမှလည်း စီးပွားရေးအခွင့်အလမ်းများစွာ ရရှိစေပါသည်။

ရော်ဘာပျိုးခင်းလုပ်ငန်းဟုဆိုရာတွင် မြေပေါင်ပျိုးခင်းနှင့် ပလတ်စတစ်အိတ် စိုက်ပျိုးခင်း ဟူ၍ရှိသည်။ စိုက်ပျိုးသူများအနေဖြင့် လက်ခံပင်များကို မြေပေါင်ပျိုးခင်းဖြင့် ပျိုးထောင်စိုက်ပျိုးခဲ့ပါက မိုးနှောင်းကာလတွင် လုပ်ဆောင်သင့်သည့် ပထမဆုံးအချက်မှာ ပျိုးပေါင်အတွင်းရှိ သန်စွမ်းသောပျိုးပင်များမှအပ ကျန်ပျိုးပင်များထဲမှ ကြီးထွားမှုချို့တဲ့သော အပင်ငယ်များကိုရွေးချယ်၍ အပင်ကျပ်ဖယ်ရှားပေးခြင်းကို အနည်းဆုံးနှစ်ကြိမ်ခန့် ပြုလုပ်ပေးရမည်။

မြေပေါင်အတွင်း အပင်များပြည့်ကျပ်နေပါက ရေ၊ နေရောင်ခြည်နှင့် အာဟာရရရှိမှုအတွက် ယှဉ်ပြိုင်မှုများပြီး ပျိုးပင်ကြီးထွားမှု ညံ့ဖျင်းမည်ဖြစ်သည်။ ဒုတိယအချက်အနေဖြင့် ပေါင်းရှင်းခြင်းလုပ်ငန်းကိုလည်း ပုံမှန်ဆောင်ရွက်သင့်ပါသည်။ လက်ခံပျိုးပင်များ၏ ပုံမှန်အဖူးကူးနိုင်သော အရွယ်ဖြစ်သည့် အပင်လုံးပတ်ခဲတံလုံးအရွယ်ရောက်ရှိပြီး အစောဆုံး အဖူးကူးနိုင်အောင် ပြုစုထိန်းသိမ်းထားရန် လိုအပ်ပါသည်။

ပေါင်းရှင်းပြီးနောက် တတိယအချက်အနေဖြင့် လက်ခံပျိုးပင်အား ကွန်ပေါင်းဓာတ်မြေဩဇာ ဖြစ်သော နိုက်ထရိုဂျင် : ဖော့စ်ဖရပ်စ် : ပိုတက်စီယမ်: မဂ္ဂနီစီယမ် (N : P : K : Mg) ၁၅:၁၅:၆:၄ အချိုးနှုန်းဖြင့်လည်းကောင်း၊ မြေပေါင်ပျိုးခင်းဖြစ်ပါက အပင်တန်းနှစ်တန်းကြား အပင်တန်းအရှည် သုံးပေတွင် ၁၁၀ ဂရမ်နှုန်းဖြင့်လည်းကောင်း တစ်လလျှင်တစ်ကြိမ်၊ ပလတ်စတစ်အိတ်စိုက်ပျိုးပင်ဖြစ်ပါက တစ်ပင်လျှင် ၃ ဒသမ ၅ ဂရမ်နှုန်း (အပင် ၈၀-၉၀ လျှင် နို့ဆီဘူးတစ်ဘူးခန့်) ဖြင့် နှစ်ပတ်လျှင် တစ်ကြိမ်ကျွေးရန် လိုအပ်ပါသည်။

မိုးနှောင်းကာလ၌ ပျိုးခင်းတွင် ရွက်ကြွေ၊ ရွက်ပုပ်ရောဂါဖြစ်သော မှိုရောဂါနှင့် ငှက်မျက်စိ ကွက်ရောဂါကျရောက်တတ်သဖြင့် ရောဂါကျရောက်မှုကို မျက်ခြည်မပြတ်စောင့်ကြည့်ပြီး ကာကွယ်ရန်အရေးကြီးသည်။ သီးပုပ်ရွက်ကြွေ၊ ရွက်ပုပ်ရောဂါကျရောက်သည့် အခြေအနေကို တွေ့ရှိပါက ဘော်ဒိုဆေးရည် ၁ ရာခိုင်နှုန်း (သို့) ကော့ပါးပါသောမှိုသတ်ဆေး (ဥပမာ - ကော့ပါး ဟိုက်ဒရောဆိုဒ် ၀ ဒသမ ၂ ရာခိုင်နှုန်းကို တစ်ပတ် တစ်ကြိမ် ပက်ဖျန်းရမည်ဖြစ်ပြီး ငှက်မျက်စိကွက် ရောဂါအတွက် ဘော်ဒိုဆေးရည် ၁ ရာခိုင်နှုန်းကို ငါးရက်တစ်ကြိမ် ပက်ဖျန်းပေးရပါမည်။

ထို့အပြင် အဖူးကူးရာသီ၌ မျိုးကိုင်းအလုံ အလောက်ရရှိရေးအတွက် ရော်ဘာမျိုးကိုင်းပွားခင်းအား ကိုင်းပြုပြင်ခြင်း၊ ကိုင်းမွေးမြူခြင်းလုပ်ငန်းအား ကြိုတင်ဆောင်ရွက်ထားရပါမည်။ အဖူးကူးရာတွင် လိုအပ်သော လုပ်ငန်းသုံးပစ္စည်းများ (ကိုင်းကူး ပလတ်စတစ်စ၊ အဖူးကူးသေတ္တာ၊ အဖူးကူးဓား) စသည်တို့ကို အဆင်သင့်ဖြစ်စေရန် ကြိုတင်စီမံဆောင်ရွက်ထားရမည့်အပြင် ကျွမ်းကျင်အဖူးကူးသမားများကိုလည်း ကြိုတင်လေ့ကျင့်စုစည်းထားရပါမည်။

အပင်ကြီးထွားမှုနှင့် အထွက်နှုန်းကောင်းရန်အတွက် မြေဩဇာကျွေးခြင်းကို မိုးရွာသွန်းမှု များချိန်တွင် ပြုလုပ်ခဲ့ပါက ထည့်သွင်းလိုက်သော မြေဩဇာများကို အပင်မှစုပ်ယူစားသုံးခြင်း မပြုလုပ်ရသေးချိန်တွင် ရေထဲသို့မျောပါဆုံးရှုံးခြင်းဖြစ်နိုင်သည်။ မြေတွင်းအစိုဓာတ် ကုန်ဆုံးချိန်တွင် ကျွေးပါကလည်း အပင်မှစုပ်ယူစားသုံးနိုင်မှု နည်းပါးသည်။ ထို့ကြောင့် ထည့်သွင်းသောမြေဩဇာများ လေလွင့်ဆုံးရှုံးမှုမဖြစ်စေဘဲ အပင်မှအပြည့်အဝ စုပ်ယူစားသုံးနိုင်စေရန် မိုးရာသီကုန်ဆုံးခါနီး မြေတွင်းအစိုဓာတ်ရှိချိန်တွင် မိုးနှောင်းမြေဩဇာ ကျွေးခြင်းကို ဆောင်ရွက်သင့်သည်။

မိုးနှောင်းမြေဩဇာကျွေးရာတွင် ရော်ဘာကိုင်းပွားခင်းလုပ်ငန်း၊ ရော်ဘာပြန်စိုက်လုပ်ငန်းတို့တွင် (N : P : K : Mg) ၁၅:၁၅:၆:၄ မြေဩဇာအချိုးနှုန်းဖြင့် တစ်ပင်လျှင် ၂၀၀ ဂရမ်နှုန်းကို နှစ်ကြိမ်ခွဲ၍ ကျွေးရန်လိုအပ်ပါသည်။ မိုးနှောင်းမြေဩဇာကျွေးခြင်းကို ဒေသ၏မိုးရွာသွန်းမှုအပေါ်မူတည်၍ စက်တင်ဘာလတွင် အပြီးဆောင်ရွက်ရန်ဖြစ်သည်။

ရော်ဘာစိုက်ခင်းများတွင် မိုးရာသီကုန်ဆုံးခါနီး ခြောက်သွေ့ကာလမရောက်မီ မြေတွင်းအစိုဓာတ်ကို ထိန်းထားနိုင်ရန် အပင်ခြေအစိုဓာတ်ထိန်းသိမ်း ခြင်းလုပ်ငန်းကို အပင်ငယ်စဉ်ကာလတွင် မဖြစ်မနေဆောင်ရွက်သင့်ပါသည်။ အစိုဓာတ်ထိန်းသိမ်းခြင်းလုပ်ငန်း၏ ရည်ရွယ်ချက်မှာ စိုက်ပျိုးထားသော အပင်ငယ်များအတွက် မြေတွင်းအစိုဓာတ်ကို လုံလောက်စွာထိန်းထားပေးနိုင်ပြီး အပင်ကြီးထွားမှု ကောင်းမွန်စေရန်ဖြစ်သည်။

အစိုဓာတ်ထိန်းရာတွင် မိုးနှောင်းကာလ ခြံရှင်းလင်းခြင်းမှထွက်ရှိလာသော သစ်ရွက်ကြွေ များနှင့် မြက်ခြောက်များကိုအသုံးပြုပြီး အပင်ခြေမှခြောက်လက်မခွာပြီး သုံးပေအကျယ် အနည်းဆုံး ခြောက်လက်မအထူရရှိအောင် မြက်များ၊ သစ်ရွက်ခြောက်များကို အဝိုင်းပုံစုပုံပေးရသည်။ မြက်များ၊ သစ်ရွက်ခြောက်များ လွင့်မသွားရအောင် မြေထည့်ဖုံးပေးရသည်။ ထို့အပြင် အပင်ပြုပြင်ခြင်း၊ ပိုးမွှားရောဂါကာကွယ်ခြင်း၊ ခြံစောင့်ခြင်းလုပ်ငန်းများလည်း ပုံမှန်ဆောင်ရွက်ရမည်ဖြစ်သည်။

ရော်ဘာပြန်စိုက်လုပ်ငန်းကဲ့သို့ ထိန်းသိမ်းလုပ်ငန်းအနေဖြင့်လည်း မိုးနှောင်းမြေဩဇာ ကျွေးခြင်းလုပ်ငန်းကို အလေအလွင့်မရှိအောင် ဂရုပြု၍ မိုးမကုန်မီကာလအတွင်း အပြီးဆောင် ရွက်ရမည်ဖြစ်ပါသည်။ မိုးနှောင်းမြေဩဇာကျွေးရာတွင် (N : P : K : Mg) မြေဩဇာကို အပင်သက်တမ်းနှင့် မြေတွင်းအာဟာရဓာတ်ပါဝင်မှုအပေါ်မူတည်၍ အပင်သက်တမ်းအလိုက် တစ်ပင်လျှင် ၃၀၀ ဂရမ်မှ ၄၅၀ ဂရမ် နှုန်း (နို့ဆီဘူးတစ်ဘူးမှ တစ်ဘူးခွဲ) ကျွေးရန်လိုအပ်ပါသည်။

ရော်ဘာထုတ်လုပ်ရေးဖြစ်သော အစေးခြစ်လုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် မိုးနှောင်းမြေဩဇာကျွေးခြင်းလုပ်ငန်းကို အလေအလွင့်မရှိအောင်ဂရုပြု၍ မိုးမကုန်မီကာလအတွင်း အပြီးဆောင်ရွက်ရမည်ဖြစ်ပါသည်။ မိုးနှောင်းမြေဩဇာ ကျွေးရာတွင် (N : P : K : Mg) မြေဩဇာကို ၁၅:၇:၁၈:၂ အချိုးနှုန်းဖြင့် အပင်သက်တမ်းနှင့် မြေတွင်းအာဟာရဓာတ်ပါဝင်မှုအပေါ်မူတည်၍ တစ်ပင်လျှင် ၇၀၀ ဂရမ်မှ ၉၀၀ ဂရမ်နှုန်းကျွေးရန် လိုအပ်ပါသည်။

အစေးခြစ်လုပ်ငန်းစတင်ချိန်သည် အစေးထွက်များပြီး မိုးတစ်ပြိုက်၊ နေတစ်ပြိုက်ဖြစ်နေသော မိုးနှောင်းကာလဖြစ်၍ အစေးခြစ်လမ်းကြောင်းတွင် မှိုရောဂါကျရောက်မှုကို ဂရုပြုကာကွယ်ရန် ရမ်ဒိုမေးလ် (RIdomil) ၁ ရာခိုင်နှုန်း၊ ဒိုင်သိမ်း (Dithame M-45) ၅ ဂရမ်/လီတာကဲ့သို့သော ဆေးများကို အစေးခြစ်မျက်နှာပြင်တွင် သုတ်လိမ်းပေးသင့်ပါသည်။

အစေးခြစ်ရန် အပင်လုံးပတ်ပြည့်မီသည့် အစေးခြစ်ကွက်အသစ်များဖော်၍ အစေးခြစ်ရန်၊ အပင်မကျန်အောင်အစေးခြစ်၍ ပျက်ကွက်မရှိအောင် ဆောင်ရွက်ကာ လူပြည့်ကွက်ပြည့် အစေးခြစ်ခြင်း၊ စောနိုင်သမျှ စောစောအစေးခြစ်ခြင်း ဆောင်ရွက်ရန်နှင့် လျာထားရော်ဘာအထွက်နှင့် သတ်မှတ်ရာနှုန်း ပြည့်မီအောင်ဆောင်ရွက်ရမည့်ကာလ ဖြစ်ပါသည်။

မိုးနှောင်းကာလသည် မိုးတစ်ပြိုက်၊ နေတစ်ပြိုက်ဖြစ်၍ အစေးရည်အတွင်း မိုးရေဝင်၍ အစေးခဲမှုမဖြစ်ပေါ်စေရန် အမိုးနီးယားအသုံးပြုရန်နှင့်ရရှိလာသော အစေးပြားများ မှိုမတက်စေရန်နှင့် ရေရောစပ်ထားသော ဆေးရည်တွင်စိမ်၍ အခြောက်ခံမှိုင်းတိုက်ရန် လိုအပ်ပါသည်။ သို့မှသာ ရော်ဘာအတန်းအစားအလိုက် သတ်မှတ်ထားသော စံချိန်စံညွှန်း ပြည့်မီနိုင်မည်ဖြစ်ပါသည်။ ထိုသို့ လုပ်ငန်းစဉ်အလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို အချိန်ကိုက်ဆောင်ရွက်ခြင်းဖြင့် အောင်မြင်သောရော်ဘာစိုက်ပျိုးရေးလုပ်ငန်းကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။

ရော်ဘာစိုက်တောင်သူများအနေဖြင့် ရော်ဘာစိုက်ပျိုးရေးလုပ်ငန်းနှင့်ပတ်သက်၍ သိရှိလိုသည်များရှိပါက နေပြည်တော်ရုံးအမှတ် (၅၀) ရှိ နှစ်ရှည်သီးနှံဌာနခွဲနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ နှစ်ရှည်ပင်များ သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေး ဌာန/ခြံများသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သတင်းကောင်းပါး တင်ပြလိုက်ရပါသည်။ ။

No comments:

Post a Comment